Transparency Myanmar

transparency.myanmar@gmail.com

The Washinton Post, 4th June 2010

      မြန်မာနိုင်ငံသည် နျူကလီးယားဗုံး အတွက် ယူရေနီယံ သတ္ထုပြုလုပ်ရာတွင် အသုံးပြုသော အထူးကိရိယာ အပါအဝင် နျူကလီးယားလက်နက် အစီအစဉ် အတွက် အဓိက လိုအပ်သော အစိတ်အပိုင်းများကို ရရှိရန် လျှို့ဝှက်စွာ စတင် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကို လတ်တလော စွန့်ခွာ ထွက်ပြေးလာသော တပ်မတော် အရာရှိ တစ်ဦးထဲမှ ရရှိသည့် အထောက်အထားနှင့် ဓာတ်ပုံများကို ကိုးကားထားသော အစီရင်ခံစာအရ သိရှိရသည်။

      မြန်မာ စစ်ဖက် အုပ်ချုပ်သူများသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်သည့် သိသာ ထင်ရှားသော ဆောင်ရွက်ချက်များကို ပြုလုပ်နေကြောင်းကို ခိုးထုတ်လာသော အထောက်အထားများက ညွှန်ပြနေသည်ဟု လွတ်လပ်သော နျူကလီးယား ကျွမ်းကျင်သူနှင့် အစီရင်ခံစာ ပူးတွဲ ရေးသားသူ အကဲခတ် ပညာရှင်က ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နည်းပညာ ကျွမ်းကျင်မှုတွင် ကြီးမားသော ဟာကွက်များကို တွေ့ရှိရပြီး အမှန်တကယ် ဗုံးပြုလုပ်နိုင်ရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်ဟု ၎င်းတို့က တင်ပြထားသည်။

      အစိုးရ ဆန့်ကျင်ရေးအုပ်စု democratic Voice of Burma က ခန့်အပ်သော ပညာရှင်က "နျူကလီယာ နည်းပညာရရှိရန် မြန်မာနိုင်ငံ ကြိုးစားနေသည်" ဟု ယုံကြည် စိတ်ချမှု အပြည့်ဖြင့် ကောက်ချက်ချခဲ့ပြီး "ဒီနည်းပညာက လက်နက် ထုတ်လုပ်ဖို့ အတွက်ပါ။ အရပ်ဖက် သုံးဖို့၊ ဓာတ်အားပေးဖို့ မဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

      "ရည်ရွယ်ချက်ကတော့ ရှင်းနေပါတယ်။ ဒါဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို တကယ်ကို အနှောင့်အယှက်ပေးတဲ့ ကိစ္စပါ" ဟု အစီရင်ခံစာ ပူးတွဲ ရေးသားသူ အငြိမ်းစား ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေး အရာရှိ Robert E Kelley က ဆိုသည်။ DVB တာဝန်ရှိ ပုဂ္ဂိုလ်များက အထက်ပါ အစီရင်ခံ မိတ္တူများကို AL-Jazeera အသံလွှင့်ဌာန၊ The Washinton Post နှင့် အခြား သတင်းဌာန အနည်းငယ်ထံသို့ ပေးပို့ခဲ့သည်။

      အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ပြီး နာရီ အတန်ငယ် အကြာတွင် ဗာဂျီးနီးယား ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb က "မြန်မာ ခရီးစဉ်ကို ပယ်ဖျက်ကာ အသေးစိတ် သိရှိအောင် စောင့်ဆိုင်းမည်" ဟု ကြေညာခဲ့သည်။ "ယခု စွပ်စွဲချက်များ တိကျခိုင်မာမှု ရှိ/မရှိ ဆိုသည်ကို မသဲကွဲသေးပါ" ဟု အရှေ့အာရှ၊ ပစိဖိတ်ဆိုင်ရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ Jim Webb က ပြောကြားခဲ့ကြောင်း ၎င်း၏ ရုံးခန်းမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ "သို့သော်လည်း ယခုကိစ္စများ ရှင်းရှင်းလင်းလင်း မဖြစ်ခင် မြန်မာနိုင်ငံကို သွားမည် ဆိုပါက စဉ်းစားဥာဏ်မရှိရာ ရောက်ပြီး ဆန့်ကျင်ဘက် ရလဒ်များသာ ထွက်ပေါ်ရန် အလားအလာ ရှိသည်ဟု ယုံကြည်မိကြောင်း" ၎င်းက ပြောဆိုခဲ့သည်။

      မြန်မာ စစ်ဖက် အုပ်ချုပ်သူများ၏ လျှို့ဝှက် နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ ယခင်ကပင် စွပ်စွဲချက် မြောက်မြားစွာ ထွက်ပေါ်ခဲ့ဖူးပြီး ဒွိဟဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံများ၊ စွန့်ခွာလာသော တပ်ပြေးများထံမှ အတည်မပြုနိုင်သော အကြောင်းအရာများ အပေါ်တွင် လုံးလုံးလျားလျား အခြေပြုကာ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ယခု တစ်ကြိမ်တွင်မူ နည်းပညာသစ်ကို သရုပ်ပြ ရှင်းလင်းသော ဆွေးနွေးပွဲများကို တက်ရောက်ကာ အဓိက စက်တပ်ဆင်မှုများကို တွေ့ရှိခဲ့သည်ဟု ပြောကြားသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ခိုးထုတ်လာခဲ့သော ရာဂဏန်း အရေအတွက်ရှိသော ဓာတ်ပုံများ၊ ထောင်နှင့်ချီသော အချက်အလက်ဖိုင်များကို အခြေပြုကာ ပညာရှင်အသစ်က အစီရင်ခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်။

      စွမ်းအင်ဌာန နျူကလီးယား ဓာတ်ခွဲခန်း နှစ်ခုတွင် တာဝန်ထမ်းဆောင်ပြီးမှ IAEA ဝါရင့် စစ်ဆေးရေး အရာရှိ ဖြစ်လာခဲ့သူ Kelley က တန်ဖိုးကြီး လျှို့ဝှက် အချက်အလက်များကို စစ်ဆေး သုံးသပ်ခဲ့ခြင်းဖြစ်သည်။ DVB က ခန့်အပ်သော သုတေသနပညာရှင် Ali Fowle နှင့် ပူးတွဲကာ Kelley က အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။

      မြန်မာ စစ်ဖက် အရာရှိထံမှ ရရှိသော အထောက်အထားများမှာ ဗုံးထုတ်လုပ်ရေး ကိရိယာ၏ နည်းပညာပြ ပုံညွှန်းများ ဖြစ်ပြီး နျူကလီးယားလက်နက် အစိတ်အပိုင်းများနှင့် လောင်စာတောင့်များ အတွက် လိုအပ်သော ယူရေနီယံ သတ္တုပြုလုပ်ရာတွင် အဓိက အသုံးပြုသည့် ကိရိယာ ဖြစ်သည်။ အဆိုပါ ကိရိယာ တပ်ဆင်မှုကို ညွှန်ကြားနေသည့် မြန်မာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်၏ ပုံနှင့်ကိရိယာ တပ်ဆင်မှု ပြီးစီးသွားသော ပုံများကို မြန်မာ အရာရှိက ထုတ်ဖော် ပြသခဲ့သည်။

      အခြားဓာတ်ပုံများမှာ ယူရေနီယံ သတ္တုထုတ်လုပ်ရာတွင် အသုံးပြုသည့် Vacuum Glove Box ဟု ခေါ်သော ကိရိယာ၏ ဘေးတွင် ရပ်နေကြသည့် စစ်ဖက် အရာရှိများနှင့် အရပ်သားများ၏ ပုံများ ဖြစ်သည်။ ယူရေနီယံ သတ္တုတူးဖော်ခြင်းမှ စ၍ လေဆာ အသုံးပြု ယူရေနီယံ သန့်စင်သည့် လုပ်ငန်းများအထိ ပါဝင်သော နျူကလီးယားလက်နက် အစီအစဉ်၏ အဆင့်ပေါင်း များစွာ အပေါ် ဆက်လက် ကြိုးစား ဆောင်ရွက်နေမှုများကို အဆိုပါ ဗိုလ်မှူးက တင်ပြခဲ့သည်။ မြန်မာ နျူကလီးယား အစီအစဉ်တွင် အသုံးပြုနေသော စက်ပစ္စည်းအချို့မှာ အနောက်နိုင်ငံထုတ် ပစ္စည်းများ ဖြစ်ပုံရသည်။

      မြန်မာ သိပ္ပံပညာရှင်များသည် လေဆာသုံး ယူရေနီယံ သန့်စင်မှု ကဲ့သို့သော လုပ်ငန်းစဉ် အချို့နှင့် နျူကလီးယား နည်းပညာကို ကျွမ်းကျင်ရန် အားစိုက် ကြိုးစားနေရသည့် လက္ခဏာရှိပြီး မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် အပယ်ခံနိုင်ငံ တစ်ခုအနေဖြင့် နျူကလီးယား စွမ်းရည်ကို ပိုင်ဆိုင်ရန် အလှမ်းဝေးလွန်းသေးသည်ဟု အစီရင်ခံစာတွင် မှတ်ချက် ပေးထားသည်။

      ဓာတ်ပုံများသည် အတုအယောင်များ ဖြစ်နိုင်သော်လည်း အလွန်ပင် များပြားလှပြီး အခြားသော သတင်း အချက်အလက်များနှင့် အလွန်ပင် ကိုက်ညီနေကာ ၎င်းအချက်အလက်များ သက်သက်နှင့်ပင် မြန်မာအစိုးရ၏ နျူကလီးယား နည်းပညာ ကြိုးစားနေမှုကို အပြည့်အဝ စိတ်ချလက်ချ ကောက်ချက်ချနိုင်သည်ဟု အစီရင်ခံစာက ဆိုသည်။

      အဆိုပါ အစီရင်ခံစာကို သုံးသပ်ခဲ့သည့် ဝါရှင်တန် အခြေစိုက် နျူကလီးယား လက်နက် ပညာရှင်က "မြန်မာနိုင်ငံ၏ နျူကလီးယား ရည်မှန်းချက်များ အပေါ် သုံးသပ်ချက်များမှာ လက်ခံ ယုံကြည်ထိုက်သည့် လက္ခဏာရှိသည်" ဟု ပြောကြားခဲ့သည်။ "ဒီလို အစီအစဉ်ကို ဖုံးကွယ်ထားဖို့က သိပ်ကို လွယ်လွန်းပါတယ်" ဟု အမေရိကန် အစိုးရ၏ နျူကလီးယား အတိုင်ပင်ခံ ပညာရှင် Joshua H. Pollack က ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment