Transparency Myanmar

transparency.myanmar@gmail.com

BBC News, 29th May News

နျူကလီယာ မပြန့်ပွားရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံပေါင်း ၂၀၀ နီးပါးသည် အရှေ့ အလယ်ပိုင်းဒေသတွင် နျူကလီယာ လက်နက် ကင်းမဲ့ဇုန် ဖြစ်လာရေး အတွက် ဦးတည် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

နျူကလီယာ ကင်းမဲ့ဇုန် ထူထောင်ရေး အတွက် အီရန် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများ တက်ရောက်မည့် ညီလာခံ တစ်ခု ၂၀၁၂ တွင် ကျင်းပရန် နယူးယောက် ကုလသမဂ္ဂ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြသည်။

တခဲနက် သဘောတူခဲ့ကြသည့် သဘောထား စာတမ်းတွင် နျူကလီယာ မပြန့်ပွားရေး  စာချုပ်ကို အစ္စရေးလည်း လက်မှတ်ထိုးသင့်သည်ဟု ဖော်ပြထားသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမားက အထက်ပါ သဘောတူညီချက်ကို ထောက်ခံခဲ့သော်လည်း အစ္စရေးကို အစ ဆွဲထုတ်ခြင်းအတွက် အပြင်းအထန် ကန့်ကွက်သည် ဟု ပြောကြားခဲ့သည်။

၂၀၁၂ စည်းဝေးပွဲသို့ အစ္စရေး တက်ရောက်စေရန် စည်းရုံးခြင်းသည် အောင်မြင်ရန် အလားအလာ မရှိသည့် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

အဆိုပါ သဘောတူ စာတမ်းသည် အလိမ်အညာသာ ဖြစ်သည် ဟု နောက်ပိုင်းတွင် အစ္စရေး အရာရှိ တစ်ဦးက ဝေဖန် တိုက်ခိုက်လိုက်သည်။

"အစ္စရေးကိုပဲ ခေါင်းစဉ် တပ်ပြောတာကတော့ ဆိုးပါတယ်၊ နျူကလီယာ လက်နက်ပိုင်ထားတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံတွေကိုတော့ ထည့်မပြောဘဲ ငြိမ်နေကြတယ်၊ နျူကလီယာ လက်နက်ပိုင်ဖို့ ကြိုးစားနေတဲ့ အီရန်ဆိုရင် အဆိုးဆုံးပေါ့ဗျာ '' ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက AFP သို့ ပြောကြားလိုက်သည်။

အရေးကြီးသော အဆင့်

ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေး ကြိုးပမ်းမှုများအတွက် အလွန်အရေးပါသည့် နျူကလီယာ သဘောတူ စာချုပ်ခိုင်မြဲရေး တစ်လကြာ ညီလာခံ နောက်ဆုံးနေ့တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် စာမျက်နှာ ၂၈ မျက်နှာပါ အပြီးသတ် ကြေညာစာတမ်းကို အဖွဲ့ဝင် ၁၈၉ နိုင်ငံက သဘောတူခဲ့ကြသည်။

နျူကလီယာ လက်နက်နှင့် အခြား အဖျက်စွမ်းအင်ကြီး လက်နက်များ ကင်းလွတ်ဇုန် ထူထောင်ရေး အတွက် သဘောတူညီချက် ရရှိအောင် ၂၀၁၂ တွင် အရှေ့အလယ်ပိုင်း နိုင်ငံများကို အစည်းအဝေး ခေါ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အား ယခု ကြေညာစာတမ်းတွင် တောင်းဆိုထားသည်။

အပြီးသတ် ကြေညာစာတမ်းကို အတည်ပြု ပြီးနောက်  ဖိလစ်ပိုင် ကိုယ်စားလှယ် ညီလာခံ  သဘာပတိ Libran Cabactulan က "တစ်ကမ္ဘာလုံးက မျက်လုံးတွေ အားလုံး ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ်'' ဟု ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲ ၁၁၈ နိုင်ငံ၏ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ ကိုယ်စား အီဂျစ်မှ Maged Abedelaziz က ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး "နျူကလီယာ မပြန့်ပွားရေး စာချုပ်၏ ပန်းတိုင်နှင့် ရည်မှန်းချက်များ အမှန်တကယ် ဖြစ်လာစေရန် ဦးတည်သည့် အရေးကြီးသော ခြေလှမ်း တစ်ခု လှမ်းလိုက်ခြင်း'' ဟု ပြောကြားခဲ့သည်။

အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြသော သံတမန်များသည် သောကြာနေ့ အစည်းအဝေး ပြန်မစမီ ကြာသပတေးနေ့ ညနက်ပိုင်း အထိအောင် ဆွေးနွေးခဲ့ကြသည် ဟု သိရှိရသည်။

ခက်ခဲသော အရာရှိ အနက် တစ်ခုမှာ နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင် မဟုတ်သော အစ္စရေးနှင့် ပတ်သက်နေပြီး အဆိုပါ နိုင်ငံတွင် နျူကလီယာ လက်နက်များ ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်ထားကြသော်လည်း အစ္စရေး တို့ကမူ ပိုင်ဆိုင်သည်ဟု ဝန်မခံခဲ့ဖူးပေ။

အာရပ်နိုင်ငံများနှင့် အစ္စရေး၏ မဟာမိတ်များသည် နျူကလီယာ ကင်းလွတ်ဇုန် အဆိုပြုချက်နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိအောင် ခက်ခက်ခဲခဲ ဆောင်ရွက်ကြရလိမ့်မည် ဖြစ်သည်။

ကြေညာထားခြင်း မရှိသည့် နျူကလီယာ လက်နက်တိုက်နှင့် ပတ်သက်၍ ဆွေးနွေးရန် မလိုလားသည့် အစ္စရေး နိုင်ငံအပေါ် ဖိအားပေးရန် အာရပ်နိုင်ငံများက ဆန္ဒရှိနေသည်ဟု သတင်းထောက်များက ပြောကြားသည်။

ကမ္ဘာသိ နျူကလီယာ လက်နက်ပါဝါ ၅ နိုင်ငံ အနေဖြင့် ၎င်းတို့၏ လက်နက်များကို ဖျက်သိမ်းရေး အတွက် စေ့စပ်ညှိနှိုင်း သဘောတူ စာချုပ် ချုပ်ရန် အချိန်ဇယား တစ်ခု သဘောတူကြရေးကို အီရန်က နောက်ပိုင်းတွင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

နောက်ဆုံး သဘောထား ဆုံးဖြတ်ရာတွင် တိကျသော အချိန် ဇယား မရရှိခဲ့သော်လည်း နျူကလီယာ လက်နက်ပါဝါ ၅ နိုင်ငံက ၎င်းတို့၏ နျူကလီယာ လက်နက်လျှော့ချရေး ဦးတည်သည့် ပြောင်းလဲ တိုးတက်မှုများကို အရှိန်မြှင့်ရန် ကတိပြုခဲ့ကြပြီး အဆိုပါ ကိစ္စကို ၂၀၁၄ တွင် ပြန်လည် အစီရင်ခံကြမည် ဖြစ်သည်။

အီရန် အနေဖြင့်လည်း လက်နက် ထုတ်ရန် ရည်ရွယ်သည်ဟု အနောက်နိုင်ငံများက ယုံကြည်ထားသည့် ၎င်း၏ နျူကလယာ အစီအစဉ်နှင့် ပတ်သက်၍ အဖန်တလဲလဲ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ တီဟီရန် ကမူ စွမ်းအင် လိုအပ်ချက်များ ပြည့်မီရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ခုခံပြောကြားခဲ့သည်။

နျူကလီယာ မပြန့်ပွားရေး အဖွဲ့ဝင် ဖြစ်သည့် အီရန်က သဘောတူ စာချုပ်ပါ စည်းကမ်းများ အောက်တွင် ဆက်လက် လုပ်ဆောင်မည်ဟု ဆိုသည်။

အီရန်နှင့် မြောက်ကိုးရီးယားတို့၏ သံသယ ဖြစ်ဖွယ် နျူကလီယာ အစီအစဉ်များကို လေ့လာ စောင့်ကြည့်ရန် အကောင်းဆုံး နည်းလမ်းများ ထွက်ပေါ်ရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

နျူကလီယာ လက်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လူသိများသည့် အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယားနှင့် အစ္စရေး တို့သည် မပြန့်ပွားရေး စာချုပ် လက်မှတ်ထိုးထားသော နိုင်ငံများ မဟုတ်ကြပါ၊ နျူကလီယာ မပြန့်ပွားရေး သဘောတူ စာချုပ်ပါ တစ်စုံတစ်ရာကို ၎င်းနိုင်ငံများက လိုက်နာကြမည် မဟုတ်ပါ။

နျူကလီယာ မပြန့်ပွားရေး ညီလာခံကို ၅ နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာတွင် ၂၀၀၅ ခုနှစ် နောက်ဆုံး ညီလာခံတွင် တခဲနက် သဘောတူ ကြေညာချက်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment