Transparency Myanmar

transparency.myanmar@gmail.com

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိနေသော်လည်း မြောက်ကိုရီးယားသို့ ကလေးနိုမှုန့်များကို အကူအညီ အထောက်အပံ့အဖြစ် ပေးပို့ရန် တောင်ကိုရီးယား အစိုးရက သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

နယ်စပ် ဖြတ်ကျော်မှုများ အားလုံးကို ထိန်းချုပ်ထားသော ညီညွတ်ရေး ဝန်ကြီးဌာန အဆိုအရ ပုဂ္ဂလိက အုပ်စုများထံမှ ရရှိသော ဒေါ်လာ ၃၂၀၀၀၀ တန်ဖိုးရှိ နို့နှင့် အခြား ပစ္စည်းများကို ယခု လကုန်ပိုင်းတွင် မြောက်ကိုရီးယားသို့ တင်ပို့မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ချိုနန်အမည်ရ စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတိုဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည် ဟူသော စွပ်စွဲ ပြောဆိုချက်များ ထွက်ပေါ်ခဲ့ပြီးနောက် တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့သော် လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို ကင်းလွတ်ခွင့် ပေးသည်။

မြောက်ကိုရီးယားသည် အစားအစာ ပြတ်လပ်မှုကို ဆိုးရွားစွာ ခံစားနေရသော နိုင်ငံတစ်ခု ဖြစ်သည်။ UNICEF အဖွဲ့အဆိုအရ မြောက်ကိုရီးယားရှိ ကလေးငယ် သုံးဦးတွင် တစ်ဦးမှာ အစာအာဟာရ မပြည့်ဝမှုကြောင့် မကြီးထွားဘဲ လှီနေကြောင်း သိရသည်။

နိုင်ငံပေါင်း ၅ နိုင်ငံ ပါဝင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောကို မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီတိုဖြင့် ပစ်ခတ်ခဲ့သည့် သက်သေ အထောက်အထားများ ဖော်ထုတ်ခဲ့ပြီးနောက် တောင်ကိုရီးယားက လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြောက်ကိုရီးယားက စွပ်စွဲမှုများ မဟုတ်မမှန်ကြောင်း ငြင်းဆိုပြီး လက်တုံ့ပြန်မှုကြောင့် စစ်ဖြစ်နိုင်သည်ဟု သတိပေးသည်။

လက်ရှိအချိန်တွင် မြောက်ကိုရီးယား၏ ရန်ပြုလိုသော အပြုအမူအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် အရေးယူပေးပါရန် တောင်ကိုရီးယားက တောင်းဆိုထားသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment