Transparency Myanmar

transparency.myanmar@gmail.com

 yahoo News, By Dan De Luce in AFP, 4th June 2010

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ အပေါ် ပြုံးယမ်းနှင့် နျူကလီယာ လက်နက် ထုတ်လုပ်မှုများ အတွက် အလုပ် အတူလုပ်လျက် ရှိကြောင်း စွပ်စွဲချက်များနှင့် အတူ မြောက်ကိုးရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ တိုးတက်လာမှုကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ရကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

အမေရိကန် အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ပြုံးယမ်း အပေါ် လက်နက်များနှင့် နျူကလီယာ နည်းပညာများ တင်ပို့ရောင်းချမှု ပိတ်ပင်ထားခြင်း ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံအား အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး Robert Gates ၏ သတင်း ထုတ်ပြန်ရေး အရာရှိက ပြောသည်။

"ကျွန်တော်တို့ဟာ DPRK (မြောက်ကိုးရီးယား) နဲ့ စစ်ရေး အရ ဆက်ဆံရေးတွေ တိုးတက်လာတာကို စိုးရိမ်နေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် လိုက်နာရေး အတွက် စောင့်ကြည့်နေပါတယ်'' ဟု သတင်း ထုတ်ပြန်ရေး အရာရှိ Geoff Morrell က AFP သို့ email ဖြင့် ပြောခဲ့သည်။

မြန်မာနိုင်ငံအား မြောက်ကိုးရီးယား အကူအညီဖြင့် နျူကလီယာ အစီအစဉ်များ တိုးတက်ရေး ဆောင်ရွက်နေသော နိုင်ငံများ စာရင်းတွင် ထည့်သွင်းထားသော စွပ်စွဲချက် အသစ်များကိုမူ Morrell က မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။

သို့သော် အမေရိကန် ဆီနိတ်တာ Jim Webb သည် အဆိုပါ စွပ်စွဲချက် အသစ်များကြောင့် ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား ချက်ခြင်း ဖျက်သိမ်းခဲ့သည်။

Webb သည် မြန်မာ အစိုးရနှင့် လည်းကောင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များသည် အချိန်တော်ကြာကပင် ငွေဆင်းရဲသော မြောက်ကိုးရီးယား အစိုးရ၏ နျူကလီယာ လက်နက်နှင့် နည်းပညာများ သို့မဟုတ် ဒုံးကျည် အစိတ်အပိုင်းများကို နိုင်ငံခြားသို့ ရောင်းချနေမှုှုှု အတွက် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

ဝါရှင်တန်သည် ယခင်က မြောက်ကိုးရီးယားသည် ဆီးရီးယားတွင် အစ္စရေးတို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သော ပလူတိုနီယမ် အက်တမ်မစ် ဓါတ်ပေါင်းဖို ဆောက်လုပ်ရာတွင် အကူအညီ ပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

နျူကလီယာ လက်နက်ကိုင်ဆောင်သော မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံတို့သည် ပတ်သက် ဆက်နွယ်နေကြောင်း အသေးစိတ် အချက်များ ယခင်က ရှိခဲ့ခြင်းကြောင့် ဝါရှင်တန်က စိုးရိမ်မှု ဖြစ်ခဲ့သော်လည်း မြန်မာအစိုးရနှင့် ဆက်ဆံရန် မူဝါဒသစ် ချမှတ်ခဲ့သည်။

"ဒီနေ့ ထုတ်ဝေတဲ့ သတင်းတွေမှာ မြန်မာအစိုးရဟာ မြောက်ကိုးရီးယားနဲ့ နျူကလီယာ အစီအစဉ်များ ဖွံ့ဖြိုးရေး အတွက် လက်တွဲနေတယ် ဆိုတဲ့ ဖြစ်နိုင်တဲ့ စွပ်စွဲချက်တွေ ပါဝင်နေပါတယ် '' ဟု Webb က ဘန်ကောက်တွင် ပြောခဲ့သည်။

Webb က သတင်းထောက်များသို့ ပြောကြားရာတွင် သောကြာနေ့က AL Jazeera မှ လွှင့်သော သတင်းများတွင် မြန်မာအစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို ဖွင့်ထုတ်ထားသော ဖိုင်များ ရာပေါင်းများစွာ ရှိကြောင်း မြန်မာ့စစ်တပ်မှ အရာရှိဟောင်း တစ်ဦး၏ ပြောဆိုချက် ပါဝင်ကြောင်း ပြောခဲ့သည်။

၎င်း အရာရှိဟောင်းသည် စစ်အစိုးရ၏ လျှို့ဝှက် စစ်တပ်စက်ရုံ အတွက် နျူကလီယာ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

Webb သည် ပြီးခဲ့သည့် လက မြန်မာနိုင်ငံမှ အပြန် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Campbell ပြောကြားခဲ့သော မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ မြောက်ကိုးရီးယား အပေါ် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားမှု ဆုံးဖြတ်ချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲချက်ကိုလည်း ကိုးကားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံနှင့် နျူကလီယာ နည်းပညာများ ဖလှယ်နေသည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ဆီနိတ်တာ Jim Webb ၏ ခရီးစဉ် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ မည်သို့မျှ ပြောကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် နှစ်ကလည်း အမေရိကန် ရေတပ်သည် မြောက်ကိုးရီးယားမှ ဒုံးကျည် အစိတ်အပိုင်းများ သို့မဟုတ် သာမန် လက်နက်များ တင်ဆောင်လာသည်ဟု သံသယ ရှိသော ကုန်တင် သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ဦးတည်နေသည်ကို ခြေရာခံမိခဲ့ဖူးသည်။

အဆိုပါ သင်္ဘောသည် စင်ကာပူတွင် ဆီဖြည့်ရန် ကြိုးစားခဲ့သော်လည်း မြောက်ကိုးရီးယားသို့ ပြန်လှည့်သွားခဲ့သည်။ အမေရိကန် အစိုးရ တာဝန်ရှိသူများက ယင်းကိစ္စကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်သည်ဟု သံသယရှိသော မြောက်ကိုးရီးယား သင်္ဘောများကို ရှာဖွေခွင့် ပြုထားသည့် အတွက် အောင်မြင်စွာ လုပ်ကိုင်နိုင်သည်ကို ဂုဏ်ယူလျက် ရှိသည်။

မြောက်ကိုးရီးယား၏ ဒေသတွင်းရှိ ကဏ္ဍ ကိစ္စမှာ ယခု အပတ် စင်ကာပူတွင် ကျင်းပမည့် နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် အရေးတကြီး ပြောရမည့် ကိစ္စ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Gates ကလည်း အာဆီယံ ဝန်ကြီးများနှင့် အတူ ဆွေးနွေးမည် ဖြစ်ပါသည်။

ကြာသပတေးနေ့က စင်ကာပူသို့ မရောက်မီ Gates က လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားရာ၌ မြောက်ကိုးရီးယားသည် သာမန်ထက် မထင်မှတ်သည်များ ဖြစ်လာနေကြောင်း ဆိုသည်။

မေလ (၂၀) ရက်နေ့က နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများက ပြီးခဲ့သည့် မတ်လ တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုးရီးယား တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သက်သေ အထောက်အထားများနှင့် ကြေညာခဲ့သည်။ အဆိုပါ ကိစ္စအား မြောက်ကိုးရီးယားမှ ငြင်းဆိုခဲ့ပြီး၊ တောင်ကိုးရီးယားမှ လက်တုန့်ပြန်ပါက စစ်ပွဲ ဖြစ်ပေါ်နိုင်သည်ဟု မြောက်ကိုးရီးယားက ခြိမ်းခြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment