Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချရန် စီမံချက် တစ်ရပ် စတင် ရေးဆွဲနေပြီ ဖြစ်ရာ လျှပ်စစ်စွမ်းအင် အလွန်အမင်း လိုအပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ်၏ လျှပ်စစ်စွမ်းအင် အခန်းကဏ္ဍအတွက် မျှော်လင့်ချက် တစ်ရပ် ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သည် လျှပ်စစ်စွမ်းအား ထုတ်လုပ်သည့် အခန်းကဏ္ဍတွင် နှစ်ကာလ ကြာရှည်စွာ ရင်းနှီးမြှုပ်နှံမှု နိမ့်ကျခဲ့ခြင်း၊ စွမ်းအင် ထုတ်လုပ်မှု အခက်အခဲ ရှိခြင်းကြောင့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ လွန်စွာ အခက်အခဲ ဖြစ်ပေါ်နေသော နိုင်ငံဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရှိသော လျှပ်စစ် ဓာတ်အား စက်ရုံများ၏ ၈၇ ရာခိုင်နှုန်းမှာ သဘာဝ ဓာတ်ငွေ့ လျော့နည်း ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။

"မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ဓာတ်ငွေ့ရောင်းမယ် ဆိုတဲ့ကိစ္စဟာ အချိန်ကိုက် ဖြစ်ရပ်ပါပဲ၊ မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ တင်ပို့ရောင်းချမယ့် စီမံချက်က ကျွန်တော်တို့ရဲ့ လျှပ်စစ် ဓာတ်အား အခက်အခဲတွေကို အကူအညီပေး ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် လျှပ်စစ် စွမ်းအင် ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (PDB) ၏ ဥက္ကဋ္ဌ Alamgir Kabir က ပြောကြားသည်။

ပြီးခဲ့သည့် မေလ ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေး ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ ဒါကာမြို့တော်သို့ လာရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံ လျှပ်စစ်စွမ်းအင် ကုန်သွယ်ရေး ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများ အပေါ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ လျှပ်စစ်စွမ်းအင် အဖွဲ့သည် လျှပ်စစ် ဓာတ်အား တင်ပို့ရောင်းချမည့် အစီအစဉ်တွင် ပါဝင်မည့် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် Stakeholder များနှင့်လည်း တွေ့ဆုံခဲ့သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် ပြည်သူများသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆိုးဆိုးရွားရွား တွေ့ကြုံနေရသောကြောင့် အလွန်အမင်း အမျက်ထွက်လျက် ရှိရာ အစိုးရသည် ပြည်သူလူထု၏ မကျေနပ်ချက်ကို ဖြေသိမ့်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချရေး စီမံချက်သည် ဒါကာ အစိုးရအတွက် များစွာ အရေးကြီးနေသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် တစ်နေ့တာ လိုအပ်သော လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၅၀၀-၂၀၀၀ကို ဖြည့်စွမ်းပေးနိုင်ခြင်း မရှိသောကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆိုးဆိုးရွားရွား ထိခိုက်လျက် ရှိသည်။ ထို့အတူ စီးပွားရေး တိုးတက်မှု နှေးကွေး ကျဆင်းမည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။

"မြန်မာအဖွဲ့နဲ့ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့က နယ်စပ် ဖြတ်ကျော်ပြီး လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမယ့် မြန်မာ အစိုးရရဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ဖို့ ပြောဆို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်" ဟု PFB အဖွဲ့၏ အကြီးအကဲက Financial Express သတင်းစာသို့ ပြောကြားသည်။

မြန်မာနိုင်ငံမှ Shwe Taung Development ကုမ္ပဏီက ရခိုင်ပြည်နယ်တွင် မီဂါဝပ် ၅၀၀ ထွက်ရှိသော ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ပြီး ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်ဓာတ်အား သွယ်တန်း ရောင်းချရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

အဆိုပါ ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံ နှစ်ခု တည်ဆောက်နိုင်ရေးအတွက် မြေယာ အမြောက်အမြား ဝယ်ယူထားပြီး ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ယခုအခါ ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချရန် စဉ်းစားလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် စွမ်းအင်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော Supply နှင့် Demand ကွာဟချက်ကို ချိတ်ဆက်ပေးရန် လိုအပ်နေသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ် စက်မှုလုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ပြည်ပမှ စွမ်းအင် ဝယ်ယူရန်လည်း ကြိုးပမ်းနေသည်။

ပုဂ္ဂလိကပိုင်နှင့် ပြည်သူပိုင် ကုမ္ပဏီများက လျှပ်စစ်ဓာတ်အား ၄၀၀၀ မီဂါဝပ် ထုတ်လုပ် ပေးနိုင်သော်လည်း အလုပ်ချိန်များအတွင်း လိုအပ်ချက်မှာ ၆၀၀၀ မီဂါဝပ်အထိ ရှိသည်ကို တွေ့ရကြောင်း Financial Express သတင်းစာက ဆိုသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအား အကျပ်အတည်းကြောင့် နှစ်စဉ် အမျိုးသား တိုးတက်မှု၏ ၂ ဒဿမ ၀ ရာခိုင်နှုန်းခန့် ထိခိုက်လျက် ရှိသည်။

မည်သို့ဆိုစေ ဘင်္ဂလားဒေ့ရှ် အစိုးရက လာမည့် ၂၀၁၅ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၉၀၀၀ ထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်။ အဆိုပါ အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၉ ဒဿမ ၀ ဘီလီယံ လိုအပ်မည် ဖြစ်သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနိုင်ငံနှင့်လည်း လျှပ်စစ်ဓာတ်အား အရောင်းအဝယ် ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးလျက် ရှိသည်။ အိန္ဒိယမှ မီဂါဝပ် ၂၅၀ တင်သွင်းရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

Financial Express မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment