Transparency Myanmar

transparency.myanmar@gmail.com

The Economics Newspaper, Asia, 10th June 2010

မြောက်ကိုရီးယား၊ အီရန်၊ ပါကစ္စတန်၊ ဆီးရီးယား နှင့် အခြား အလားအလာ ရှိသော နိုင်ငံများနှင့် ဆက်စပ်နေပုံ ရသော မရိုးသားသည့် နျူကလီယာနှင့် ဒုံးကျည် နည်းပညာ ကွန်ယက်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသည် ဟူသော သတင်းများမှာ မကြာခဏ ဆိုသလို ထွက်ပေါ်နေသည်။ အဆိုပါ ကိစ္စအားလုံးထဲတွင် ဒုံးကျည် နည်းပညာ ဆက်နွယ်မှုမှာ အထင်ရှားဆုံး ဖြစ်၍ မြောက်ကိုရီးယားက ဒုံးကျည် ရောင်းချပေးနေသော (သို့) ကိုယ်တိုင် တည်ဆောက်နိုင်အောင် ကူညီပေးနေသော မြန်မာနိုင်ငံ ကိစ္စလည်း ပါဝင်သည်။

သို့သော်လည်း မြန်မာနိုင်ငံ အတွက် အသေးစား သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ပေးရန် ၂၀၀၇ ခုနှစ်တွင် ရုရှားနှင့် မူအားဖြင့် သဘောတူညီချက် ရခဲ့ခြင်းကို ဘေးဖယ်ထားပါက မြန်မာအစိုးရ၏ နျူကလီယာ ရည်ရွယ်ချက်နှင့် ပတ်သက်သည့် ခိုင်မာသော အထောက်အထားများ နည်းပါးနေသည်။ မည်သို့ပင်ဖြစ်စေ၊ မြန်မာစစ်တပ်မှ လတ်တလော ထွက်ပြေး ခိုလှုံလာခဲ့သော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ယူဆောင်လာသော အထောက်အထားများနှင့် ဓာတ်ပုံများအရ အကယ်၍ ယူရေနီယမ် သန့်စင်ခြင်းနှင့် ပုံတည်ဆောက်ခြင်းကို လုပ်ကိုင်နိုင်စွမ်း မရှိသေးသည့်တိုင် မြန်မာ အစိုးရ၏ ရည်ရွယ်ချက်ကို အတည်ပြုနိုင်မည့် လက္ခဏာ ရှိနေသည်။

စိုင်းသိန်းဝင်းသည် ၎င်းယူဆောင်လာသော အထောက်အထားများကို နော်ဝေ အခြေစိုက် DVB အသံလွှင့်ဌာနသို့ လွှဲပြောင်း ပေးခဲ့သည်။ အထက်ပါ အထောက်အထားများကို ကုလသမဂ္ဂ၏ နျူကလီယာ တာဝန်ခံ အဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ၏ စစ်ဆေးရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ဖူးသော Robert Kelley က ခွဲခြမ်းစိတ်ဖြာ စစ်ဆေး ခဲ့သည်။ ၎င်း၏ ၂၇ မျက်နှာပါ အစီရင်ခံစာတွင် သတိပေးမှု မြောက်မြားစွာကို ဖော်ပြခဲ့ရာ၌ စိုင်းသိန်းဝင်းသည် ဒုံးကျည် ကျွမ်းကျင်သူသာ ဖြစ်၍ နျူကလီယာ ပညာရှင် မဟုတ်ကြောင်း၊ ၎င်းတင်ပြသော အချို့အချက်အလက်များသည် တစ်ဆင့်စကား ဖြစ်နေကြောင်း၊ အချို့ပုံစံများမှာ ပုံကြမ်းအဆင့်သာ ရှိကြောင်း၊ ဓာတ်ပုံများတွင် မြင်တွေ့ရသည့် ကိရိယာ အချို့သည် လိုအပ်ပါက အရပ်ဖက်သုံး အဖြစ် အသုံးပြုနိုင်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။ သို့သော်လည်း ဗုံးပြုလုပ်ရာတွင် မရှိမဖြစ် အဆင့်တစ်ခု ဖြစ်သော ယူရေနီယံ သတ္တုပြုလုပ်ရာတွင် အသုံးပြုသည့် အခြားကိရိယာများနှင့် ယူရေနီယမ် အဆင့်မြင့် သန့်စင်ရာတွင်သာ အသုံးပြုသည့် လေဆာဆိုင်ရာ စမ်းသပ်မှု လုပ်ငန်းများက သံသယများကို ကြီးထွားစေသည်။ ထို့ကြောင့်ပင်လျှင် အမှတ် (၁)  သိပ္ပံနှင့် နည်းပညာတပ်ရင်း ဟုခေါ်ဝေါ်သော မြန်မာ့ တပ်မတော် နျူကလီယာ တပ်ဖွဲ့နှင့် အရပ်ဖက် နျူကလီယာ ပညာရှင်များအကြား နီးကပ်စွာ ဆက်နွယ်နေခြင်း ဖြစ်သည်။

မစ္စတာ Kelley ၏ အစီရင်ခံစာတွင် နောက်ဆုံး သုံးသပ်ခဲ့သော အထောက်အထားများ အားလုံးက ယခု အစီအစဉ်သည် နျူကလီယာ လက်နက် ထုတ်လုပ်ရန်သာ ဖြစ်ပြီး အရပ်ဖက်သုံး (သို့) စွမ်းအင် အတွက် မဟုတ်ဟူသော ခိုင်လုံသည့် သုံးသပ်ချက်ကို ထွက်ပေါ်စေခဲ့သည်။ ဝါရှင်တန် အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် Institute for Science and International Security က ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော အစောပိုင်း အစီရင်ခံစာ တစ်ခုတွင် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သည့် ပြင်းထန်သော စွပ်စွဲချက်များသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်သည်ဟု တင်ပြခဲ့ဖူးသည်။ သို့သော်လည်း ဥပဒေက ခွင့်မပြုသော နျူကလီယာ အသုံးအဆောင် ကိရိယာများ ဝယ်ယူသူများ အဖြစ် လူသိများသော အီရန်၊ ပါကစ္စတန်၊ ဆီးရီးယားတို့နှင့် ခြားနားခြင်း မရှိသော မြန်မာနိုင်ငံအပေါ် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် စုံစမ်းမှု ပြုလုပ်သင့်သည်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသည် IAEA နှင့် ပဋိဥာဉ် စည်းကမ်း အနည်းငယ်သာ သဘောတူထားသောကြောင့် ပုံမှန် စစ်ဆေးမှုများမှ လွတ်မြောက်နေခြင်း ဖြစ်သည်။ စစ်ဆေးစရာ အကြောင်းမရှိဟုလည်း အစိုးရက ယူဆထားခဲ့သည်။ ယခုအချိန်တွင်မူ စုံစမ်းသော မေးခွန်းများ အမေးခံရမည့် အလားအလာ ရှိနေပြီ။ IAEA သည် ယခင်ကပင် မြန်မာနှင့် ရုရှားကို သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း မပြုရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ ယခင် ဆိုဗီယက် နျူကလီယာ လက်နက် အစီအစဉ်နှင့် ပတ်သက်ခဲ့ဖူးသော Russian Nuclear Institute တွင် ၂၀၀၂ ခုနှစ်ခန့်ကပင် စ၍ မြန်မာ သိပ္ပံပညာရှင် ရာပေါင်းများစွာကို လေ့ကျင့် သင်တန်းပေးခဲ့သည်ဟု ရုရှားတွင် ဒုံးကျည် နည်းပညာ လေ့လာခဲ့သော စိုင်းသိန်းဝင်းက ပြောကြားသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်နေမှုနှင့် စပ်လျဉ်းသည့် ထိထိရောက်ရောက် သတင်းသစ်များကို စိုင်းသိန်းဝင်းက ပေးနိုင်ခြင်း မရှိသော်လည်း အနောက်နိုင်ငံ ထောက်လှမ်းရေး အေဂျင်စီများက မြန်မာနိုင်ငံတွင်းရှိ မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

၂၀၀၇ ခုနှစ်တွင် အစ္စရေးတို့၏ ဗုံးကြဲ ဖျက်ဆီးခြင်း ခံခဲ့ရသည့် ဆီးရီးယား လျှို့ဝှက် နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် မြောက်ကိုရီးယား ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လည်း လုပ်ငန်း ဆောင်ရွက်နေကြောင်း ၎င်းတို့က အစီရင်ခံစာ တင်ပြခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment