Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တစ်ဦးကို မဖြစ်မနေ ခန့်အပ်ရတော့မည် ဖြစ်ကြောင်း အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်က ပြောကြားလိုက်သည်။ အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်ပြီး မြောက်ကိုရီးယား နိုင်ငံနှင့် စစ်လက်နက် ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်များအရ မြန်မာနိုင်ငံအတွက် အမေရိကန် အထူး သံတမန် မဖြစ်မနေ ခန့်အပ်ရမည်ဟု မစ္စတာ ဂျင်ဝက်ဘ်က ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ ရေးသား ပေးပို့သော စာတွင် မစ္စတာ ဂျင်ဝက်ဘ်က "မြန်မာ စစ်အစိုးရနှင့် ပတ်သက်သော စွပ်စွဲချက်များအပေါ် ဖြစ်ရပ်မှန်ကို အခြေခံပြီး ဦးတည်ချက် ရှိစွာ အချိန်မီ စစ်ဆေးသင့်သည်" ဟု ရေးသားသည်။

အထူး သံတမန် ခန့်အပ်မှုသည် Tom Lantos Block Burmese JADE အက်ဥပဒေအရ လိုအပ်ချက် တစ်ရပ် ဖြစ်ကြောင်း၊ သို့သော် အဆိုပါ အထူး သံတမန် ရာထူးမှာ ယခုအချိန် အထိ လစ်လပ်လျက်ပင် ရှိကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ဆိုသည်။ အမေရိကန် အထူး သံတမန်သည် ဘက်ပေါင်းစုံ ပိတ်ဆို့ အရေးယူမှုများ၊ မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများ၊ ဒီမိုကရေစီရေး ထုတ်ဖော် ပြောဆိုမှုများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများတွင် ရှိသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို အထောက်အပံ့ ပေးမှုများ ပြုလုပ်လာနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် မစ္စတာ ဂျင်ဝက်ဘ်က ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Eric John ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် ရာထူးအတွက် အထူး သင့်တော်သူ အဖြစ် မှတ်ချက်ပေးသည်။ သံအမတ်ကြီး မစ္စတာ Eric John သည် မြောက်ကိုရီးယား နျူကလီယာ အရေးကိစ္စ ကဲ့သို့သော အကဲဆတ်သည့် ပြဿနာများကို ဖြေရှင်းရာ၌ အတွေ့အကြုံများစွာ ရှိသူ ဖြစ်သလို အရှေ့အာရှ အရေးကိစ္စများနှင့် ပတ်သက်၍လည်း အသိဉာဏ် ဗဟုသုတ ကြွယ်ဝသူ ဖြစ်ရာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံတမန် ရာထူးအတွက် လွန်စွာ သင့်လျော်သည်ဟု မစ္စတာ ဂျင်ဝက်က ၎င်း၏စာတွင် ထည့်သွင်း ရေးသားသည်။

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယားနှင့် မြန်မာကို စစ်မှန်သော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် သတ်မှတ်ထားရာ အဆိုပါ နှစ်နိုင်ငံနှင့် နွေးထွေးသော ဆက်ဆံမှု တစ်ရပ်ကို ထူထောင်လိုသည့် သဘောမျိုး တွေ့ရသည်။ သို့သော် အမေရိကန် အစိုးရသည် မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုလိုခြင်း မရှိသည်ကို တွေ့ရသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံ ပေးပို့သော စာတွင် မစ္စတာ ဂျင်ဝက်ဘ်က မြောက်ကိုရီးယားမှ မြန်မာသို့ ယခုနှစ်အတွင်း လက်နက် တင်ပို့မှုများနှင့် ပတ်သက်၍ ထုတ်ဖော် ရေးသားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသေးစိတ် ရှင်းလင်းဖော်ပြမှု မပြုသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က မစ္စ ဟီလာရီ ကလင်တန်သည် ဆီနိတ်တာ ဂျင်ဝက်ဘ်၏ ပေးစာကို ဖတ်ရှုရခြင်း မရှိသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံ ဟူသည် အမေရိကန် ပြည်ထောင်စုအတွက် သိသာ ထင်ရှားသော နိုင်ငံတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဦးမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

မည်သို့ပင်ဆိုစေ ပြောရေးဆိုခွင့် ရှိသူ Philip Crowley က မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်မှုသည် အမေရိကန် ပြည်ထောင်စု အတွက် အလားအလာ ရှိသော ရွေးချယ်မှု ဖြစ်၊ မဖြစ် ဟူသော အချက်ကို ထုတ်ဖော် ပြောဆိုရန် ငြင်းပယ်ခဲ့ပြီး မြန်မာနိုင်ငံကို အနီးကပ် စောင့်ကြည့် လေ့လာနေသည်ကိုသာ ပြောဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စိုးရိမ် ပူပန်နေသည့် အချက်မှာ အမေရိကန်သည် အရှေ့တောင် အာရှတွင် သြဇာလွှမ်းမိုးမှု နည်းပါးနေခြင်းပင် ဖြစ်သည်။ အမေရိကန် သြဇာ နည်းပါးမှုကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနှင့် မြောက်ကိုရီးယား အပါအဝင် အခြားသော အာရှနိုင်ငံများအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အလွယ်တကူ လွှမ်းမိုးနိုင်သည်။

တရုတ်က မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ အမြောက်အမြား ဝယ်ယူသောကြောင့် မြန်မာ အနေဖြင့် နျူကလီယာ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သကဲ့သို့ ပြုံးယမ်းနှင့်လည်း လက်နက် ကုန်သွယ်မှုကို လျှို့ဝှက်စွာ အကောင်အထည် ဖော်နိုင်သည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment