Transparency Myanmar

transparency.myanmar@gmail.com

CNN News, 30th May 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု၏ အကျိုးဆက်အဖြစ် ပြင်းထန်သော ပဋိပက္ခများ မဖြစ်အောင် ရှောင်ရှားရန် ကိုရီးယား ကျွန်းဆွယ် ပါဝင်သော အရှေ့မြောက် အာရှဒေသက ငြိမ်းချမ်းရေး အတွက် တွန်းအားပေးရမည်ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တနင်္ဂနွေနေ့တွင် ပြောကြားကြောင်း အစိုးရ သတင်းများတွင် ဖော်ပြသည်။

"အရှေ့မြောက် အာရှဒေသ တည်ငြိမ် အေးချမ်းအောင် ကျွန်တော်တို့ လုပ်လို့ရသမျှ နည်းလမ်း ပေါင်းစုံနဲ့ အားပေးရမယ်" ဟု ဝမ်က ပြောကြားကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန အဆိုအရ သိရသည်။ "ဒီကြီးမားတဲ့ ပြဿနာ အပေါ်မှာ တစ်ဦးကို တစ်ဦး မထိခိုက်အောင် ရှောင်ရှားသင့်တယ်။ အကဲခတ်တဲ့ ကိစ္စကို အကျိုးသင့် အကြောင်းသင့် ဆွေးနွေးသင့်တယ်။ နိုင်ငံရေးအရ ယုံကြည်မှုကို တည်ဆောက်ရမယ်" ဟု ဝမ်က ပြောဆိုခဲ့သည်။

တောင်ကိုရီးယား ဂျေဂျူးကျွန်းတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်၊ ဂျပန် ဝန်ကြီးချုပ် ယူကီယို ဟာတိုယာမတို့နှင့် နှစ်ရက်ကြာ အစည်းအဝေး အပြီး၌ သတင်းထောက်များအား ပြောကြားသည့် ဝမ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဒေသတွင်း တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းဆွေးနွေးပွဲကို သင်္ဘောသား ၄၆ ဦး အသက်ဆုံးရှုံးခဲ့သည့် ချိုနန် သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယား ပစ်ခတ်သော တိုပီဒိုကြောင့် ဖြစ်ကြောင်း စွပ်စွဲသည့် အစီရင်ခံစာ မထုတ်ပြန်မီကပင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သမ္မတ 'လီ' က ယခုကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြရန် ၎င်း၏ အစိုးရက စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ရန် ကြိုးစားသည့် ဆောင်ရွက်မှု မှန်သမျှ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးစွဲခွင့် ရှိသည့် တရုတ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို လိုအပ်သည်။

တောင်ကိုရီးယား အစီရင်ခံစာ၏ စွပ်စွဲချက်ကို မြောက်ကိုရီးယားက ငြင်းဆိုထားသည်။ မြောက်ကိုရီးယား၏ အဓိက နိုင်ငံတကာ ကျောထောက်နောက်ခံ တရုတ်နိုင်ငံကလည်း ယခု ပြဿနာတွင် လူသိရှင်ကြား ပါဝင်ရန် ရှောင်ရှားနေခဲ့သည်။

ယခုကိစ္စတွင် ရှင်းလင်းစွာ ရပ်တည်ရန် တောင်ကိုရီးယားက နိုင်ငံရေးအရ ဖိအား ပေးခဲ့သော်လည်း 'ဝမ်' ၏ တနင်္ဂနွေနေ့က မှတ်ချက်ပေးမှုတွင် မြောက်ကိုရီးယားကို တိုက်ရိုက် ရည်ညွှန်း ပြောကြားခြင်း မရှိခဲ့ဟု Yonhap သတင်းဌာနက ထုတ်ပြန်သည်။

ထို့အပြင် သောကြာနေ့က ဆိုးလ်တွင် သမ္မတ လီမြောင်ဘက်နှင့် ဆွေးနွေးစဉ် အတွင်း ဝမ်ကျားပေါင်က "သင်္ဘော နစ်မြှုပ်မှု အပေါ် တောင်ကိုရီးယား၏ စုံစမ်း စစ်ဆေးရေး ရလဒ်များကို လက်ခံရန် တရုတ်က မဆုံးဖြတ်ရသေး" ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောဆိုသည်။

ချိုနန် နစ်မြုပ်မှုသည် အရှေ့မြောက် အာရှဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့နှင့် ဆက်စပ်နေသော ပြဿနာကိစ္စ တစ်ခု ဖြစ်သည်ဆိုသော အချက်ကို ခေါင်းဆောင်များက သဘောတူ ညီမျှခဲ့ကြသည်ဟု ဟာတိုယာမက တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းများအရ သိရှိရသည်။

ယခုကိစ္စကို သင့်မြတ် လျှော်ကန်စွာ ထိထိရောက်ရောက် ကိုင်တွယ်ရန်နှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရေး အတွက် ဆက်လက် ညှိနှိုင်း တိုင်ပင် သွားကြရန် ဝမ်ကျားပေါင်၊ ဟာတိုယာမတို့နှင့် သဘောတူညီခဲ့သည်ဟု 'လီ' က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း Yonhap က သတင်းထုတ်ပြန်သည်။

၂ ရက်ကြာ ထိပ်သီး ဆွေးနွေးပွဲ အတွင်း ကုန်သွယ်ရေးနှင့် နျူကလီယာ လက်နက် ကိစ္စ အပါအဝင် ဒေသတွင်း စီးပွားရေးနှင့် နိုင်ငံရေး ကိစ္စများကို ခေါင်းဆောင်များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အရှေ့မြောက် အာရှဒေသရှိ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စီးပွားရေး အောင်မြင် ကြွယ်ဝမှုများ တည်မြဲစေရန် ကိုရီးယား ကျွန်းဆွယ် နျူကလီယာ ကင်းစင်မှုက ကြီးမားစွာ အထောက်အကူ ပြုလိမ့်မည် ဟူသော အချက်ကို သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက်တွင် ခေါင်းဆောင်များက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment