Transparency Myanmar

transparency.myanmar@gmail.com

AFP, 26th June 2010

မြန်မာနိုင်ငံတွင် စနေနေ့က ဒေါ်လာ ၈၇ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နိုင်ငံ၏ အစွန်အဖျား အရှေ့မြောက်ပိုင်းဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်လာသည့် လက္ခဏာများ ရှိနေသည်ဟု စစ်ဖက် အစိုးရက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တရားမဝင် မူးယစ်ဆေးဝါး အမျိုးအစားပေါင်းစုံ အလေးချိန် ၁၀ တန်ခန့်ကို နိုင်ငံတဝှမ်း ပြည်နယ် လေးခုတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ မှစ၍ အင်ဖက်တာမင်း ဆေးပြား သိမ်းဆည်း ရရှိမှု အလွန်အမင်း များပြားလာခဲ့ပြီး လွန်ခဲ့သည့် နှစ်နှစ်က ဆေးပြား ၁.၁ သန်း ဖမ်းမိရာမှ ၂၀၀၉ တွင် ဆေးပြား ၂၃.၈ သန်းအထိ ဖမ်းဆီး ရရှိခဲ့သည်။ ၂၀၁၀ ပထမ ၄ လပတ် အတွင်း ဆေးပြား ၇.၆ သန်း ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့ ကိန်းဂဏန်းများအရ သိရှိရသည်။

"စိတ်ကို စွဲလမ်းစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပါရာဖန်နယ်လီယာနဲ့ ဓာတုဆေးဝါးတွေ အများစုကို ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဖမ်းဆီးရမိခဲ့ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက နေပြည်တော်တွင် ကျင်းပသော ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆယ်စု နှစ်စုအတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲများ နီးလာသည်နှင့်အမျှ အန္တရာယ် ရှိသည့် ခံစားမှုများ မြင့်တက်လာခြင်းကြောင့် အချို့ လက်နက်ကိုင် အုပ်စုများက မူးယစ်ဆေးဝါး ရောင်းဝယ်ကာ ရန်ပုံငွေ ရှာဖွေကြခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်မှ လက်နက်ကိုင် အဖွဲ့များသည် အရှေ့ဖက် နယ်ခြား တလျှောက်တွင် အစိုးရ တပ်ဖွဲ့များနှင့် ဆက်လက် တိုက်ခိုက်လျက် ရှိပြီး၊ ၎င်းတို့သည် လျစ်လျူရှုခံ၊ အဖိနှိပ်ခံ၊ သားကောင်များ ဖြစ်သည်ဟု အကြောင်းပြခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ယေဘုယျအားဖြင့် ကျဆင်းခဲ့သော်လည်း အာဖဂန် နစ္စတန်၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံးကိန်း ထုတ်လုပ်သူ အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

"ဘိန်းနဲ့ ဟီးရိုးအင်း ထုတ်လုပ်မှု နှစ်မျိုးစလုံးဟာ အရင် ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းခဲ့တာကို တွေ့ရပါတယ်" ဟု ဗိုလ်ချုပ်မောင်ဦးက ဆိုသည်။

နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုကို ဂြိုလ်တု ဆက်သွယ်ရေး အသုံးပြုကာ စောင့်ကြည့်ရန် အတွက် မိမိတို့ အစိုးရက တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment