Transparency Myanmar

transparency.myanmar@gmail.com

မတ်လအတွင်း တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီတိုဖြင့် တိုက်ခိုက်ခဲ့သည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မိမိနိုင်ငံအား ပြစ်တင် မောင်းမဲလာပါက မိမိတို့ စစ်တပ်ကလည်း တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံတမန် Sin Son Ho က တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးမည့် မြောက်ကိုရီးယား အဖွဲ့တစ်ဖွဲ့ စေလွှတ် ခွင့်ပြုရန် တောင်းဆိုထားသည်။ မြောက်ကိုရီးယား စစ်တပ်က တုံ့ပြန်မည် ဟူသော အထက်ပါ သုံးသပ်ချက်ကို ကုလသမဂ္ဂတွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံက အဆို တင်သွင်းမှုများ ပြုလုပ်ပြီး တစ်ရက် အကြာတွင် သံတမန် Sin Son Ho က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Sin Son Ho ၏ သုံးသပ်ချက်များသည် မြောက်ကိုရီးယား၏ ပိုမို ရန်ပြုလိုသော အပြုအမူကို ကိုယ်စားပြုကြောင်း အမေရိကန်ပြည်ထောင်စုက ဆိုသည်။

"မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ လက်ခံနိုင်စရာ မရှိတဲ့ အပြုအမူတွေ ပြောင်းလဲလာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်မူတဲ့ အပြုအမူတွေ ရပ်တန့်ဖို့လည်း လုပ်နေပါတယ်" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ပြောသည်။

"ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ လေ့လာ အကဲခတ်ချင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

သံတမန်နိဂုံး

ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် တောင်ကိုရီးယားက မျှော်လင့်လျက် ရှိသည်။ ကုလက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး "အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိသည်" ဟုသာ ထုတ်ဖော် ပြောဆိုထားသော်လည်း နှစ်ဖက်စလုံးကို ပြစ်တင် ပြောဆိုမှု မပြုလုပ်သေးပေ။

လုံခြုံရေး ကောင်စီသည် ယခုအချိန်အထိ သင်္ဘော နစ်မြုပ်သည့် ကိစ္စတွင် ဘက်တစ်ဘက်တည်းက အသံကိုသာ နားထောင်ခဲ့ကြောင်း၊ အကြောင်းမှာ မြောက်ကိုရီးယား၏ တောင်းဆိုချက် ဖြစ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဝင်ရောက် ခွင့်ပြုရေးကို တောင်ကိုရီးယားက ပယ်ချခဲ့၍ ဖြစ်ကြောင်း မြောက်ကိုရီးယား သံတမန် Sin Son Ho က ပြောသည်။

"တကယ်လို့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ပြစ်တင်ဝေဖန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်ပြီး မေးခွန်းတွေ မေးမယ် ဆိုရင် သံတမန်တစ်ဦး အနေနဲ့ ကျွန်တော် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး" ဟု ဆိုသည်။

"နောက်ဆက်တွဲ ဆောင်ရွက်ချက် အနေနဲ့ ကျွန်တော်တို့ စစ်တပ်က ဆက်လက် လုပ်ကိုင်သွားမှာပါ" ဟု ပြောကြားသွားသည်။

သုံးသပ် လေ့လာသူများ အဆိုအရ လုံခြုံရေး ကောင်စီသည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခုအချိန်အထိ ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်ခြင်း မရှိသေးဟု ဆိုသည်။ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် ပိုမို တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေးအပေါ် ထုံးစံအတိုင်းပင် အင်တင်တင် လုပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment