Transparency Myanmar

transparency.myanmar@gmail.com

AP, 3rd June 2010

အမေရိကန် ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ကြာသပတေးနေ့က ဆိုင်းငံ့ထားလိုက်ပြီး မြန်မာစစ်ဖက် အစိုးရသည် မြောက်ကိုးရီးယားနှင့် ပူးပေါင်း၍ နျူကလီယာ အစီအစဉ်ကို တိုးတက် လုပ်ဆောင်နေသည်ဟု စွပ်စွဲချက် အသစ်များ ထွက်ပေါ်လာသောကြောင့် သွားရောက်ရန် အချိန်ကောင်း မဟုတ် ဟု ပြောကြားလိုက်သည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဆီနိတ်တာ Jim Webb ၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ယခု စွပ်စွဲချက်များကို အတည် မပြုရသေးသော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ လက်နက် ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်ကာ မြောက်ကိုးရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သည့် အတွက် စိုးရိမ် ပူပန်မှုများ ရှိနေသည် ဟု ဖော်ပြထားသည်။

"ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးခင်မှာ မြန်မာနိုင်ငံကို သွားမယ် ဆိုရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ဒီအချိန်မှာ သွားမယ်ဆိုရင် ဆန့်ကျင်ဘက် ရလဒ်တွေပဲ ရရှိဖို့ အလားအလာ များပါတယ်'' ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။ မူလက Jim Webb သည် ကြာသပတေးနေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရန် မျှော်လင့်ထားခဲ့သည်။

ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ် လွှတ်တော် အမတ် Jim Webb ၏ ခရီးစဉ် အပြီး နောက်ဆက်တွဲ သွားရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သွားဖြစ်ခဲ့ပါက ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေမည် ဖြစ်သည်။

Jim Webb သည် ယမန်နှစ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ကာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သကဲ့သို့ သူမ၏ ခြံဝင်း အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထောင်ကျနေသော အမေရိကန် လူမျိုး John Yettaw ကို လွတ်မြောက်အောင် ပြုလုပ်ခဲ့သည်။

Jim Webb သည် ၎င်း၏ လတ်တလော အာရှ ခရီးစဉ်တွင် တောင်ကိုးရီးယားနှင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း ၎င်း၏ ယခင်လ ခရီးစဉ်တွင် မြောက်ကိုးရီးယားထံမှ လက်နက် ဝယ်ယူမှုကို တားမြစ်တားသည့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုကို လိုက်နာသင့်ကြောင်း မြန်မာ စစ်ဖက်အစိုးရအား သတိပေးခဲ့သည်။

နျူကလီယာ နည်းပညာများ ပါဝင်သည်ဟု အကဲခတ် အချို့က သံသယ ရှိနေသော မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယား လက်နက် ဝယ်ယူမှု အပေါ် စိုးရိမ်ပူပန်နေသည့် ဝါရှင်တန်၏ ပြင်းထန်သော နောက်ဆုံး သတိပေးချက်ဟု ယူဆဖွယ် ကြေညာချက်ကို အစိုးရ အဖွဲ့ ဝန်ကြီးများစွာနှင့် တွေ့ဆုံ အပြီးတွင် Jim Webb က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွင် မြောက်ကိုးရီးယား လက်နက် တင်ပို့မှု အားလုံးကို ပိတ်ပင်ထားခြင်း၊ မြောက်ကိုးရီးယား၏ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း ကုန်စည် သယ်ဆောင်မှုများကို စစ်ဆေးရန် ကောင်စီ အဖွဲ့ဝင် နိုင်ငံများအား အာဏာ အပ်နှင်းထားခြင်းနှင့် အရေးယူမှုကို ချိုးဖောက်သည့် ကုန်စည် ပို့ဆောင်မှုများကို လိုအပ်ပါက သိမ်းဆည်း ဖျက်ဆီးခွင့် ပေးထားခြင်း စသည့် အချက်များ ပါဝင်သည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာရန် မြန်မာခေါင်းဆောင်ပိုင်းက သဘောတူခဲ့သော်လည်း လတ်တလော ဖြစ်ရပ်များကြောင့် ၎င်းတို့၏ ကတိအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည် ဟု Campbell က ပြောကြားလိုက်သည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲများကို မည်သို့ ကျင်းပမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပါတီ အားလုံး အတွက် ယုံကြည်ထိုက်သော ဆွေးနွေးပွဲ ကျင်းပရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက အလေးပေး တင်ပြခဲ့သည် ဟုလည်း Campbell က ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရသည် အတိုက်အခံများနှင့် လွတ်လပ်သော ကြားနေ အယူအဆရှိသူများကို တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ တစ်ဖက်သတ် ရှေ့တိုး ဆောင်ရွက်ခဲ့သည်။

"အခု အချိန် အထိ မြင်တွေ့ရသမျှကတော့ ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြု လက်ခံမှုကို ရမှာ မဟုတ်ဘူးလို့ ယုံကြည်ရမလို ဖြစ်နေတယ်'' ဟု Campbell က ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုလည်း သတ်မှတ်ခြင်း မရှိသေးပါ။

Campbell ၏ ယခု ခရီးစဉ်သည် ခြောက်လအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဖျက်သိမ်းပြီး ရက်ပိုင်းမျှ အကြာတွင် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေသစ်သည် ဒီမိုကရေစီ မပြည့်ဝ ဟု NLD ပါတီက သတ်မှတ် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သဖြင့် အလိုအလျောက် ဖျက်သိမ်းရသည့် အခြေအနေကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဖက် အစိုးရကို ပစ်မှတ်ထား၍ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့၏ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်သော မှတ်တမ်းများနှင့် ဒီမိုကရေစီ နည်းကျ ရွေးချယ်သော အစိုးရကို အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့မှု တို့ကြောင့် ဖြစ်သည်။

 

 

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment