Transparency Myanmar

transparency.myanmar@gmail.com

Lex Rieffel ၏ အထူးအစီရင်ခံစာ, May 2010

ယခု အစီရင်ခံစာသည် အရှေ့တောင်အာရှ၏ ဒုက္ခအရောက်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ၏ လက်ရှိအကြပ်အတည်းကာလ စီးပွားရေး အနေအထားကို လေ့လာထားသော အစီရင်ခံစာ ဖြစ်သည်။ တိုင်းရင်းသားများနှင့် မတူညီသော ဘာသာရေးများကို အခြေခံသော ပဋိပက္ခ အငယ်စားများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တငွေ့ငွေ့ လောင်ကျွမ်းလျက် ရှိသည်။ တိုင်းပြည် အုပ်ချုပ်သော စစ်ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိမ်နှင်းလျက် ရှိသည်။ ယခု ၂၀၁၀ မကုန်မီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်း ရမည့်အစား စစ်တပ်မျိုးဆက်သစ် အရာရှိများထံသို့ အာဏာ လွှဲပြောင်းခြင်းသာ ဖြစ်ပေသည်။ ယခု အစီရင်ခံစာမှာ USIP ၏ Center for Sustainable Economics တွင် ကြီးမှူး ကျင်းပသော မြန်မာနိုင်ငံ၏ စီးပွားရေး ပုံသဏ္ဍာန်ကို အလေးပေး ဆွေးနွေးသည့် တစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အနှစ်ချုပ် တင်ပြထားခြင်းဖြစ်သည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာ့စီးပွားရေး အဓိက ရှုဒေါင့်များ အတွက် ကျွမ်းကျင်သူများ၊ ကွန်ဂရက်၊ အမေရိကန်အစိုးရ ဋ္ဌာနများနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးနှင့် တိုက်ရိုက် ပတ်သက်သော အေဂျင်စီများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် မက်ခရို စီးပွားရေး မူဝါဒ (macro-economic) ၊ အထူး ထုတ်နုတ်ထားသော ကဏ္ဍများနှင့် စိုက်ပျိုးရေး ကဏ္ဍများကို အလေးထား ဆွေးနွေးကြသည်။ နိဂုံးချုပ် ဆွေးနွေးပွဲတွင် ပါမောက္ခ Joseph Stiglitz က ပိုမို အလုပ်ဖြစ်မည့် လယ်မြေပိုင် စီးပွားရေး အကြောင်း ဆွေးနွေးသွားသည်။

ယခု အစီရင်ခံ စာရေးသူ Lex Rieffel သည် Brookings Institution မှ အကြီးတန်း Fellow တစ်ဦး ဖြစ်ပြီး ၎င်း၏ မကြာသေးမီက သုတေသနမှာ အရှေ့တောင် အာရှမှ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံရှိ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဖြစ်သည်။

အစီရင်ခံစာ အကျဉ်းချုပ်

မြန်မာအစိုးရသည် အရေးကြီးသော အသွင် ကူးပြောင်းရေး ကာလကို ဖြတ်သန်းလျက် ရှိသည်။ မြန်မာ အစိုးရသည် ၂၀၁၀ခုနှစ် မကုန်မီတွင် ၂၀၀၈ ခုနှစ် က အတည်ပြုခဲ့သော ဒီမိုကရေစီ လုပ်ငန်းစဉ်အရ မဟုတ်ဘဲ ရေးဆွဲခဲ့သော အခြေခံ ဥပဒေကို အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲသည် နိုင်ငံတကာ အများလက်ခံသည့် စံများနှင့် မညီခဲ့ပါ။ ထို့နည်းတူစွာပင် ယခုရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရသည် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင်သည်ဟု ရှုမြင်မှုများနှင့် လည်းကောင်း၊ သက်ဆိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲသည် နာဂစ်မုန်တိုင်းတွင် စတင်ခဲ့သော နိုင်ငံတကာ ပါဝင်မှုမျိုးကဲ့သို့သော ကိစ္စမျိုးများ အတွက် အခွင့်အလမ်း ပေါ်ထွက်လာလိမ့်မည် ဟု မျှော်လင့်ရပေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ဆောင်ချက်များသည် သူများတကာထက် နှေးကွေးလှသည်။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် လူမှုစီးပွားရေး ညွှန်းကိန်းများအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ရှိနေသည်။ ထိုသို့ ဖြစ်ရခြင်း အချက်တစ်ခုမှာ တိုင်းရင်းသားများနှင့် မတူညီသော ဘသာရေး အယူအဆများကို အခြေခံသည့် ပြည်တွင်း ပဋိပက္ခများ၏ တငွေ့ငွေ့ လောင်ကျွမ်းမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ပါလီမန် အစိုးရ ကျဆုံးပြီးကတည်းက အစဉ်အဆက် အုပ်ချုပ်လာခဲ့သော စစ်အစိုးရများသည် ၎င်းတို့ကို လူထု ထောက်ခံမှု ပျောက်ဆုံးသွားအောင် စီမံခန့်ခွဲခဲ့ကြပြီး၊ တိုင်းပြည်၏ များပြားလှသော သဘာဝ သယံဇာတများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့ကြသည်။ တိုးတက်မှု မရှိသော စီးပွားရေး မူဝါဒများနှင့် ၁၉၈၈ ကတည်းက အစိုးရ ဆန့်ကျင်သူများအပေါ် သွေးထွက်သံယို နှိပ်ကွပ်မှုများသည် နိုင်ငံရေးနှင့် စီးပွားရေး ဒုက္ခသည် သုံးသန်းခန့်ကို မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရသည်။

သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာ ကျသော နေရာ၌ ရှိနေသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ အဓိက သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချသူ ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ် မတိုင်မီကကဲ့သို့ အဓိက စိုက်ပျိုးရေး ပို့ကုန် တင်ပို့သူ ဖြစ်နိုင်သည်။ ထို့အပြင် အာဆီယံ၏ ရည်မှန်းချက် ဖြစ်သော ၂၀၁၅ တွင် တစ်စုတစ်စည်းတည်း ဖြစ်ရေး အတွက် မြန်မာနိုင်ငံသည် အငြင်းပွားဖွယ် အကြီးဆုံး အတားအဆ်ီး တစ်ခု ဖြစ်လာနိုင်ပေသည်။ ၎င်း၏ ပြည်တွင်း ပဋိပက္ခများသည် တရုတ်နှင့် အိန္ဒိယကြားတွင် တင်းမာမှုများကို ဖြစ်စေမည် ဖြစ်သည်။

ဖြစ်ပေါ်လာမည့် အစိုးရသည် စီးပွားရေး တိုးတက်မှု အဆက်မပြတ် ဖြစ်ပေါ်စေနိုင်သော စီးပွားရေး မူဝါဒများ စဉ်းစားလိမ့်မည်ဟု မျှော်လင့်ချက် ရောင်ခြည် သန်းနေပေသည်။ သို့မှသာ နိုင်ငံရေးအရ ပြန်လည် ပေါင်းစည်းရေး ဝန်းကျင် တိုးတက်လာနိုင်မည် ဖြစ်သည်။ သို့မှသာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိန်ခေါ်မှုများ အတွက် လမ်းကြောင်းသစ် အတိုင်း စီးပွားရေး မူဝါဒ ပြောင်းလဲမှုများကို အကူအညီပေးနိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာမည် ဖြစ်ပြီး၊ စစ်တပ် အုပ်စိုးသူများ၏ နောက်ပြန်သွားသော အယူအဆများ အသစ်တဖန် မစတင်နိုင်ရေး ကလည်း လိုအပ်လှပေသည်။ စီးပွားရေး မူဝါဒ ပြောင်းလဲမှုများမှာ ခက်ခဲနိုင်ပြီး၊ စိတ်ရှည်သော စီးပွားရေး မဟာဗျူဟာတွင် အရေးယူ ပိတ်ဆို့မှုများ၊ အာဆီယံမှ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment