Transparency Myanmar

transparency.myanmar@gmail.com

         မြန်မာနိုင်ငံတွင် ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းမှု အခြေအနေကို စစ်ဆေးနိုင်ရေးအတွက် ကျွမ်းကျင်သူ များ စေလွှတ်ရန် ဥရောပသမဂ္ဂ (အီးယူ) ၏ ကြိုးပမ်းချက်မှာ ယခုအချိန်အထိ မပြီးပြတ်သေးကြောင်း အီးယူ နိုင်ငံခြားရေးရာ ဌာနက ဆိုသည်။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် ဥရောပ သမဂ္ဂမှ ဝန်ကြီး ၂၇ ဦးနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများ တွေ့ဆုံ ညစာစားပွဲတွင် အီးယူ နိုင်ငံခြားရေး ဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းမှု အခြေအနေကို လေ့လာရန် ကျွမ်းကျင်သူများ စေလွှတ်နိုင်ရေးအတွက် မည်သို့ ဖိအားပေးမည် ဟူသော ကိစ္စမှာ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်က လုပ်ဆောင်ရမည် မဟုတ်ကြောင်း၊ ယင်းကိစ္စသည် အီးယူ အဖွဲ့ဝင် နိုင်ငံများက လုပ်ဆောင်ရမည်သာ ဖြစ်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် Maja Kocijancic က ပြောကြားသည်။

"ကျွန်မတို့ ဒီကိစ္စကို ဆောင်ရွက်ချင်ပါတယ်။ ဒါပေမဲ့ ခုချိန်ထိ အဆုံး မသတ်နိုင်သေးပါဘူး" ဟု သူမက ပြောသည်။ အဆိုပါ အိုင်ဒီယာမှာ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၏ လက်ဝယ်တွင်သာ ရှိနေခဲ့ကြောင်းလည်း ဖြည့်စွက် ပြောဆိုသည်။

စပိန်နိုင်ငံမှ အရာရှိကြီး တစ်ဦးက မြန်မာနိုင်ငံသို့ စုံစမ်းလေ့လာရေး မစ်ရှင် စေလွှတ်ပြီး ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးမည့် ကိစ္စမှာ လွန်စွာ ရှုပ်ထွေးနက်နဲပြီး လွန်စွာမှလည်း သိမ်မွေ့ နူညံ့လွန်းကြောင်း ပြောဆိုသည်။ မြန်မာနိုင်ငံမှ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်၊ မရမည် ဟူသော ကိစ္စမှာလည်း အာမခံနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အီးယူ နိုင်ငံခြားရေးရာ ဌာန အကြီးအကဲ Catherine Ashton ကလည်း အီးယူနှင့် အာဆီယံ၏ ပူးတွဲ တောင်းဆိုချက် ဖြစ်သော မြန်မာနိုင်ငံတွင်း ယုံကြည် စိတ်ချရပြီး ပွင့်လင်းမြင်သာမှု ရှိကာ နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရှိမည့် ရွေးကောက်ပွဲ တစ်ရပ် ပေါ်ထွန်းနိုင်ရေး အတိုင်း ဖိအားပေး ပြောဆိုသည်။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲ၌ ဝန်ကြီးများ အားလုံးက "မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ရွေးကောက်ပွဲ၌ ပါဝင်စေလိုကြောင်း၊ သို့မှသာ သက်ဆိုင်သူ အားလုံး ပါဝင်မှု ရှိသည့် ဒိုင်ယာလော့ခ် တစ်ခုကို ငြိမ်းချမ်းစွာ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း" တိုက်တွန်း ပြောဆိုသည်။

ထို့ပြင် ဝန်ကြီးများက ဖမ်းဆီး ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ရန်လည်း ရည်ညွှန်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD)သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို မလွဲမသွေ ထုတ်ပယ်ရမည် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ဤအတောအတွင်းမှာပင် NLD ပါတီက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်ကို မေလ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

AP ဌာန၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment