Transparency Myanmar

transparency.myanmar@gmail.com

Associated Press, By Hyung-Jin Kim, 16th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တရားမျှတစွာ ကိုင်တွယ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားက တိုက်တွန်းခဲ့ပြီး၊ ယခု ဖြစ်ပေါ်နေသော တင်းမာမှုသည် နျူကလီယာ စစ်ပွဲ ဖြစ်သွားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားက သတိပေးခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုမှာ မြောက်ကိုရီးယား ကုလသမဂ္ဂ သံအမတ်က သတင်းစာ ဆရာများသို့ နယူးယောက်တွင် ရှားရှားပါးပါး သတင်းစာ ရှင်းလင်းပွဲ အပြီး နာရီအတော်ကြာတွင် ထွက်ပေးလာခြင်း ဖြစ်သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုရီးယား သံအမတ်က သတင်းထောက်များအား ပြောကြားရာတွင် သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက ၎င်းတို့အား မေးမြန်းခြင်း သို့မဟုတ် ရှုတ်ချခြင်းများ ပြုလုပ်ခဲ့လျှင် စစ်ရေးအရ တုန့်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယား သံအမတ် Sin Son Ho က သင်္ဘော နစ်မြုပ်မှုနှင့် ၎င်းတိုပ ပတ်သက်မှု မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အဆိုပါ ကိစ္စအား ဓမ္မဓိဌာန်ကျကျ၊ တရားမျှတစွာ၊ အမှန်တရားကို ရှာဖွေပေးခြင်းဖြင့် ၎င်း၏ တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား၏ အဓိက Rodong Sinmun သတင်းစာ၏ ဝေဖန်ချက်တွင် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

အဆိုပါ သတင်းစာတွင် ကိုရီးယား ကျွန်းဆွယ်မှ တင်းမာမှုမှာ ပိုမို မြင့်တက်လာနေပြီး၊ တခုခုကြောင့် အချိန်မရွေး အလုံးစုံ ပဋိပက္ခဖြစ်ပြီး၊ နျူကလီယာ စစ်ပွဲပင် ဖြစ်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

အမှန်တကယ်ပင် ကိုရီးယား ကျွန်းဆွယ်မှ ယခု အခြေအနေမှာ အလွန်တရာ အန္တရာယ်များကြောင်း၊ အသေးအမွှား ကိစ္စလေးမှပင် စစ်ပွဲဖြစ်သွားနိုင်ပြီး၊ နျူကလီယာ စစ်ပွဲအထိ ဖြစ်သွားနိုင်ကြောင်း ကိုရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) တွင် ဝေဖန်ချက် ရေးသားထားသည်။

မြောက်ကိုရီးယားတွင် လက်နက်တွင် တပ်ဆင်မည့် ပလူတိုနီယံများ အလုံအလောက် ရှိသည်ဟု ယူဆရပြီး အနည်းဆုံး နျူကလီယာ လက်နက် ဒါဇင်ဝက်ခန့် ရှိမည်ဟု ယုံကြည်ရသည်။ မြောက်ကိုရီးယားသည် ယခင်က ပြင်ပကမ္ဘာနှင့် တင်းမာမှု ဖြစ်ခဲ့စဉ်က နျူကလီယာ လက်နက်များ အသုံးပြုမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့သော် မြောက်ကိုရီးယား အနေဖြင့် နျူကလီယာ လက်နက်ကို စစ်ပွဲတွင် အသုံးပြုရန် လုံလောက်သော နည်းပညာ ရှိသလော ဆိုသည်ကို သံသယရှိကြောင်း ပညာရှင်များက ဆိုသည်။

သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု ပြစ်တင်မှု အပြီးတွင် တောင်ကိုရီးယားသည် ကုန်သွယ်ရေး ကန့်သတ်မှုများ အပါအဝင် မြောက်ကိုရီးယား အပေါ် ပြစ်ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားကလည်း စိတ်ဆိုးစွာ တုန့်ပြန်ခဲ့ပြီး၊ ဆိုးလ်နှင့် အဆက်အသွယ်များ ဖြတ်တောက်ကြောင်း ကြေညာခဲ့ပြီး၊ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယား စစ်တပ်ကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုမှာ ပုံမှန် စကားလုံးများဖြင့် ပစ်ပေါက်ခြင်းသာ ဖြစ်မည်ဟု ဆိုသော်လည်း မြောက်ကိုရီးယား စစ်တပ်ကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ လုပ်ရပ်အပေါ် ၎င်းတို့အမြဲမပြတ် သတိ ဝိရိယ ရှိနေကြောင်း အမည်မဖော်လိုသူ ပူးတွဲ စစ်ဦးစီး အရာရှိချုပ်ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။ နယ်စပ် ဧရိယာများတွင် မြောက်ကိုရီးယားတပ်များ၏ ထူးထူးခြားခြား လှုပ်ရှားမှု လက္ခဏာများ မတွေ့ရသေးကြောင်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။

အင်္ဂါနေ့က နယူးယောက် သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေးကောင်စီ၏ လုပ်ဆောင်မှု အပေါ် တုန့်ပြန်သောအားဖြင့် နျူကလီယာ လက်နက် အသုံးပြုမည်လားဟု သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာ၊ မြောက်ကိုရီးယား သံအမတ် Sin က "ဒီနျူကလီယာ လက်နက်ကြောင့်ပဲ ပြင်ပ အင်အားစုတွေက ကျွန်တော်တို့ကို အမြဲ ခြိမ်းခြောက်ခဲ့တာပါ" ဟု ပြန်လည် ဖြေကြားခဲ့သည်။

"လုံခြုံရေး ကောင်စီအနေနဲ့ ကျွန်တော်တို့ကို မေးမြန်းဖို့ သော်လည်းကောင်း၊ ရှုတ်ချဖို့ သော်လည်းကောင်း စာထုတ်ခဲ့မယ် ဆိုရင် ကျွန်တော် အနေနဲ့ကတော့ သံတမန် တစ်ဦး ဖြစ်နေတော့ ဘာမှ မလုပ်နိုင်ပါဘူး။ နောက်ဆက်တွဲ လုပ်ရပ်တွေကတော့ ကျွန်တော့်စစ်တပ်က လုပ်သွားပါလိမ့်မယ်" ဟု ၎င်းက သတိပေးခဲ့သည်။

ဝါရှင်တန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J. Crowley က Sin ၏ မှတ်ချက်အား တုန့်ပြန်သောအားဖြင့် သတင်းထောက်များအား ပြောကြားရာတွင် "ကျွန်တော်တို့ဟာ မြောက်ကိုရီးယားရဲ့ လက်မခံနိုင်တဲ့ အကျင့်စရိုက်တွေ၊ ထစ်ခနဲဆို ရန်လိုတတ်တဲ့ လှုပ်ရှားမှုတွေ ပြောင်းလဲသွားအောင်၊ ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ကြိုးစားနေပါတယ်" ဟု ဆိုသည်။

သီးခြားအားဖြင့် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ဗုဒ္ဓဟူးနေ့ နောက်ပိုင်းတွင် တောင်ကိုရီးယားသို့ နှစ်ရက် ခရီးသွားရောက်ရန် ရှိပြီး သင်္ဘော နစ်မြုပ်မှုနှင့် အခြား ကြန့်ကြာနေသော ကိစ္စများ အတွက် ဆွေးနွေးမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန၏ အဆိုအရ သိရှိရသည်။

ဗုဒ္ဓဟူးနေ့က ဆိုးလ်တွင် ရှေးရိုးဆန်သော တက်ကြွသူ ၂၀၀ ခန့်သည် စုရုံး လှည့်လည်ပြီး လစ်ဘရယ် ယိမ်းသော လူထု အခြေပြု အုပ်စုများက နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးချက် ရလဒ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များထံ email ပို့ခြင်းနှင့် ပတ်သက်၍ ဝေဖန် ပြောကြားခဲ့ကြသည်။

"မြောက်ကိုရီးယားကိုသွား (Go to North Korea)" ဟု ၎င်းတို့က ကြွေးကြော်ကြပြီး၊ ၎င်းတို့က People's Solidarity for Participatory Democracy ရုံးသို့ ချဉ်းကပ်သွားသောကြောင့် တားဆီးနေသော ရဲများနှင့် ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ခဲ့သည်။ လူထု အခြေပြု အဖွဲ့မှ တာဝန်ရှိသူများ၏ အဆိုပါ စီတန်း လှည့်လည်မှုနှင့် ပတ်သက်သော မှတ်ချက်များ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိပေ။

သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိုးလ်၏ ပြုံးယမ်း အပေါ် အရေးယူပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ တောင်နှင့် မြောက်ကိုရီးယားတို့သည် လုံခြုံရေး ကောင်စီတွင် တနင်္လာနေ့က သီးခြားစီ တင်ပြခဲ့ကြသည်။

အဆိုပါ တနင်္လာနေ့က ရှင်းလင်း တင်ပြမှုများ အပြီးတွင် လုံခြုံရေး ကောင်စီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရာတွင် ၎င်းအနေဖြင့် သင်္ဘော နစ်မြုပ်မှုကြောင်း ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကို အန္တရာယ် ပြုလာခြင်း အတွက် စိုးရိမ်ကြောင်း၊ ဆိုးလ်နှင့် ပြုံးယမ်း အနေဖြင့် ရန်လိုသော အပြုအမူများကို ရှောင်ရှားကြရန် တိုက်တွန်းခဲ့သည်။

အမှန်တကယ်တွင်မူ ကိုရီးယား နှစ်နိုင်ငံသည် စစ်ဖြစ်လျက် အခြေအနေတွင် ရှိနေဆဲ ဖြစ်ပြီး၊ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲမှာ ဆက်လက် မတိုက်ရန်သာ သဘောတူ၍ ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး၊ မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ မရှိပေ။ သင်္ဘော နစ်မြုပ်မှုမှာလည်း အငြင်းပွားနေသော အနောက်ဖက် ပင်လယ်နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ဤနေရာတွင် ရေကြောင်း စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment