Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama ရာထူးမှ နုတ်ထွက်သွားပြီးနောက် အာဏာရ ဒီမိုကရက်တစ် ပါတီက ဘဏ္ဍာရေးဝန်ကြီး Naoto Kan ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်သည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ပြုလုပ်သော မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ရွေးကောက် တင်မြှောက်ပွဲ တစ်ရပ် ပြုလုပ်ပြီး မစ္စတာ Naoto Kan အား မစ္စတာ Yukio Hatoyama နေရာတွင် အစားထိုး တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

မစ္စတာ Kan သည် ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် ကက်ဘိနက် အဖွဲ့သစ်ကို ဖွဲ့စည်းမည်ဟု မျှော်မှန်းရကြောင်း Yomiuri Shimbun သတင်းစာက ဆိုသည်။ ဝန်ကြီးချုပ်သစ် ဖြစ်လာပြီးနောက် နာရီပိုင်း အကြာတွင် မစ္စတာ Kan သည် ယခင် ဝန်ကြီးချုပ်ဟောင်း Yukio ထံမှ အမှာစာ တစ်စောင် လက်ခံရရှိခဲ့သည်။

"ကျေးဇူးပြုပြီး ဂျပန်-အမေရိကန် နှင့် ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို အထူး ဂရုစိုက်ပေးပါ" ဟု မစ္စတာ Yukio က အမှာစာတွင် ရေးသားထားသည်။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Yukio သည် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဂျပန်ပြည်သူများနှင့် ဂျပန်နိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေ အမေရိကန် ပြည်ထောင်စုတို့၏ လိုအပ်ချက်များကို မျှတစွာ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိခဲ့ပေ။

ယခု အသစ် တက်လာသော ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ Hatoyama လက်ထက်က ရှိနှင့်ပြီး ဖြစ်သည့် ပြဿနာများ ဖြစ်သော ဘဏ္ဍာရေး မပြေလည်မှု၊ ကြွေးမြီများ မြင့်တက်လာမှု တို့ကို မဖြစ်မနေ ဖြေရှင်းပေးရမည် ဖြစ်ပြီး အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းရေး ကိစ္စကိုလည်း ခေါင်းခံ ဖြေရှင်းရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။ ဂျပန် ပါလီမန် လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ်နေရာ အများဆုံးကို ရယူထားသောကြောင့် မစ္စတာ Kan အနေဖြင့် ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် အသာတကြည် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ပြီးနောက် မိမိအနေဖြင့် ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်းကို ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ဂျပန် နိုင်ငံရေး ကျွမ်းကျင်သူများက ဝန်ကြီးချုပ်သစ် အနေဖြင့် ကက်ဘိနက် အဖွဲ့သစ်ကို အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ လာမည့် ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလ မတိုင်မီ နိုင်ငံရေးအရ မတည်မငြိမ်မှု ဖြစ်ပေါ်နေသည့် ဒီမိုကရက်တစ် ပါတီအား တည်ငြိမ်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သုံးသပ်သည်။ မေလ ၄ ရက်နေ့ ပါတီတွင်း မိန့်ခွန်းပြောရာ၌ မစ္စတာ Kan က "ဂျပန်-အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးကို ဂျပန် နိုင်ငံခြားရေး မူဝါဒ၏ ဗဟိုချက် အဖြစ် အာရုံစိုက်သွားမည် ဖြစ်ကြောင်း၊ အာရှဒေသတွင်း ဖွံ့ဖြိုးမှုကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း" ပြောကြားသည်။

Reuters သတင်းဌာနနှင့် Yomiuri Shimbun သတင်းစာမှ သတင်းတို့ကို ပူးပေါင်း ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment