Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်တပ်မှ ထွက်ပြေးသွားသူ ပြည်ပြေးတစ်ဦးက ထုတ်ဖော်လိုက်သော စာရွက်စာတမ်းများနှင့် မှတ်တမ်းများအရ မြန်မာ စစ်အစိုးရသည် နျူကလီယာ လက်နက်နှင့် တာဝေးပစ် ဒုံးကျည်များ တီထွင်ရန် ကြိုပမ်းလျက် ရှိပြီး အဆိုပါ အစီအစဉ်ကို မြောက်ကိုရီးယား နိုင်ငံက ကူညီ ထောက်ပံ့ပေးနေဖွယ် ရှိကြောင်း သိရသည်။

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက မြန်မာစစ်တပ်မှ ထွက်ပြေးခဲ့သူ အဆိုပါ ပုဂ္ဂိုလ်သည် နျူကလီယာ အစီအစဉ်တွင် ပါဝင် ပတ်သက်ခဲ့ပြီး စာရွက် စာတမ်းများနှင့် မှတ်တမ်းများကို လျှို့ဝှက်စွာ ယူဆောင်လာကြောင်း သတင်း ပေးပို့သည်။ အဆိုပါ ပြည်ပြေး ယူလာသော စာရွက်စာတမ်းများတွင် နျူကလီယာ စမ်းသပ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များ ဖြစ်သည့် ယူရေနီယံ သန့်စင် ထုတ်လုပ်မှု၊ စက်ရုံ တည်ဆောက်ထားမှုတို့နှင့် ပတ်သက်သော ဓာတ်ပုံများ ပါဝင်သည်။

သို့သော် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်းဝေးသည့် အနေအထားတွင်ပင် ရှိနေသေးကြောင်း သတင်းက ဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိသော အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်သည် မြန်မာနှင့် မြောက်ကိုရီးယား ပူးပေါင်းပြီး နျူကလီယာ လက်နက် တပ်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းနေသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာသောကြောင့် မြန်မာ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

မြန်မာပြည်ပြေး စစ်ဗိုလ်က ထုတ်ဖော်လိုက်သော မှတ်တမ်းများကို ညွှန်းဆိုပြီး မစ္စတာ ဂျင်ဝက်ဘ်က မြန်မာပြည် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ မစ္စတာ ဂျင်ဝက်ဘ်သည် အမေရိကန် ဆီးနိတ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး ပူးတွဲ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ယခင်က နျူကလီယာ လက်နက်နှင့် ပတ်သက်၍ အလားတူ စွပ်စွဲ ပြောဆိုချက်များ ထွက်ပေါ်ခဲ့သော်လည်း မြန်မာ စစ်အစိုးရက မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။ သို့သော် ယခုအခါ အရှေ့တောင် အာရှဒေသတွင် ဆင်းရဲ မွဲတေသည့် နိုင်ငံတစ်ခု ဖြစ်သော မြန်မာက နျူကလီယာ လက်နက် တပ်ဆင်ရန် ကြိုးပမ်းနေသည် ဟူသော သံသယ ဖြစ်မှုများ တိုးပွားလျက် ရှိသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက် ရှိသည်ဟု နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှု များစွာ ခံနေရသည့် မြန်မာ စစ်အစိုးရတွင် စစ်ရေးအရ နိုင်လိုမင်းထက် ပြုလုပ်လိုသော အိမ်နီးချင်း နိုင်ငံမျိုး မရှိပေ။ မြန်မာ စစ်တပ်အတွက် အဓိက ကျသော အရေးကိစ္စမှာ ပြည်တွင်းရှိ အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ငယ်များကို နှိမ်နင်း ဖြိုခွင်းရေးသာ ဖြစ်သည်။

ကုလသမဂ္ဂမှာလည်း မြောက်ကိုရီးယား နိုင်ငံအား နျူကလီယာ စမ်းသပ်မှု၊ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည်။ ကုလမှ ကျွမ်းကျင်သူများ၏ လေ့လာ စောင့်ကြည့်ချက်များ အရ မြောက်ကိုရီးယားသည် တားမြစ် ပိတ်ပင်ထားသော နျူကလီယာနှင့် တိုက်ချင်းပစ် ဒုံးကျည် တီထွင် ထုတ်လုပ်မှုများကို အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Guardian သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment