Transparency Myanmar

transparency.myanmar@gmail.com

ယခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရန် နယူးဇီလန် ပါလီမန် လွှတ်တော်က စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် နယူးဇီလန် ပါလီမန် အဖွဲ့ဝင်များ အားလုံးက အထက်ပါအတိုင်း တညီတညွတ်တည်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ "လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရေးအတွက် သူမအား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ပြန်လည် ပေးအပ်ရမည်" ဟု နယူးဇီလန် ပါလီမန်က မြန်မာ စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

"၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေက ဒေါ်စုကြည်နဲ့ သူမရဲ့ ပါတီကို အာဏာ လုံးဝ လွှဲပြောင်းပေးခဲ့ခြင်း မရှိပါဘူး။ ဒေါ်စုကြည်ဟာ အဲဒီ ၉၀ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ လောက် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။ အခု ဒီနှစ်ထဲမှာ စစ်အစိုးရက ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ ဒေါ်စုကြည်သာ ပါဝင်ခွင့် မရဘူးဆိုရင် အတုအယောင် သက်သက်သာ ဖြစ်မှာပါ" ဟု ပါလီမန် ဥက္ကဌ Maryan Street က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး သူမရဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ မပေးဘူးဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည် စိတ်ချရမှုရှိမှာ မဟုတ်ပါဘူး။ အဲဒီ အခွင့်အရေးတွေ ပေးမှသာ နိုင်ငံတကာရဲ့ ယုံကြည်မှု ရရှိမှာပါ" ဟု ၎င်းက ဆိုသည်။ "နယူးဇီလန် ပါလီမန်ဟာ တစ်ကမ္ဘာလုံးက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ ဆော်သြသွားမှာပါ" ဟုလည်း ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment