Transparency Myanmar

transparency.myanmar@gmail.com

Reuters, 7th June 2010

ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့်ရေးအဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့ရာ၌ ၎င်းသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်လျက် ရှိသည်ဟူသော အစီရင်ခံစာ အပေါ် စောင့်ကြည့်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အက်တွမ်မစ် စွမ်းအင် အေဂျင်စီ (IAEA) မှ အကြီးအကဲ ဖြစ်သူ Yukiya Amano ကလည်း လိုအပ်ပါက ဗီယင်နာ အခြေစိုက် IAEA အနေဖြင့် မြန်မာနိုင်ငံမှ ရှင်းလင်းချက် တောင်းခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယမန်နှစ်ကလည်း နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ထွက်ပေါ်လာခြင်းများ ရှိခဲ့သော်လည်း မြန်မာ အစိုးရက တစ်စုံတစ်ရာ ငြင်းဆိုခြင်း သော်လည်းကောင်း၊ အတည်ပြုခြင်း သော်လည်းကောင်း မရှိခဲ့ပေ။

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် ပြည်သူ့အသံ (DVB) ၏ ငါးနှစ်တာ လေ့လာအပြီး ကောက်ချက်ချခဲ့ရာ၌ မြန်မာနိုင်ငံ အနေဖြင့် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်းဝေးဦးမည် ဖြစ်ကြောင်း၊ သို့သော် နည်းပညာနှင့် ကျွမ်းကျင်မှုများကိုမူ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလျက် ရှိကြောင်း ဖော်ပြထားသည်။

အကယ်၍သာ မှန်ကန်ခဲ့ပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ နျူကလီယာ ရည်မှန်းချက် ရှိသော ပထမဆုံး နိုင်ငံ ဖြစ်လာမည် ဖြစ်ပြီး၊ လျင်မြန်စွာ တိုးတက်လျက် ရှိသော ဒေသတွင်း၏ မဟာဗျူဟာ အနေအထားကို ပြောင်းပြန်လှန် လိုက်သကဲ့သို့ ရှိလာလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဒေသတွင်း၌ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် ဝါရှင်တန်နှင့် ရင်းနှီးသော မဟာမိတ်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

"ကျွန်တော်တို့ မီဒီယာတွေမှာ သက်ဆိုင်တဲ့ ဆောင်းပါးတွေ တွေ့နေရပါတယ်။ သတင်း အချက်အလက်တွေကို မှန်/မမှန် အကဲဖြတ်နေပါတယ်" ဟု Amano က သတင်းစာ ရှင်းလင်းပွဲတွေ ပြောကြားခဲ့သည်။

"လိုအပ်ရင် မြန်မာနိုင်ငံက ရှင်းလင်းချက် တောင်းခံသွားမှာပါ" ဟု ဂျပန်သံတမန်က ၃၅ နိုင်ငံ ပါဝင်သော IAEA ၏ အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ လက်နက် ဆန့်ကျင်ရေး သဘောတူညီချက် ဖြစ်သော နျူကလီယာ လက်နက် မပြန့်ပွားရေး စာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီး၊ IAEA ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

DVB ၏ အစီရင်ခံစာသည် ရုရှားတွင် ပညာသင်လာသော မြန်မာ့ စစ်တပ်မှ အင်ဂျင်နီယာ တစ်ဦး ဖြစ်သူ စိုင်းသိန်းဝင်း ထံမှ ရရှိသော အချက်များ အပေါ် အမေရိကန် နျူကလီယာ သိပ္ပံပညာရှင်၏ အကဲဖြတ်ထားမှုကို အခြေခံ၍ ရေးသားထားသည်။

စိုင်းသိန်းဝင်းသည် လူအမြောက်အများ သေစေရန် ရည်ရွယ်သော လက်နက် ထုတ်လုပ်ရန် စက်ရုံ ဆောက်လုပ်ရာတွင် အလုပ်လုပ်ခဲ့ပြီး ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါ အစီရင်ခံစာကြောင့် အမေရိကန် ဆီနိတ်တာ Jim Webb သည် ပြီးခဲ့သည့် ကြာသပတေးနေ့က မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ လုပ်ရပ်သည် မိုက်မဲ၍ မသင့်လျော်သော လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ယခင်က ထွက်ပြေးလာသော သူများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ အကူအညီများ ရယူလျက် ရှိသော နိုင်ငံများ စာရင်းတွင် ပါဝင်ကြောင်း ပြောပြခဲ့ကြပြီး၊ ပြီးခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံမှ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ပြုံးယမ်းသို့ သွားရောက်ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment