Transparency Myanmar

transparency.myanmar@gmail.com

Relief Web, Danish Demining Group, 8th June 2010

ဆိုင်ကလုန်း နာဂစ်ကြောင့် ပြန်လည် နိုးထနေရဆဲ ဖြစ်သော ဒေသများတွင် နောက်ထပ် မုတ်သုန်ရာသီနှင့် အပူပိုင်းဒေသ မုန်တိုင်းရာသီ ရောက်လာပြန်ပြီ ဖြစ်သည်။ ဒိန်းမတ် ဒုက္ခသည် ကောင်စီ (Danish Refugee Council – DRC) သည် သောက်ရေသန့် အတွက် ကြွေရေစစ်များ ဝေငှခြင်း၊ ရေကန်များ ပြုလုပ်ပေးခြင်း၊ ရေတွင်းများ တူးပေးခြင်းဖြင့် လိုအပ်ချက်များကို ကူညီလျက် ရှိသည်။

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသို့ ဆိုင်ကလုန်း နာဂစ် တိုက်ခတ်ခြင်းကြောင့် အိမ်ပေါင်း ၈ သိန်းခန့် ပျက်စီး ထိခိုက်ခြင်းများ ရှိခဲ့သည်။ မြစ်ဝကျွန်းပေါ် တောင်ပိုင်းဒေသမှ ထောင်ပေါင်း များစွာသော လူများသည် နေထိုင်စရာ အတည်မရှိသေးဘဲ ယာယီတဲများနှင့်သာ နေထိုင်နေရဆဲ ဖြစ်ရာ ယခု ရောက်ရှိလာသော မုတ်သုန်နှင့် မုန်တိုင်းရာသီ အတွက် အကာအကွယ် မဖြစ်ပေ။

"ကျွန်တော်တို့ကို ဖိစီးမှု အဖြစ်ဆုံး လုပ်ငန်း တာဝန်ကတော့ ထိုဒေသက လူတွေ အတွက် စိတ်ချရတဲ့ သောက်ရေ ရရှိရေးပဲ ဖြစ်ပါတယ်။ မုတ်သုန်မိုးက နောက်ကျတော့၊ ရေတွေက ခန်းတာတို့ လျော့သွားတာတို့ ရှိလာပြီး၊ ဆားဓာတ်တွေ မြင့်တက်လာပါတယ်။ အခု မိုးရွာတော့ ရေတွေတော့ ပြည့်လာပါရဲ့၊ မသန့်ရှင်းတော့ပြန်ဘူး။ အဲဒီ ဒေသက လူတွေ အတွက် အဖြေကို မရနိုင်သေးပါဘူး။ သူတို့အတွက် စိတ်ချရတဲ့ သောက်ရေ ရရှိဖို့ အကူအညီပေးရေးက အရေးကြီးနေပါတယ်" ဟု DRC မှ အာရှနှင့် ပတ်သက်သော ဌာနမှူး Aracely Jimenez Anderson က ပြောကြားခဲ့သည်။

မြစ်ဝကျွန်းပေါ် တောင်ပိုင်းဒေသများတွင် လူသားချင်း စာနာသော အကူအညီများ အတွက် စိန်ခေါ်မှုများသည် လတ်တလော လိုအပ်လျက် ရှိသည့်အပြင် ရေရှည် မဟာဗျူဟာ ချမှတ်ရန်လည်း လိုအပ်နေသေးသည်။

"၂၀၀၈ ခုနှစ်တုန်းက မြစ်ဝကျွန်းပေါ် တောင်ပိုင်းဒေသဟာ တော်တော် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။ အကူအညီတွေ ပေးခဲ့တယ် ဆိုပေမယ့်၊ သူတို့မှာ အရင်လို လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရေတို စီမံချက်ကတော့ သောက်ရေသန့် အတွက် ရေစစ်တွေ ဖြန့်မယ်။ ရေတွင်းရေကန်တွေ တူးပေးမယ်။ ရေရှည်အနေနဲ့တော့ သူတို့အတွက် အမြဲတမ်း နေထိုင်နိုင်မယ့် အိမ်တွေ ဆောက်ပေးမယ်။ ကလေးတွေ အတွက် ကျောင်းတွေ ဆောက်ပေးမယ်။ သူတို့ မိသားစုဘဝ အတွက် အသက်မွေးနိုင်မယ့် စီမံချက်တွေ လုပ်ပေးရပါမယ်" ဟု Anderson က ပြောသည်။

DRC သည် ၎င်း၏ ကိုယ်ပိုင် ရန်ပုံငွေအပြင် ဒိန်းမတ် ကုမ္ပဏီအချို့က မြစ်ဝကျွန်းပေါ် ပြန်လည် ထူထောင်ရေး အတွက် ထည့်ဝင်သော ငွေများဖြင့် မြန်မာနိုင်ငံတွင် လူသားချင်း စာနာသော အကူအညီပေးရေး အစီအစဉ်များ ထူထောင်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment