Transparency Myanmar

transparency.myanmar@gmail.com

DVB News, 28th May 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ မခေါ်ဘဲလာမည့် အမေရိကန် ဆီနိတ်တာ Jinn Webb နှင့် တွေ့ဆုံရန် ငြင်းပယ်ဖွယ် ရှိနေသည်ဟု သဘာရင့် NLD ပါတီဝင် ဦးဝင်းတင်က ပြောကြားလိုက်သည်။

တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်မည့် အာရှ ခရီးစဉ်၏ တစိတ်တပိုင်း အဖြစ် Jim Webb သည် မြန်မာနိုင်ငံသို့ ယခု တပတ်တွင် လာရောက်ရန် စီစဉ်ထားသည်။ ၎င်းသည် ၂၀၀၉ သြဂုတ်လက မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခြံထဲသို့ ရေကူး ဝင်ရောက်မှုဖြင့် အချုပ်ခံနေရသည့် အမေရိကန် နိုင်ငံသား John Yettaw ကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း ဦးဝင်းတင်က "ယခုတစ်ခေါက် ခရီးစဉ်ကို NLD ပါတီဝင်များက ကြိုဆိုမည် မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံချင်လိမ့်မည်ဟု မထင်ကြောင်း"  ဆက်လက် ပြောကြားသည်။

Jim Webb သည် အငြင်းပွားဖွယ် Yettaw ကို အမေရိကန်သို့ အောင်မြင်စွာ ပြန်ခေါ် သွားသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် အစိုးရကို ဖိအား မပေးနိုင်သည့် အတွက် မြန်မာ ဒီမိုကရေစီ အင်အားစုများ၏ ပြစ်တင် ဝေဖန်ခြင်းကို ခံခဲ့ရသည်။

၎င်း၏ အရေးယူ ပိတ်ဆို့မှု ဖယ်ရှားရေး သဘောထားမှာလည်း စစ်အစိုးရ အပေါ် ပျော့ပြောင်း လွန်းသည်ဟု အချို့က ရှုမြင်ကြသည်။ ၎င်း၏ ယခု ခရီးသည် အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ဆီနိတ်တွင် ပြောဆိုနေမှုများနှင့် ပတ်သက် ဆက်စပ်နိုင်သည်ဟု ဦးဝင်းတင်က မေးခွန်းထုတ်သည်။

"ဒီတခါရော အရေးယူ ပိတ်ဆို့မှု ရုတ်သိမ်းဖို့ ထပ်ပြောဦးမှာလား။ အရေးယူမှုတွေ အဆုံးသတ်ဖို့ အတွက် စစ်အစိုးရကို အကြံဥာဏ် ပေးဦးမှာလား၊ ဒီလိုဆိုရင်တော့ ကျွန်တော်တို့က ထောက်ခံမှာ မဟုတ်ပါဘူး" ဟု ဦးဝင်းတင်က ပြောင်ပြောင် တင်းတင်း ပြောဆိုသည်။

ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင် ထားသော ပြည်ထောင်စု ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံသို့ ယခင်လက လာရောက်ခဲ့သော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ထံ တင်ပြခဲ့သည်နှင့် အလားတူ အဆိုပြုချက် ၃ ရပ်ကို Jim Webb ထံ တင်ပြလိုသည်ဟု ပြောကြားခဲ့သည်။

တကယ်လို့ အစိုးရက တရားမျှတမှုကို ပြသချင်တယ်ဆိုရင် ရွေးကောက်ပွဲတွေကို စောင့်ကြည့်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ အကဲခတ် ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ရပါမယ်။ ဒီလိုလုပ်ဖို့ အတွက် မြန်မာအစိုးရကို စည်းရုံးပေးဖို့ Jim Webb ကို တောင်းဆိုမှာပါဟု ၎င်းက ပြောဆိုသည်။

စစ်အုပ်ချုပ်ရေး အမြစ်တွယ်အောင် ရည်ရွယ်၍ လှည့်ဖြားမှုဟု အများက သတ်မှတ်ထားကြသော ရွေးကောက်ပွဲများ မတိုင်မီ စစ်ဖက်နှင့် အရပ်ဖက် ပုဂ္ဂိုလ်များ ပါဝင်သော ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး အတွက် အစိုးရကို တိုက်တွန်းပေးရန် Jim Webb ကို တောင်းဆိုမည်ဟုလည်း ၎င်းက ပြောကြားသည်။

ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာရေးကို ဆွေးနွေးရန် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရန် လာရောက်မည့် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်နှင့် Jim Webb ၏ ခရီးစဉ်တို့ တိုက်ဆိုင်နေသည်။ တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်ရေး ပမာဏမှာ ယခင်နှစ်က အမေရိကန် ဒေါ်လာ ၂.၉ ဘီလျံသို့ ရောက်ရှိခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment