Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 9th June 2010

လုံခြုံရေးဆိုင်ရာ စိုးရွံ့ပူပန်မှုများ ထွက်ပေါ်နေသည့် ကြားမှပင် အရှေ့တောင်အာရှ၏ စွမ်းအင် ဆာလောင်နေသော စီးပွားရေး နိုင်ငံများသည် လူဦးရေ သန်း ၅၀၀ ကျော်သော ဒေသ၏ ကြီးမားလာသော ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် နျူကလီယာ စွမ်းအင် ကဏ္ဍကို လေ့လာမှု ပြုလုပ်နေကြသည်။

ဗီယက်နမ်နိုင်ငံက ၁၀ နှစ် အတွင်း လုပ်ငန်း လည်ပတ်နိုင်မည့် ပထမဆုံး နျူကလီယာ ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်နေပြီး၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကလည်း နျူကလီယာ စွမ်းအင် ဖြစ်နိုင်ချေ အလားအလာများကို လေ့လာစူးစမ်း နေကြသည်။

"လူတိုင်းက လေအေးစက် သုံးချင်တယ်။ လူတိုင်းက နောက်ဆုံးပေါ် အသုံးအဆောင်တွေ လိုချင်တယ်။ ဒီတော့ ဒါတွေ အားလုံးကို အဓိပ္ပာယ် ကောက်လိုက်ရင် လျှပ်စစ်ဓာတ်အားကို တောင်းဆိုလာကြတာပေါ့" ဟု မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ စွမ်းအင်နှင့်ရေ ဌာနခွဲ ညွှန်ကြားရေးမှူး Anthony Jude က ပြောကြားသည်။

ဝေဖန် ဆန်းစစ်သူများကမူ အရှေ့တောင်အာရှ နျူကလီယာ စွမ်းအင် အတွေ့အကြုံ မရှိခြင်းကို ထောက်ပြခဲ့ကြပြီး၊ မီးတောင်ပေါက်ကွဲမှုများ၊ မြေငလျင်များ စသည့် သဘာဝ ဘေးအန္တရာယ် အလားအလာများသော ဒေသ၏ လုံခြုံမှု အနေအထားနှင့် စပ်လျဉ်းသည့် သံသယများကို ထုတ်ဖော် ပြောကြားခဲ့ကြသည်။ ဖိလစ်ပိုင်တို့သည် ၁၉၇၀ ခုနှစ်များတွင် နျူကလီယာ ဓာတ်အားပေးစက်ရုံ တစ်ခု တည်ဆောက်ခဲ့သော်လည်း လုံခြုံမှု စိတ်မချရခြင်း၊ ကန်ထရိုက် လုပ်ငန်းအတွင်း လာဘ်စားခြင်းတို့ကြောင့် စီးပွားဖြစ် လည်ပတ်နိုင်ခြင်း လုံးဝ မရှိခဲ့ပါ။

သို့သော်လည်း အထက်ပါ စိုးရိမ်ပူပန်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ "အရှေ့တောင်အာရှက နျူကလီယာ ဓာတ်အားပေး စက်ရုံတွေဟာ တခြားနေရာတွေထက် ပိုပြီး အန္တရာယ်များတယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး" ဟု ဆစ်ဒနီ အခြေစိုက် Lowy Institute for International Policy မှ ဒုတိယ ညွှန်ကြားရေးမှူး Martine Letts က ဆိုသည်။

အရှေ့တောင်အာရှ ဒေသတွင် နျူကလီယာ ဓာတ်အား လုံခြုံမှု စနစ်ကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် The World Association of Nuclear Operators ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများကို သူမက ညွှန်ပြသည်။

မလေးရှားက ၎င်း၏ ပထမဆုံး နျူဓာတ်အားပေး စက်ရုံကို ၂၀၂၁ နောက်ဆုံးထား၍ တည်ဆောက်ရန် မေလက အစီအစဉ် ချမှတ်ခဲ့ချိန်တွင် စင်္ကာပူတွင်မူ ဖြစ်နိုင်ခြေ လေ့လာမှုများကို အစိုးရက စတင်ကာစသာ ရှိသေးသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတွင်လည်း နျူဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စဉ်းစား သုံးသပ်နေကြသော်လည်း ဓာတ်ပေါင်းဖို တည်ဆောက်မည့် နေရာနှင့် ပတ်သက်၍ ပြင်းထန်သော ပြည်တွင်း ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment