Transparency Myanmar

transparency.myanmar@gmail.com

ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော Benigno Noynoy Aquino သည် အာဆီယံနိုင်ငံ ခေါင်းဆောင်များတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ထိထိရောက်ရောက် ပြောဆိုပေးသူ တစ်ဦးအဖြစ် ရပ်တည်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံရေး လှုပ်ရှားသူများပါဝင်သော အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်သည်။

"Noynoy အနေနဲ့ မိမိရဲ့မိခင်ဖြစ်သူ ရပ်တည်ပြောဆိုခဲ့တဲ့ ပုံစံအတိုင်း မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်သူ သမ္မတတစ်ဦးလိုနေသွားဖို့ ကျွန်တော်တို့က တိုက်တွန်း လိုက်ပါတယ်" ဟု Free Burma Coalition အဖွဲ့မှ ဖိလစ်ပိုင်လူမျိုး ပြောခွင့်ရပုဂ္ဂိုလ် Aguinaldo Bans ကပြောကြားသည်။

ဖိလစ်ပိုင်သမ္မတသစ်ဖြစ်မည့် Noynoy Aquino သည် မြန်မာစစ်အစိုးရကို နိုင်ငံရေး ဖိအားပေးရာတွင် အာဆီယံကို ကောင်းစွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ "မြန်မာစစ်အစိုးရလိုမျိုး အာဏာရှင်စနစ် ကျင့်သုံးတဲ့ အစိုးရစနစ်မျိုးကို ဖိလစ်ပိုင်တွေက ရွံရှာမုန်းတီးတယ် ဆိုတဲ့ အချက်ကို သူ့အနေနဲ့ ထုတ်ဖော်ပြသရမှာပါ" ။

ယခင်သမ္မတဟောင်း Corazon Aquino (Noynoy ၏မိခင်) သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ Free Burma Coalition အဖွဲ့မှ အဖွဲ့ဝင်များသည် Davao နှင့် Makati မြို့များတွင် မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ရှုတ်ချသည့် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကိုကြည့်ပါက မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို မည်သို့မျှ အကျိုးအမြတ် မဖြစ်ထွန်းနိုင်ဟူသော အချက်ကိုတွေ့မြင်ရကြောင်း FBC ကဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်ဘက်ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ထွန်းဖို့ လိုအပ်တယ်။ အခု ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က မျိုးဆက်သစ်တွေ နေရာရဖို့ (သို့) ရွေးချယ်ခံရဖို့ လုပ်နေတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရွေးကောက် တင်မြှောက်လို့ကတော့ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး" ဟု Aguinaldo Bans ကပြောကြားသည်။

Philippine Daily Inquirer မှသတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment