Transparency Myanmar

transparency.myanmar@gmail.com

ဗဟို စာရင်းစစ်အဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ယခုနှစ် ပထမ နှစ်လပိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၃၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း သုံးခုတွင် ဝင်ရောက် လုပ်ကိုင်လာသောကြောင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပမာဏ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ သို့သော် အသေးစိတ်ကိုမူ ဖော်ပြမှု မပြုပေ။

မလေးရှား ရင်းနှီး မြှုပ်နှံမှုကြောင့် မြန်မာနိုင်ငံ၏ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၃၁၄ ဒဿမ ၈၅ သန်းအထိ ရောက်ရှိလာသည်ဟု ကိန်းဂဏန်းများက ဆိုသည်။

၂၀၀၉-၁၀ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ယူအေအီး(UAE) နိုင်ငံများက ဒေါ်လာ ၄၁ သန်း (ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု)၊ ထိုင်းနိုင်ငံက ဒေါ်လာ၁၅ ဒဿမ ၂၅ သန်း (ဟိုတယ်နှင့် ခရီး သွားလာရေး)၊ တရုတ်နိုင်ငံက ဒေါ်လာ၁၅ သန်း (သတ္တု တူးဖော်ရေး) နှင့် ဟောင်ကောင်က ဒေါ်လာ ၆ သန်း (ကုန်ထုတ်လုပ်ရေး) တို့ စသည်ဖြင့် အသီးသီး ပါဝင်ကြသည်။

ပြီးခဲ့သည့် ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု တန်ဖိုး ၉၈၄ ဒဿမ ၉၉၆ သန်းအထိ ရောက်ရှိခဲ့သည်။ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ် ရင်းနှီးမြှုပ်နှံမှု ပမာဏ (၁၇၂ ဒဿမ ၇၂သန်း) ထက် ခြောက်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရ ထုတ်ပြန်သော တရားဝင် စာရင်းဇယားများအရ နိုင်ငံခြား ကန်ထရိုက် ချုပ်ဆို ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၁၉၈၈ ခုနှစ် စီးပွားရေးတံခါး ဖွင့်လှစ်လိုက်သည့် အချိန်မှ စ၍ ယခုနှစ် ဖေဖော်ဝါရီလအထိ ၁၆ ဒဿမ ၀၅ ဘီလီယံ ဒေါ်လာ ဖြစ်သည်။ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အားလုံးမှာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် ထိုင်းနိုင်ငံက ဒေါ်လာ ၇ ဒဿမ ၄၂၂ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရှိသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၇ ရာခိုင်နှုန်းခန့် ဖြစ်သည်ဟု စာရင်းဇယားများအရ သိရသည်။

မြန်မာအစိုးရက စီးပွားရေး အခန်းကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းတို့မှာ လျှပ်စစ်စွမ်းအား၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ ရောင်းဝယ်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တု တူးဖော်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment