Transparency Myanmar

transparency.myanmar@gmail.com

BBC News, 25th June 2010

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယားအား ဒေသတွင်း တင်းမာမှုကို ပိုမို ဖြစ်စေမည့် လှုပ်ရှားမှုများမှ ရှောင်ကြဉ်ရန် သတိပေးလိုက်သည်။ ယခုအခါ ပြုံးယမ်းသည် နောက်ထပ် ဒုံးကျည် စမ်းသပ်မှုများ အတွက် ပြင်ဆင်လျက် ရှိကြောင်း စိုးရိမ်ရလျက် ရှိသောကြောင့် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် ယခုအခါ မြောက်ကိုရီးယားတို့သည် ၎င်း၏ အနောက်ဖက်ကမ်း တလျှောက် သင်္ဘောများ ကိုးရက် မထွက်ရန် သတင်း ထုတ်ပြန်ထားသည်ကို သိရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ သတိပေး ထုတ်ပြန်ချက် နောက်ပိုင်းတွင် ဒုံးကျည် စမ်းသပ်မှု ပြုလုပ်လေ့ ရှိကြောင်း ယခင်က ရှိခဲ့ဖူးသည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားရာတွင် ယခု သတိပေး တားမြစ်ချက်သည် မြောက်ကိုရီးယားတို့၏ ပုံမှန် လက်နက်ကြီး လေ့ကျင့်မှုနှင့် ဆက်စပ်နိုင်ကြောင်း ဆိုသည်။

သို့သော် ဆိုးလ်က ပြောကြားရာတွင် ပြုံးယမ်း အနေဖြင့် တာတိုပစ် ဒုံးကျည် စမ်းသပ်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြောက်ကိုရီးယားကို နောက်ထပ် တစ်ခေါက် ဒုံးကျည် စမ်းသပ်တာကို မတွေ့လိုတော့ပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က AFP သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၁၀ ဇန်နဝါရီလကလည်း ယခုကဲ့သို့ သင်္ဘောများ မထွက်ရ သတိပေးချက် ထုတ်ပြန် အပြီးတွင် လက်နက်ကြီး လေ့ကျင့်မှုများ အနောက်ဖက် ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။

၂၀၀၉ ခု မေလကလည်း ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်အပြီး ဒုံးကျည် ပစ်ခတ်မှုနှင့် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

တင်းမာမှုများ

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် မတ်လ ၂၆ ရက် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပြီးတွင် တင်းမာမှု ပိုမို တိုးပွားလာခဲ့ပြီး၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ကလည်း နစ်မြုပ်မှုမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘော တော်ပီဒိုကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။

"ကျွန်တော်တို့ အနေနဲ့ မြောက်ကိုရီးယားကို ဒေသတွင်း တင်းမာမှု ပိုမို တိုးပွားစေမည့် နောက်ထပ် ရန်စသည့် လုပ်ရပ်မျိုး ရှောင်ကြဉ်ရန် အားပေးကြရပါမယ်" ဟု Crowely က ဆိုသည်။

"အခုအချိန်ဟာ ရန်စတဲ့ အလေ့အထကို ရပ်ဆိုင်းပြီး အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး တိုးတက်မယ့် ခြေလှမ်းတွေ လှမ်းဖို့ အချိန် ရောက်ပါပြီ" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

ယခု အမေရိကန်၏ နောက်ဆုံး သတိပေးမှုမှာ ကိုရီးယား စစ်ပွဲ စတင်မှု နှစ်ခြောက်ဆယ်ပြည့်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားတို့သည် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်သွားပြီး စစ်ပွဲ ပြီးကတည်းက နှစ်ခြမ်း ကွဲသွားခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment