Transparency Myanmar

transparency.myanmar@gmail.com

GMA News, 17th June 2010

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် ၉ ဦးသည် ကြာသပတေးနေ့တွင် ဖိလစ်ပိုင် အရွေးကောက်ခံ သမ္မတ ဆီနစ်ကနို နွိုင်နွိုင်အကွီနို III အား ၎င်း၏ ကွီဇုံမြို့ နေအိမ်တွင် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသော်လည်း အထိန်းသိမ်းခံ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကိုမူ ဆွေးနွေးခဲ့ကြခြင်း မရှိပေ။

အကွီနိုက သတင်းစာ ရှင်းလင်းပွဲတွင် "ဤကိစ္စသည် မိမိအိမ်တွင် ပြဿနာ တင်းမာမှု မရှိရန် တားဆီးခြင်းသာ ဖြစ်ပြီး နိုင်ငံခြား ဧည့်သည်များကို ဧည့်ဝတ် ကျေပြွန်ခြင်းလည်း ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် ကြေညာချက်တွေ အများကြီး ထုတ်ပြန်ခဲ့ဖူးတာဟာ အထူးသဖြင့်တော့ လွှတ်တော် အမတ် တစ်ဦး အနေနဲ့လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို ဧည့်ဝတ်ကျေပြွန်သင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ဖြစ်နေလို့ သူတို့ကို ထိပ်တိုက် ရင်ဆိုင်တာမျိုး လုပ်လို့မရပါဘူး" ဟု ဖိလစ်ပိုင် ဒီမိုကရေစီ ပြယုပ် ကိုရာဇန် ကိုရီအကွီနိုနှင့် ဘီနစ်နို နီနွိုင်အကွီနို ဂျူနီယာ တို့၏ သားဖြစ်သူ အကွီနိုက ပြောကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် အကွီနိုနှင့်အတူ ကိုယ်စားလှယ် ကိုးနီးလည်း ပူးပေါင်း ပါဝင်ကြသည်။

၁၄ နှစ်ခန့် ထိန်းသိမ်းထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာ အစိုးရအား ဖိလစ်ပိုင် အစိုးရက ထပ်ဖန် တလဲလဲ မေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် ဆယ်စု ၂စု အတွင်း ပထမဆုံး ကျင်းပမည့် လာမည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တားမြစ်ထားသည်။

သို့ဖြစ်၍ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲများကို သပိတ်မှောက် ထားသည်။

ပြီးခဲ့သော ဧပြီလက ကျင်းပသည့် အာဆီယံ ထိပ်သီးညီလာခံ၌ အာဆီယံ ခေါင်းဆောင်များ ထုတ်ပြန်သော ၁၃ မျက်နှာပါ ကြေညာချက်တွင် လက်ခံယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ဖြစ်စေရန် မြန်မာနိုင်ငံအား တောင်းဆိုထားသည်။

"မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိရေးနှင့် လွတ်လပ်၊ မျှတ၊ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲများ ကျင်းပရေးသည် အရေးကြီးကြောင်း မိမိတို့ အလေးအနက် ပြောကြားလိုသည်။ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တရားဝင် ကြေညာချက် မထုတ်ပြန်မီ အချိန် အနည်းငယ်ပေးရန် မနီလာတွင် အကွီနိုက တောင်းဆိုခဲ့ပြီး မိမိသည် အာဏာ လွှဲပြောင်းမယူရသေးဟု ထောက်ပြသည်။ အကွီနို၏ အာဏာ လွှဲပြောင်းယူမှု အခမ်းအနားကို ဇွန်လ ၃၀ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

အထက်ပါ တွေ့ဆုံမှုတွင် မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုး တက်ရောက်ခဲ့ပြီး အခြား တက်ရောက်သူများမှာ ဘရူနိုင်း သံအမတ်ကြီး မာလိုင်ဟာဂျာ ဟာလီဗား မာလိုင်ယူဆွတ်၊ ကမ္ဘောဒီးယား သံအမတ်ကြီး တစ်သ်ဆာရန်ရိ၊ အင်ဒိုနီးရှား သံအမတ်ကြီး ယိုဟန်နက်စ် ခရစ်စ်တီယာတို ဆိုယာယို လီဂိုဂို၊ လာအို သံအမတ်ကြီး လိန်းဆွန်ဘောင်ကန်၊ မလေးရှား သံအမတ်ကြီး ဒါတွတ်ဆရီ ဒေါက်တာ အီဘရာဟင်ဆတ်၊ စင်္ကာပူ သံအမတ်ကြီး အေဆယ်လဗီရာဂျာ၊ ထိုင်း သံအမတ်ကြီး ကာလ်ကူမတ် ဆင်ဂါရာနာ အယုဒယ နှင့် ဗီယက်နမ် သံအမတ်ကြီး ငုယင်ဗူတူး တို့ဖြစ်သည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာကိုမျှ တမင်တကာ ဖယ်ထုတ်ရန် ကြိုးစားခဲ့ကြခြင်း မရှိပါဟု အကွီနိုက ဆိုသည်။

"အခု တွေ့ဆုံမှုက ပထမဆုံး အကြိမ်ဆိုတော့ ကမ္ဘာမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ယေဘူယျအားဖြင့် အများကြီး ဆွေးနွေးစရာ ရှိပေမယ့်၊ အာဆီယံ အဖွဲ့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုပဲ ပိုပြီး အလေးပေးခဲ့ပါတယ်။ ဦးစားပေးရမယ့် ကိစ္စကို ကနဦး အဆင့်မှာ သေချာအောင် လုပ်ခဲ့တာပါ" ဟု ၎င်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူများအား တွန်းအားပေးမှုနှင့် သက်ဆိုင်သော မူဝါဒ ပြောင်းလဲမှု ကဲ့သို့ ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း တစ်နာရီကြာ တွေ့ဆုံမှုတွင် အသေးစိတ် စစ်ထုတ်နိုင်ခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။

လာမည့် အာဆီယံ ထိပ်သီး ညီလာခံ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြုလုပ်မည့် လာမည့် တရားဝင် အစည်းအဝေးများသည် အရေးကြီးသည့် အားလျော်စွာ မိမိ အသေအချာ တက်ရောက်မည် ဖြစ်ကြောင်း အကွီနိုက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment