Transparency Myanmar

transparency.myanmar@gmail.com

နေအိမ် အကျယ်ချုပ် ကျခံနေရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အချိန် သမယတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက သူမအား အမြန်ဆုံး လွတ်မြောက်ခွင့် ပေးရန် စစ်အစိုးရကို တိုက်တွန်းပြီး မွေးနေ့ ဆုမွန်ကောင်း တောင်းသည့် သဝဏ်လွှာကိုလည်း တစ်ပါတည်း ပေးပို့လိုက်သည်။

မွေးနေ့ဆုတောင်း သဝဏ်လွှာတွင် အိုးဘားမားက ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးတွက် ဆုံးဖြတ်ချက် ပြတ်သားမှု၊ သတ္တိရှိမှုနှင့် ပုဂ္ဂိုလ်ရေးဘဝ စတေးခဲ့မှုတို့ကို ချီးမွမ်း ထောပနာ ပြုရေးသားထားသည်။  ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၆၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ မွေးနေ့ အချိန်အခါတွင် သူမသည် ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် နေအိမ် အကျယ်ချုပ် ပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည်။

မြန်မာ စစ်အစိုးရသည် မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း ၁၅ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင်လည်း ဥပဒေဖြင့် ကန့်သတ် ပိတ်ပင်ထားသည်။ ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေရန်သာ အဓိက ဦးတည်ထားသည် ဟု နိုင်ငံရေး ကျွမ်းကျင်သူတို့က ဆိုသည်။

"ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာပေါ်မှာ တစ်ဦးတည်း ဖမ်းဆီး အကျဉ်းချ ခံထားရသူ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခါသမယတွင် ကျွန်တော့် အနေဖြင့် သူမအတွက် အထူး ဆုမွန်ကောင်းများ ပေးပို့လိုက်ရပါသည်" ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက မွေးနေ့ သဝဏ်လွှာတွင် ရေးသားထားသည်။

"မြန်မာ အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး မြန်မာ ပြည်သူပြည်သားများ၏ အခွင့်အရေးအတွက် ပိုမို တည်ငြိမ်မှုရှိပြီး ကြွယ်ဝ ချမ်းသာသော နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ခွင့် ပြုပေးရန် ကျွန်တော် ထပ်မံ၍ တိုက်တွန်းလိုက်ပါသည်" ဟု မစ္စတာ အိုဘားမားက ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment