Transparency Myanmar

transparency.myanmar@gmail.com

ဇွန်လ ၈ ရက်နေ့က နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များ ခဏတာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး အိမ်နီးချင်း နှစ်နိုင်ငံ ပဋိပက္ခ ဖြစ်ခဲ့ကြကြောင်း ကမ္ဘောဒီးယား အာဏာပိုင်တို့က ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုမှာ ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်ချိန် ခြောက်မိနစ်သာ ကြာမြင့်ကာ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Chhum Socheat က AFP သတင်းဌာနသို့ ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံ၏ ရှေးဟောင်း ဘုရားကျောင်း ဖြစ်သော Preah Vihear နှင့် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာ နယ်မြေဒေသတွင် နှစ်ဘက်နိုင်ငံမှ တပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ယင်းသို့ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ Preah Vihear ဘုရားကျောင်းသည် နှစ်နိုင်ငံ နယ်မြေ ပိုင်ဆိုင်ရေးဆိုင်ရာ အငြင်းပွားမှုများ၏ ပင်မ အကြောင်းအရင်းတစ်ခု ဖြစ်သည်။

"နားလည်မှု လွဲခဲ့ကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီနေရာဟာ တရားမဝင် သစ်မှောင်ခိုကူးမှုတွေ လုပ်တဲ့ဒေသ ဖြစ်နေလို့ပါ" ဟု ၎င်းက ဆိုသည်။ နှစ်ဘက် စစ်တပ်အကြား အဆက်အသွယ် ရရှိသွားပြီးနောက် အပစ်အခတ် ရပ်စဲသွားသည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံသည် အမျိုးသားရေး တင်းမာမှုများနှင့် စစ်ရေး လိပ်ခဲတည်းလည်း ဖြစ်မှုတို့ကြောင့် ၂၀၀၈ ခုနှစ်မှ စကာ ဘေးကျပ်နံကျပ် ဖြစ်နေသည်။ ထိုနှစ်တွင် ယူနက်စကိုက Preah Vihear ဘုရားကျောင်းကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ထည့်သွင်းလိုက်ချိန်တွင် ယင်းသို့ ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်း ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ စီးပွားရေး အတိုင်ပင်ခံ အရာရှိ အဖြစ် ခန့်အပ်လိုက်ရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမို ဆိုးရွားခဲ့သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment