Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ပထမဆုံး နျူကလီယာ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ဒါကာ အစိုးရနှင့် ရုရှားနိုင်ငံတို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။ စွမ်းအင် လိုအပ်ချက် ကြီးမားလျက် ရှိသော တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ပထမဆုံး နျူကလီယာ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် ရုရှားနှင့် ယင်းသို့ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အဏုမြူ စွမ်းအင် ကော်မရှင်မှ အရာရှိကြီးတစ်ဦးက နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးမှု အခြေအနေများ တိုးတက်လျက် ရှိကြောင်း AP သတင်းဌာနသို့ ပြောကြားသည်။

"ရုရှားနဲ့ ကျွန်တော်တို့ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ အတွက် စာချုပ် အနည်းငယ် ထပ်ချုပ်ဖို့သာ လိုပါတော့တယ်" ဟု အမည် မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးက ဆိုသည်။

နှစ်နိုင်ငံ သဘော တူညီချက်အရ  ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နျူကလီယာ စက်ရုံ ဒီဇိုင်း ရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရုရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် အင်ဂျင်နီယာများကို နည်းပညာ ဆိုင်ရာများ သင်တန်း ပို့ချပေးခြင်း၊ စက်ရုံ ပြုပြင် ထိန်းသိမ်းရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

ယခု မေလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ်အတွင်း နျူကလီယာ သဘော တူညီမှုများကို အဆုံးသတ် လက်မှတ် ရေးထိုးနိုင်မည်ဟု ဆိုသည်။

ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စအတွက် အစီရင်ခံစာ မူကြမ်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့သည့် ဧပြီလတွင် လက်ခံ အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဖြစ်ပေါ်နေသော စွမ်းအင် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မြို့တော် ဒါကာ မြောက်ဘက် ၇၅ မိုင် အကွာအဝေးရှိ Rooppur မြို့တွင် နျူကလီယာ စက်ရုံ တည်ဆောက်လိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စွန့်ဦး တီထွင် စီးပွားရေး သမားများက စွမ်းအင် လိုအပ်ချက်ကြောင့် နိုင်ငံတွင်း စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုကို လွန်စွာ ထိခိုက်စေကြောင်း၊ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော စွမ်းအင်စက်ရုံများနှင့် ဓာတ်ငွေ့ စွမ်းအင်သုံး စက်ရုံများသည် လုံလောက်သော လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ပြောကြားသည်။

လူဦးရေ သန်း ၁၅၀ ခန့် ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် တစ်နေ့လျှင် လျှပ်စစ်စွမ်းအင် မီဂါဝပ် ၂၀၀၀ ခန့် လိုအပ်လျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ယခုနှစ်များ အတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ကျသွားခဲ့ကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုအခါ နျူကလီယာ စွမ်းအင် အပါအဝင် ကျောက်မီးသွေး စွမ်းအင် စက်ရုံများလည်း တည်ဆောက်ရန် နည်းလမ်း ရှာဖွေလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်တွင် ကျောက်မီးသွေးတွင်း ၆ ခု ရှိပြီး တန်ချိန် ၃ ဒဿမ ၃ ဘီလီယံ ခန့် ထုတ်ယူရန် ကျန်ရှိသေးကြောင်း စာရင်း ဇယားများအရ သိရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment