Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th June 2010

မြောက်ကိုရီးယား အနေဖြင့် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှင်းပြရမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ Barack Obama က ပြောကြားခဲ့သည်။

Obama က ၎င်းအနေဖြင့် တောင်ကိုရီးယား သမ္မတ Lee Myung-Bak နှင့်အတူ ရပ်တည်မည် ဖြစ်ကြောင်း၊ ပြုံးယမ်း၏ မည်သည့်အရာကိုမျှ မစဉ်းစားဘဲ အဓိပ္ပါယ် မရှိသော လုပ်ရပ်များကို လုပ်တတ်သော အမူအကျင့်ကို ရှုတ်ချခဲ့သည်။

Obama ၏ အဆိုပါ မှတ်ချက်များသည် ကနေဒါနိုင်ငံ တိုရန်တိုတွင် ကျင်းပသော စက်မှုနိုင်ငံများ၏ G-8 အုပ်စု အစည်းအဝေး အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကမူ သင်္ဘော နစ်မြုပ်မှုအား ၎င်းတိုက်ခိုက်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ကမူ မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု သုံးသပ်ထားသည်။

G-8 ထိပ်သီး အစည်းအဝေး အပြီး တောင်ကိုရီးယား ခေါင်းဆောင်နှင့် Obama တွေ့ဆုံအပြီးတွင် Obama က "ဒီလို အဓိပ္ပာယ် မရှိတဲ့ အပြုအမူအတွက် အကျိုးဆက်တွေ ရှိရပါမယ်" ဟု ပြောကြားခဲ့သည်။

G-8 ခေါင်းဆောင်များကလည်း မြောက်ကိုရီးယားနှင့် အီရန်ကို ၎င်းတို့၏ နျူကလီယာ လှုပ်ရှားမှုများ အတွက် ဝေဖန်ခဲ့ကြပြီး အစ္စရေး၏ ဂါဇာကမ်းမြောင် ဒေသကို ပိတ်ဆို့ထားမှုကိုလည်း ဆက်မလုပ်သင့်ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် G-8 ခေါင်းဆောင်များသည် ကုလသမဂ္ဂ၏ ရည်မှန်းချက် ဖြစ်သော ကမ္ဘာ့ဆင်းရဲ မွဲတေမှု လျော့ချရေးကို ရည်မှန်းချက်ပြည့်ရန် အတွက် ကမ္ဘာ့ငွေကြေး ကပ်ဆိုက်မှု ကိစ္စအားလည်း ညှိနှိုင်းခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

ကနေဒါနိုင်ငံတွင် စက်မှုနှင့် ဖွံ့ဖြိုးဆဲ ပါဝါများ၏ G-20 အစည်းအဝေးကိုလည်း ဆက်လက် ကျင်းပမည် ဖြစ်ရာ ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး ဆွေးနွေးကြမည် ဖြစ်သည်။

စနေနေ့က ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် G-20 ထိပ်သီး အစည်းအဝေး အတွက် ချီတက် ဆန္ဒပြကြရာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော်လည်း အစွန်အဖျား နေရာများတွင် ကြမ်းတမ်းမှုများ ဖြစ်ပွားရာ အဓိကရုဏ်းရဲများနှင့် ရင်ဆိုင်ခဲ့ကြပြီး ရဲကားနှစ်စီး မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သော G-8 ထိပ်သီးအစည်းအဝေး အပြီး ထုတ်ပြန်ကြေညာချက်တွင် "လူပေါင်း ၄၆ ဦး သေဆုံးရသော မတ်လ ၂၆ ရက်နေ့က တောင်ကိုရီးယား စစ်သင်္ဘော Cheonan နစ်မြုပ်မှုကို ဖြစ်စေသော တိုက်ခိုက်မှုအား ကျွန်ုပ်တို့ အနေဖြင့် လက်မခံဘဲ ရှုတ်ချကြောင်း ဖော်ပြအပ်သည်" ဟု ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် "DPRK (မြောက်ကိုရီးယား) အနေဖြင့် တောင်ကိုရီးယား အပေါ် ရန်လို ခြိမ်းခြောက်မှု သို့မဟုတ် တိုက်ခိုက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်" ဟု ဖော်ပြထားသည်။

Reuters သတင်းဌာနမှ ပြောကြားရာတွင် အဆိုပါ သတင်း ကြေညာချက်သည် အမေရိကန် အပါအဝင် အချို့နိုင်ငံများ မျှော်လင့်သကဲ့သို့ ပြင်းထန်သော စကားလုံးများ ပါဝင်ခြင်း မရှိဟု ဆိုသည်။ ရုရှားက ပြင်းထန်သော အသုံးအနှုန်းများ အတွက် ငြင်းဆန်ခဲ့သည်ဟု Reuters က ပြောသည်။

ကြေညာချက်တွင် မြောက်ကိုရီးယား၏ နျူကလီယာ စမ်းသပ်မှုများနှင့် ဒုံးကျည် လှုပ်ရှားမှုများသည် ဒေသတွင်း တင်းမာမှုများကို ပိုမိုဖြစ်စေသည့်ပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်နေသဖြင့် G-8 ခေါင်းဆောင်များ၏ စိုးရိမ်ရဆုံး အခြေအနေကို ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အီရန်အား ၎င်း၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

"အီရန်၏ ဆက်လက် ပြုလုပ်နေသော ယူရေနီယမ် သန့်စင်မှုများနှင့် နျူကလီယာ လှုပ်ရှားမှုများ အတွက် ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့် ကျွန်ုပ်တို့ များစွာ စိုးရိမ်ပါသည်" ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယခုလ အစောပိုင်းက အီရန် အနေဖြင့် နျူကလီယာ သန့်စင်မှုများကို ရပ်ဆိုင်းခြင်း မပြုသောကြောင့် စတုတ္တအကြိမ်မြောက် အရေးယူမှုများ ပြုလုပ်ရန် အတည်ပြုခဲ့သည်။ အရေးယူမှုများတွင် ငွေကြေးဆိုင်ရာ ကန့်သတ်မှုများ ပိုမို တင်းကြပ်ရန်နှင့် လက်နက် ရောင်းဝယ်မှုများ တိုးချဲ့ ပိတ်ပင်ရန် ဖြစ်ပြီး အမေရိကန် ဖြစ်စေလိုသော နာလံ မထူနိုင်အောင် ပြုလုပ်သော အရေးယူမှုမျိုးတော့ မဟုတ်ပေ။

ဂါဇာနှင့် ပတ်သက်၍ အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်မှာ ပြီးခဲ့သည့်လက အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောအုပ်စု အနက်မျ တစ်စီးကို အစ္စရေး ကွန်မင်ဒိုများ ဝင်ရောက် စီးနင်းမှုမှ လူများ သေဆုံးမှု၊ ဒဏ်ရာရမှုများကြောင့် G-8 ခေါင်းဆောင်များ အနေဖြင့် လွန်စွာ ဝမ်းနည်းမှု ဖြစ်ရကြောင်း ဖော်ပြထားသည်။ အဆိုပါ အဖြစ်အပျက်ကြောင့် သင်္ဘောပေါ်တွင် တူရကီလူမျိုး ၉ ဦး သေဆုံးခဲ့သည်။

အစ္စလာမ် အုပ်စု ဖြစ်သော Hamas က ထိန်းချုပ်ထားသော ပါလက်စတိုင်း နယ်မြေအား အစ္စရေးက ပိတ်ဆို့ထားမှုနှင့် ပတ်သက်၍ ကြေညာချက်တွင် "ဂါဇာဒေသတွင် လူသားချင်း စာနာသော အကူအညီများ၊ ရောင်းဝယ်ခြင်းဆိုင်ရာ ပစ္စည်းများ၊ လူများ လွတ်လပ်စွာ သွားလာစီးဆင်းနိုင်ရေး အတွက် သက်ဆိုင်သူများ အတူတကွ လုပ်ကိုင်ကြရန် ကျွနိုပ်တို့ တိုက်တွန်းသည်။ ယခုလက်ရှိ အခြေအနေမှာ ဆက်လက် ရှိမနေသင့်ဘဲ ပြောင်းလဲပစ်ရမည်" ဟု ဖော်ပြထားသည်။

G-8 ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ၂၀၁၅ တွင် ကုလသမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို ပျက်စီးသွားစေကြောင်း၊ ထို့ကြောင့် အကူအညီ ပေးရေး ကတိကဝတ် အသစ်များ ထပ်မံ ချမှတ်ရန် လိုအပ်ကြောင်း ပြောခဲ့ကြသည်။

အကူအညီ အထောက်အပံ့များ ပေးရေးသည် G-8 ၏ အရေးကြီးဆုံးသော အချက်တစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံများသည် ၎င်းတို့ လုပ်ဆောင်ရန် ရှိသည်များကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

BBC ၏ သံတမန် ရေးရာ သတင်းထောက် Bridget Kendall က တိုရန်တိုတွင် ပြောကြားခဲ့ရာတွင် ယမန်နှစ်ကနှင့် မတူသော အချက်တစ်ခုမှာ G-8 သည် လွန်ခဲ့သော ငါးနှစ် Gleneagles ထိပ်သီး အစည်းအဝေးတွင် ၎င်းတို့ ချမှတ်ခဲ့သော အကူအညီ ပေးရေး ရည်မှန်းချက်များ ကိစ္စကို ထည့်သွင်း ဆွေးနွေးခြင်း မပြုကြောင်း၊ ထိုရည်မှန်းချက်များမှ အချို့မှာ ပြည့်မီခြင်း မရှိသေးကြောင်း၊ ယခု အစည်းအဝေးတွင် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးနှင့် ကလေးစိတ်ဓာတ် မြင့်မားရေးကိုသာ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

သောကြာနေ့က G-8 သည် ယခုမှ နောင်ငါးနှစ်အတွင်း မိခင်များ ကျန်းမာရေးနှင့် ကလေးသူငယ်များ အတွက် ဒေါ်လာ ၅ ဘီလီယံ (ပေါင်စတာလင် ၃.၃ ဘီလီယံ) လှူဒါန်းရန် သဘောတူခဲ့သည်။

BBC သတင်းထောက်က အကူအညီပေးရေး အေဂျင်စီများက ချက်ချင်း ဝမ်းနည်းကြောင်း တုန့်ပြန် စကားဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၅ ခုနှစ်က ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး အတွက် ရည်မှန်းခဲ့ကြသော်လည်း ၂၀၁၀ တွင် ရည်မှန်းချက် ဆင်းရဲမွဲတေမှုကို တွေ့ရသောကြောင့်ဟု ဆိုသည်။

စနေနေ့က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စ မဆွေးနွေးမီ သောကြာနေ့က ဘတ်ဂျက် မူဝါဒများ အတွက် အမြင်မတူမှုများကို ပေါင်းစပ်ပေးနိုင်ရန် ကြိုးစားခဲ့သည်။

ကမ္ဘာပေါ်တွင် စီးပွားရေး လိုငွေပြမှုကို လျှော့ချမည်လော၊ သို့မဟုတ် စီးပွားရေး တိုးတက်မှု အတွက် ငွေထပ်ထည့်မည်လောဟု ကွဲပြားနေချိန်တွင် တိုရန်တို၌ G-8 နှင့် G-20 အစည်းအဝေးများ ကျင်းပခြင်း ဖြစ်နေသည်။

ဥရောပနိုင်ငံများက ငွေကြေး မလုံလောက်မှုအား ကြေညာလာကြရာ ၎င်းသည် ကမ္ဘာ့စီးပွားရေး နာလံထူမှုအား နှောင့်နှေးစေမည်လားဟု သမ္မတ Obama က စိုးရိမ်လျက် ရှိနေသည်။

G-8 ခေါင်းဆောင်များသည် တရုတ် အပါအဝင် စီးပွားရေး အင်အားကြီးနိုင်ငံများ ပါဝင် ပူးပေါင်းထားသော G-20 တွင် ဆက်လက် ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

Obama က စီးပွားရေး တိုးတက် ကြီးထွားရေး မြှင့်တက်ရေး အတူတကွ လုပ်ကိုင်ရန် အတွက် ကမ္ဘာစီးပွားရေးသည် အားလုံးနှင့် ခွဲထုတ်၍ မရအောင် ဆက်စပ် ပတ်သက်လျက် ရှိကြောင်း တောင်းဆိုခဲ့သည်။

BBC စီးပွားရေး သတင်းထောက် Andrew Walker က ပြောကြားရာတွင် G-20 အတွက် လိပ်ခဲတည်းလည်း ဖြစ်နေသော ကြွေးမြီ ပြဿနာအတွက်၊ တစ်ခုခု သတ်မှတ်ရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment