Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံမှ စတီး ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သော Taiyuan Iron and Steel Group (TISCO) သည် China Nonferrous Metal Mining Group(CNMC) နှင့် မြန်မာနိုင်ငံရှိ တကောင်းတောင် (Tagaung Taung) နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း  TISCO ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။

CNMC Nickel သည် ယခင်က တကောင်းတောင် သတ္တုတူးဖော်ရေး စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် TISCO က CNMC တွင် အစုရှယ်ယာ ရရှိရန် အရင်းအနှီး ထည့်ဝင်မည် ဖြစ်ကြောင်း သိရသည်။ တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းသည် တရုတ်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်သည့် အကြီးဆုံးသော သတ္တု တူးဖော်ရေး စီမံကိန်းကြီး ဖြစ်သည်။

လေ့လာ သုတေသန ပြုချက်အရ တကောင်းတောင် သတ္တုတွင်းတွင် အဆင့်မြင့် အရည်အသွေး ရှိသော နီကယ်သတ္တု တန်ပေါင်း သန်း ၃၀ နှင့် အခြား နီကယ်သတ္တု တန်ပေါင်း ခုနစ်သိန်းခန့် ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းကို လာမည့် နှစ် ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း လုပ်ကိုင်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၈၀၀ ဖြစ်ကာ တစ်နှစ်လျှင် နီကယ်-သံ သတ္တုတန်ပေါင်း ၈၅၀၀၀ တန်နှင့် နီကယ် တန်ပေါင်း ၂၂၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သတ္တု တူးဖော်ရေးတွင်း တည်ဆောက်မှု လုပ်ငန်းများမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

နီကယ်သည် နိုင်ငံ အသီးသီးအတွက် ရှားပါးသော မဟာဗျူဟာ အရင်းအမြစ် တစ်ခု ဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမည့် TISCO သည် ကမ္ဘာ့အကြီးဆုံး စတီး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်ပြီး တစ်နှစ်လျှင် နီကယ်တန်ပေါင်း တစ်သိန်းခန့် ဝယ်ယူလျက် ရှိသည်။

"နီကယ် သတ္တုဟာ စတီး ထုတ်လုပ်ရေး လုပ်ငန်းအတွက် အင်မတန် အရေးကြီးတဲ့ ကုန်ကြမ်း ဖြစ်ပြီး နီကယ်အတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း အများဆုံး ဖြစ်ပါတယ်" ဟု Mysteel.com မှ ကျွမ်းကျင်သူ ပညာရှင် Zeng Jiesheng က ပြောကြားသည်။ Mysettl.com သည် စတီးဈေးကွက် သုတေသနနှင့် ခွဲခြမ်း စိတ်ဖြာရေး အဖွဲ့တစ်ခု ဖြစ်သည်။

People's Daily Online မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inchincloser, 29th July 2010

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကြွယ်ဝပြီး၊ တရုတ်နှင့် အိန္ဒိယကြားတွင် မဟာဗျူဟာ ကျကျ တည်ရှိနေခြင်းကြောင့် နိုင်ငံများ ကြားတွင် ပြိုင်ဆိုင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကို ဖြစ်စေသည်။ တရားဝင် သတင်း အချက်အလက်များ ရရှိရန် ခက်ခဲသော်လည်း၊ တရုတ်၊ တောင်ကိုးရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တိုက်ရိုက် (FDI) ပြုသောနိုင်ငံများ ဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ စီးပွားရေးကပ်နှင့် အမေရိကန်နှင့် အီးယူတို့၏ အရေးယူမှု ပိုမို တင်းကြပ်မှုကြောင့် မြန်မာနိုင်ငံတွင် FDI ၇၀ % ကျဆင်းခဲ့ရသည်။

မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဋ္ဌာန၏ ကိန်းဂဏန်းများ အရ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၀၉ တွင် အမေရိကန် ဒေါ်လာ (၉၈၅) သန်း ရှိခဲ့ရာမှ ၂၀၀၉-၂၀၁၀ တွင် ဒေါ်လာ (၃၁၅) သန်းသာ ရှိပြီး ၆၈ % ထိုးကျခဲ့သည်။ ထိုကဲ့သို့ ထိုးဆင်းသွားခြင်းမှာ ၂၀၀၈နှင့် ၂၀၀၉ တွင် တရုတ်က သတ္တု တူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ (၈၆၀) သန်း ရင်းနှီး မြှုပ်နှံခဲ့ပြီး၊ ယမန်နှစ်ကမူ ရင်းနှီး မြှုပ်နှံမှု မရှိ၍ ဖြစ်သည်။ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ ၈၇ % ရှိသည်။

တိုင်းပြည်တွင်း  ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာရေးနှင့် အိမ်နီးချင်းများနှင့် မဟာဗျူဟာ ကျသော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယူးဒေလီတွင် အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံတွင် ဒေါ်လာ သန်းချီ၍ ရင်းနှီး မြှုပ်နှံမှု ပြုနေခြင်းမှာ အကြောင်းအချက် နှစ်ခု ရှိသည်။

မြန်မာနိုင်ငံတွင် ရှည်လျားသော ပင်လယ် ကမ်းရိုးတန်းကြီး ရှိသည့် အလျောက် ကမ္ဘာပေါ်တွင် မဟာဗျူဟာ အကျဆုံး ရေကြောင်းလမ်းများတွင် တစ်ခု အပါအဝင် ဖြစ်သော မလက္ကာ ရေလက်ကြား အနီးတွင် ရေတပ်များ ချထားရန် အထူး သင့်လျော်လှသည်။ မလက္ကာ ရေလက်ကြားသည် မလေးရှားနှင့် အင်ဒိုနီးရှား အကြားရှိ ကျဉ်းမြောင်းသော သင်္ဘော သွားလာနိုင်သည့် ရေလမ်းဖြစ်ပြီး ပါရှန် ပင်လယ်ကွေ့နှင့် တရုတ် အကြား အတိုဆုံး ပင်လယ် လမ်းကြောင်းဖြစ်သည်။ ၎င်းမှာ  အာရှတိုက်တွင် အဓိက စစ်ဆေးမှုဂိတ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ၈၀% သော ရေနံ တင်သွင်းမှုများကို ရေနံတင် သင်္ဘောများဖြင့် မလက္ကာ ရေလက်ကြားကို ဖြတ်ကြရသည်။ ထို့ကြောင့် မလက္ကာ ရေလက်ကြားသည် တရုတ်နှင့် အိန္ဒိယ အတွက် အဓိက အရေးပါသော နေရာ ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံကလည်း တရုတ်၏ ပုလဲကုံး သီအိုရီ (string of pearls theory) အရ မဟာဗျူဟာ ကျသော နေရာတွင် ရှိနေသည်။ အဆိုပါ သီအိုရီတွင် မလက္ကာ ရေလက်ကြားအား အမေရိကန်က ထိန်းချုပ်ထားမှုအား တန်ပြန် ပြုလုပ်နိုင်ရေး အတွက် ရေးဆွဲထားသည်။

မြန်မာနိုင်ငံ တည်နေရာသည် တရုတ်နှင့် အိန္ဒိယအတွက် စစ်ရေး အရ အရေးကြီးသော နေရာတွင် ရှိနေသည်။ ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံသည် တရုတ်နှင့် သဘောတူညီမှု တစ်ခု ရရှိခဲ့ရာ၊ မြန်မာ့ ရေတပ်အား ခေတ်မီအောင် တပ်ဆင်ပေးပါက ဂရိတ်ကိုကိုးကျွန်းကို တရုတ်ရေတပ်အား အသုံးပြုခွင့် ပေးမည်ဟု ဖြစ်သည်။ ကိုကိုးကျွန်းကို  အိန္ဒိယ၏ အင်ဒမန်နှင့် နီကိုဘာကျွန်းများမှ ၁၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုကတည်းက တရုတ် ပညာရှင်များသည် ဂရိတ် ကိုကိုးကျွန်းပေါ်တွင် အီလက်ထရွန်းနစ် ထောက်လှမ်းရေး စခန်း တစ်ခု တည်ဆောက်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မြိတ်တို့တွင် စစ်တပ်သုံး ဆိပ်ကမ်း အဆောက်အဦးများ တိုးတက် ပြုလုပ်ပေးခြင်းနှင့် ဟိုင်းကြီးကျွန်းတွင် အဓိက ရေတပ်စခန်း ဋ္ဌာနချုပ် တစ်ခု တည်ဆောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထို့အပြင် တရုတ်သည် ရန်ကုန်နှင့် စစ်တွေ ဆက်သွယ်သော ကားလမ်း တည်ဆောက်မှုအတွက် ငွေထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံ တောင်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်နိုင်သော အတိုဆုံးလမ်း ရရှိရေး အတွက် ထောက်ပံ့နေခြင်း ဖြစ်သည်။ တရုတ်သည် အဝေးပြေးလမ်း တည်ဆောက်ခြင်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးများ တည်ဆောက်ပေးခြင်းဖြင့် တဆင့်ခံ ကုန်သွယ်ရေးကို ပိုမို လွယ်ကူစေပြီး၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ မြန်မာ ဆိပ်ကမ်းများနှင့် ရေတပ် တည်ဆောက်ရေးများတွင် ပါဝင်ခြင်းဖြင့် တရုတ်သည် ဘင်္ဂလား ပင်လယ်အော်တွင် မဟာဗျူဟာ ကျသော လွှမ်းမိုးမှု ရရှိနိုင်သည်။ ထိုသို့ဖြင့် ၎င်း၏ ပုလဲကုံး သီအိုရီကို ပိုမို ခိုင်မာ အားကောင်းစေမည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံကလည်း မြန်မာနိုင်ငံအား ဆွဲဆောင်ရန် ကြိုးစားလျက် ရှိသော်လည်း၊ ဤဆင်းရဲသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံလောက် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ခဲ့ပေ။ နယူးဒေလီသည် ရန်ကုန်နှင့် ကူးသန်း ရောင်းဝယ်ရေး အဆက်အဆံ အတွက် လက်မှတ် ရေးထိုးခဲ့ရာ စစ်တွေ ဆိပ်ကမ်းမှ ကလကတ္တား အထိ ဆက်သွယ်မှု လမ်းကြောင်း အတွက် ဒေါ်လာသန်း (၁၀၀) အသုံးပြုမည် ဖြစ်သည်။ သန်းရွှေ၏ မကြာသေးမီက အိန္ဒိယ ခရီးစဉ်တွင် EXIM ဘဏ်သည် ရထားလမ်း စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ ဒေါ်လာသန်း (၆၀) ပေးရန် သဘောတူခဲ့သည်။ တရုတ်နှင့် ပါကစ္စတန် တို့မှ စစ်ရေးအရ ဖိအားပေးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အိန္ဒိယသည် မြန်မာ အစိုးရအား ဆွဲဆောင်သည့် အနေဖြင့် စစ်ရေး လေ့ကျင့်ပေးမှု အစီအစဉ်များ၊ လက်နက်များနှင့် စစ်ရေး     ဆိုင်ရာ အမာထည် ပစ္စည်းများ (military hardware) ရောင်းချပေးမှုများ ပံ့ပိုးခဲ့သည်။

ယခု လောလောဆယ် သဘာဝ ဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော ဝင်ငွေရလမ်း ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ FDI ၏ သုံးပုံတစ်ပုံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍ  ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ စုစုပေါင်း FDI သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံ ရှိရာ၊ စုစုပေါင်း FDI ၏ ၃၃ % ရှိသည်။ အိန္ဒိယနှင့် တရုတ်တို့၏ မြန်မာနိုင်ငံနှင့် နီးစပ်အောင် ကြိုးစားမှုများသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍ လုံခြုံရေး အတွက် တိုးတက်မှုများ ရှိသည်။ ၎င်းတို့အတွက် စွမ်းအင် ဖြည့်တင်းရေး အရင်းအမြစ် အသစ် ရရှိပြီး၊ ဈေးကြီးသော LNG ( Liquid natural gas) သယ်ယူ ပို့ဆောင်ရသော ဒုက္ခကို ရှောင်ရှားပြီး ဖြစ်စေသည်။

၂၀၀၄ ခုနှစ်တွင် တောင်ကိုးရီးယား အစိုးရပိုင် ဒေဝူး ၇၀ %၊ အိန္ဒိယ၏ ONGC ၂၀ %၊ GAIL ၁၀ % ပါဝင်သော အဖွဲ့မှ ရခိုင်ကမ်းရိုးတန်း အနီးတွင်ရှိ ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်မှ သဘာဝ ဓါတ်ငွေ့ အမြောက်အမြား တွေ့ရှိခဲ့သည်။ အဆိုပါ သဘာဝ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ရာ၊ အဆိုပါ ဓါတ်ငွေ့သည် အိန္ဒိယနှင့် တရုတ်ကြား ဆက်ဆံရေးတွင် အငြင်းပွားစရာ ကိစ္စ တစ်ခု ဖြစ်လာသည်။ တရုတ်-အိန္ဒိယ စွမ်းအင် ကော်ပိုရေးရှင်းများ ကြားတွင် အတားအဆီး တစ်ခု ဖြစ်လာသည်။

အဆိုပါ ဓါတ်ငွေ့အား ပထမဦးစွာ မြန်မာ အစိုးရက အိန္ဒိယသို့ ပိုက်လိုင်းဖြင့် ဝယ်ယူနိုင်ရေး အခွင့်အရေး ပေးခဲ့သော်လည်း၊ အိန္ဒိယ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး မပြေလည်သဖြင့် အဆိုပါ ကိစ္စ ပျက်ပြားသွားခဲ့ရသည်။ တရုတ်က အခြေအနေကို အခွင့်ကောင်းယူနိုင်ခဲ့သည်။ တရုတ်က မြန်မာနိုင်ငံကို ဖြတ်ပြီး ဘီလျံ ဒေါ်လာချီ၍ ရင်းနှီး မြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရန် အဆိုပြုပြီး အိန္ဒိယ ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ မြန်မာနိုင်ငံ၏ ရေနက် ဆိပ်ကမ်း ကျောက်ဖြူမှ တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်း အထိ ကီလိုမီတာ ၂၃၀၀ ကျော် ပိုက်လိုင်း သွယ်မည်ဖြစ်ပြီး၊ ကူမင်းတွင် ရေနံချက် စက်ရုံ တည်ဆောက်ရန် တရုတ်က စီစဉ်ထားသည်။

ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် မြန်မာတရုတ် ရေနံပိုက်လိုင်းသည် အာဖရိက ဆူဒန်နှင့် အခြား ဒေသများနှင့် အီရန်၊ ဆော်ဒီအာရေဗီးယား တို့ကဲ့သို့ အရှေ့အလယ်ပိုင်းမှ တရုတ်တို့ ဝယ်ယူထားသော ရေနံနှင့် သဘာဝဓါတ်ငွေ့များအတွက် သယ်ယူရာ လမ်းကြောင်းဖြစ်လာပြီး၊ ပြဿနာ ဖြစ်နိုင်သော မလက္ကာ ရေလက်ကြား အပေါ် မှီခိုရမှုများကို ထိန်းချုပ်လိုက်ပါက မြန်မာနိုင်ငံသည် တရုတ်ပြည်မကြီးနှင့် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများ ကြားတွင် တံတားသဖွယ် ဖြစ်လာမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 31st July 2010

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်လာရန် ဂျပန်နိုင်ငံ၏ ရှေ့သို့ ကျော်တက်ခဲ့သည်ဟု ဗဟိုဘဏ် ဝါရင့် အရာရှိ တစ်ဦးက သောကြာနေ့က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရ နိုင်ငံခြားငွေ လဲလှယ်ရေး အုပ်ချုပ်မှုဌာန (SAFE) အကြီးအကဲ ရီဇိုင်းက ကိန်းဂဏန်းများ အပေါ် မည်သို့ မည်ပုံ တွက်ချက်ခဲ့သည် ဆိုသည်ကို ရှင်းပြခြင်း မရှိဟု SAFE ဝက်ဘ်ဆိုက်တွင် တင်ထားသော မှတ်ချက်များအရ သိရှိရသည်။

"အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ဖြစ်သွားခဲ့ပါပြီ" ဟု ရီဇိုင်းက "တရုတ် ပြုပြင် ပြောင်းလဲမှု မဂ္ဂဇင်း" နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေါ်လာ ၅၈၆ ဘီလျံ တန်ဖိုးရှိ စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်ဖြင့် ပံ့ပိုးခြင်း၊ နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ထုတ်ပေးခြင်းတို့ကြောင့် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ကာ အင်အားကြီးလာခဲ့ပြီး၊ ယခုနှစ် ဒုတိယ လေးလပတ်တွင် ၁၀.၃ %၊ ပထမ နှစ်ဝက်တွင် ၁၁.၁ % စီးပွားရေး တိုးတက်ခဲ့သည်။

ယခုနှစ် ပထမ ၆ လ အတွင်း တရုတ်နိုင်ငံ၏ အသားတင် ပြည်တွင်း ထုတ်လုပ်မှု GDP သည် ယွမ်ငွေ ၁၇.၂၈၄ ထရီလီယံသို့ ရောက်ရှိခဲ့သည်ဟု အမျိုးသား စာရင်းအင်း ဗျူရိုမှ ရရှိသော ကိန်းဂဏန်းများအရ သိရှိရသည်။ ၎င်းပမာဏကို ဗဟိုဘဏ်က အသုံးပြုနေသော လစဉ် ပျမ်းမျှ ငွေလဲနှုန်းဖြင့် တွက်ချက်ပါက ဒေါ်လာ ၂.၅၃၂၄ ထီရီလီယံ ရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံက ၎င်း၏ ပထမ နှစ်ဝက် ဂျီဒီပီ GDP ကိန်းဂဏန်းများကို သြဂုတ် လလယ်တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ကြောင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်ဟု စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ထားသည့်တိုင် မြောက်ကိုရီးယားက မဟုတ်မမှန်ကြောင်း ငြင်းပယ်လျက် ရှိသည်။

မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုမှ ဗိုလ်မှူးကြီးများသည် ကုလသမဂ္ဂ၏ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် ချိုနန် စစ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှုအဖွဲ့နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံက ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှု ပြုလုပ်ချိန် အတွင်းမှာပင် တရုတ်နိုင်ငံကလည်း ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က လူပေါင်း ၄၆ ဦး သေဆုံးစေခဲ့သည့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင် ဒေသတွင် ရေတပ်နှင့် လေတပ် စစ်ရေး လေ့ကျင့်မှုများ လေးရက်တာမျှ ပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှု ပုံစံသည် နှစ်နိုင်ငံ စစ်ဘက် လေ့ကျင့်မှုများတွင် ပထမဆုံး ဖြစ်သည်ဟု သတ်မှတ် ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကို ပြုံးယမ်း ကွန်မြူနစ် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ဒေသ Panmunjom မြို့တွင် ကုလသမဂ္ဂက ကျင်းပ ပြုလုပ်ပေးသည့် ဆွေးနွေးပွဲကိုမူ စီစဉ် ထားသည့်အတိုင်း ဖြစ်မြောက်စေခဲ့သည်။

မြောက်ကိုရီးယားက ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ သို့သော် ကုလသမဂ္ဂ ဦးဆောင်သော တင်းမာမှု လျှော့ချရေး ဆွေးနွေးပွဲများ တက်ရောက်မည်ဟု သဘောတူညီခဲ့သည်။

အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှု အဖွဲ့နှင့် မြောက်ကိုရီးယား ဆွေးနွေးမှုသည် အနာဂတ် ကာလတွင် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရန် အဓိက ဦးတည်ထားသည်။ ပထမဆုံးသော ဆွေးနွေးမှုကို ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုတွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့် သက်သေ အထောက်အထားများကို စစ်ဆေးမည့် ပူးတွဲ အဖွဲ့တစ်ခု ဖွဲ့စည်းရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ ညွှန်ကြားမှု အဖွဲ့ရုံးသည် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ် ပြီးဆုံးသည့် အချိန်မှ စ၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ထို့အတူ တောင်ကိုရီးယား နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ခန့် ရှိသည်။ ယခု နောက်ဆုံးပြုလုပ်ခဲ့သည့် အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံကလည်း ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, 30th July 2010

မြန်မာနှင့် မြောက်ကိုရီးယား အာဏာပိုင်များ အကြား ဆွေးနွေးမှုများ သောကြာနေ့တွင် နှစ်ရက်မြောက် ခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား ဖူးသစ်စ လျှို့ဝှက် ဆက်ဆံရေးမှ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု လက္ခဏာများကို သတိထား စောင့်ကြည့်နေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန်၏ မြန်မာနိုင်ငံ ၄ ရက် ခရီးစဉ်ကို လျှို့ဝှက်ချက် အဖြစ် ဖုံးကွယ်ထားသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၂၀၀၇ ခုနှစ်က ပြန်လည် ထူထောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ော ပတ်အီချွန်၏ ခရီးစဉ် နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် အနည်းငယ်သာ ပေါက်ကြားခဲ့ပြီး အဆိုပါ ခရီးစဉ် ရောက်ရှိနေခြင်းကို မြန်မာ အစိုးရက တရားဝင် ကြေညာခြင်း မရှိပါ။

အဆိုပါ ခရီးစဉ် အပေါ် မှတ်ချက်ပေးရန် မေးမြန်းခဲ့ရာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ PJ Crowley က "လက်နက် ရောင်းဝယ်မှု တားမြစ်ခြင်း အပါအဝင် မြောက်ကိုရီးယား အပေါ် ချမှတ်ထားသော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို လိုက်နာရန်" မြန်မာနိုင်ငံကို တိုက်တွန်းလိုက်သည်။

"မြောက်ကိုရီးယားက နျူကလီယာ ပြန့်ပွားမှုကို ဆက်တိုက် ကျူးလွန်နေတဲ့ နိုင်ငံပါ။ မြောက်ကိုရီးယားဟာ သိသာ ထင်ရှားတဲ့ တရားမဝင် ဆောင်ရွက်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာတလွှားက တခြားနိုင်ငံတွေလိုပဲ လိုက်နာရမယ့် ဝတ္တရား ရှိပါတယ်။ ဒီလိုက်နာရမယ့် တာဝန် ဝတ္တရားတွေကို မြန်မာနိုင်ငံက ကျင့်သုံး လိုက်နာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ကြာသပတေးနေ့တွင် ဝါရှင်တန်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ "သူတို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး အနေအထားက ပွင့်လင်း မြင်သာမှု မရှိတာကြောင့် မြောက်ကိုရီးယားဟာ တကယ်ပဲ မြန်မာနိုင်ငံမှာ နျူကလီယာ ပြန့်ပွားရေး အစီအစဉ်တွေ လုပ်ကိုင် ကျူးလွန်နေခြင်း ရှိမရှိကို အကဲဖြတ်ဖို့ ခက်ခဲပါတယ်" ဟု ၎င်းက ဆိုသည်။

"ပတ်အီချွန်သည် သောကြာနေ့တွင် စစ်ဖက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ကာ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းတို့နှင့် တွေ့ဆုံ လိမ့်မည်" ဟု စစ်အစိုးရ ရေဒါ စက်ကွင်း မလွတ်၍ အမည် မဖော်လိုသူ သံတမန်များနှင့် အရာရှိများက ပြောကြားသည်။

မြန်မာ နှင့် မြောက်ကိုရီးယားတို့သည် အာရှတိုက်၏ အဆိုးဆုံး အာဏာရှင် အစိုးရများ ဖြစ်ပြီး၊ အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများနှင့် နှစ်နိုင်ငံစလုံး ရင်ဆိုင်နေရသည်။ ၎င်းနှစ်နိုင်ငံသည် လက်ရှိနှစ်များ အတွင်း ပိုမို ရင်းနှီးစွာ ဆက်ဆံလာကြပြီး၊ အထူးသဖြင့် စစ်ဖက်ရေးရာ ကဏ္ဍများတွင် ဖြစ်သည်။ စစ်ဖက် အုပ်ချုပ်သော အရှေ့တောင် အာရှ မြန်မာနိုင်ငံကို ပြုံးယမ်းက နျူကလီယာ နည်းပညာ ထောက်ပံ့နေသည်ဟု နိုင်ငံတကာက စိုးရိမ် ပူပန်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, by AFP, 30th July 2010

မြန်မာနိုင်ငံတွင် မြောက်ကိုရီးယား၏ အထီးကျန် ခေါင်းဆောင် ကင်ဂျုံအီ၏ အတ္ထုပ္ပတ္တိအား မြောက်ကိုရီးယား သံရုံးမှ တာဝန်ခံများက ၎င်းတို့၏ ခွင့်ပြုချက် မရရှိ၍ ဟုဆိုကာ စာအုပ် ရာနှင့်ချီ၍ လိုက်လံ သိမ်းဆည်းလျက် ရှိကြောင်း၊ စာအုပ် ရေးသားသူ စာရေးဆရာက သောကြာနေ့က ပြောကြားခဲ့သည်။

နာမည်ကြီး စာရေးဆရာ ဟိန်းလတ်က AFP သို့ ပြောကြားရာတွင် ယခုလ အစောပိုင်းက ရန်ကုန်ရှိ မြောက်ကိုရီးယား သံတမန်များက ကင်ဂျုံအီ အကြောင်း မြန်မာ ဘာသာစာအုပ်အား ပြန်လည် ရုတ်သိမ်းရန် ပြောခဲ့သည်ဟု ဆိုသည်။

"သူတို့က ပြောတယ်။ ဒီစာအုပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်နိုင်တယ်လို့ ပြောတယ်။ ဒီစာအုပ်ကို ဆက်မဖြန့်ဖို့ ပြောတယ်။ ဒီစာအုပ်မှာပါတဲ့ အချက်တွေ မှားနေလို့လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။ ၎င်းသည် ၎င်းထံတွင် ရှိသော စာအုပ် ၃၁၀ ခန့်ကို အဆိုပါ မြောက်ကိုရီးယားများအား ပေးအပ်ခဲ့သည်ဟု ဆိုသည်။

စာအုပ်များ မသိမ်းမီက အုပ် ၇၀၀ ခန့် ရောင်းခဲ့ရပြီး ဖြစ်သည်။ အဆိုပါ စာအုပ်တွင် ကိုးကားထားသော အမေရိကန်တွင် ရိုက်နှိပ် ထုတ်ဝေသော စာအုပ်များကို မြောက်ကိုရီးယားတို့ ကြိုက်ဟန် မတူကြောင်း ၎င်းက ဆိုသည်။

"သူတို့က ပြောတာက သူတို့ တိုင်းပြည်မှာ တရားဝင် ထုတ်ထားတဲ့ စာအုပ်တွေကို ကိုးကားနိုင်ပါတယ်တဲ့။ သူတို့ တိုင်းပြည်မှာ ထုတ်ဝေခြင်း မရှိတဲ့ စာအုပ်တွေမှာ အမှားတွေ မတိကျတာတွေ ပါတယ်လို့ ပြောပါတယ်" ဟု ဟိန်းလတ်က ပြောသည်။

ကင်ဂျုံအီ အတ္ထုပ္ပတ္တိအား မြန်မာနိုင်ငံတွင် တာဝန်ရှိသူများထံမှ ပုံနှိပ် ထုတ်ဝေရန် ခွင့်ပြုချက် ရပြီး ဖြစ်ကြောင်း စာရေးသူက ပြောသည်။ ယခု မြောက်ကိုရီးယား သံတမန်များ၏ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ခွင့်ပြုချက် ရမရ ဆိုသည်ကို မရှင်းကြောင်း ဟိန်းလတ်က ပြောသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 31st July 2010

မြန်မာနိုင်ငံတွင် စစ်ဖက် အစိုးရက ကျူးလွန်ဖွယ် ရှိသော ရာဇဝတ်မှုများနှင့် လူသားထု အပေါ် ကျူးကျော်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကုလသမဂ္ဂ အထူး ကော်မရှင် ဖွဲ့စည်းရေးကို အားပေး ထောက်ခံရန် အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ဦးက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို သောကြာနေ့တွင် တိုက်တွန်းခဲ့ကြသည်။

အမေရိကန် အစိုးရ အနေဖြင့် အရေးယူမှုနှင့် ညှိနှိုင်း ဆွေးနွေးမှုကို ပူးတွဲ၍ ဆက်လက် ကျင့်သုံးနေချိန်တွင် မြန်မာပြည်သူများ အပေါ် မိမိတို့ ကတိပြုထားသော ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဥပဒေ စည်းကမ်းများနှင့် ပတ်သက်၍ မြန်မာ အစိုးရကို လှုံ့ဆော် စည်းရုံးရာတွင် အဆိုပါ ကော်မရှင်က အကူအညီ ပေးနိုင်လိမ့်မည်ဟု မိမိတို့ ယုံကြည်သည်ဟု အမတ်များက ရေးသားထားသည်။

ဒီမိုကရက်တစ် လွှတ်တော် အမတ် Dianne Feinstein နှင့် ရီပတ်ဘလီကန် လွှတ်တော် အမတ် Judd Gregg တို့ ဦးဆောင်သော လွှတ်တော် အမတ် အုပ်စုက "ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် အနေဖြင့် မြန်မာနိုင်ငံမှ တပုံစံထဲသော လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများကို ပြသနေသည့် အစီရင်ခံစာ များစွာကို လေ့လာရန် လိုအပ်သည်" ဟု ပြောကြားခဲ့သည်။

ကလေး စစ်သား အသုံးပြုခြင်း၊ တိုင်းရင်းသား လူမျိုးများကို နေရာ ဖယ်ခိုင်းခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မုဒိန်းမှုကို စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ အဓမ္မ ခိုင်းစေခြင်း စသော ဖြစ်ရပ်များကို ၎င်းတို့က ရည်ညွှန်း ကိုးကားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Quintana မြန်မာနိုင်ငံသို့ အစောပိုင်းက သွားရောက်ခဲ့ပြီးနောက် လုံခြုံရေး ကောင်စီသို့ မတ်လ အတွင်း အစီရင်ခံစာ တင်သွင်းရာတွင် အဆိုပါ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း လွှတ်တော် အမတ်များက ထည့်သွင်း ဖော်ပြသည်။

အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက အဆိုပါ နိုင်ငံကို ယခုတိုင် Burma ဟုသာ ခေါ်ဝေါ် သုံးစွဲလေ့ ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 28th July 2010

မြန်မာနိုင်ငံ တနင်္သာရီ အနောက်ဖက် ကမ်းရိုးတမ်းရှိ မဟာဗျူဟာမြောက် တန်ဖိုး မြင့်မားသည့် ဆိပ်ကမ်း ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ပိုင်ခွင့် ရရှိရန် ထိုင်းစက်မှု ကဏ္ဍ၏ ဖိအားပေးမှုများ တိုးမြင့်လာသည့် အချိန်တွင် မြန်မာ အစိုးရ ခေါင်းဆောင်ကို လတ်တလော ဆွဲဆောင် စည်းရုံးနေသည့် အိန္ဒိယနိုင်ငံ ကလည်း စိတ်ဝင်စားသော မျက်လုံးဖြင့် လေ့လာနေသည်။

ထားဝယ် ဆိပ်ကမ်းသည် မြန်မာနှင့် ထိုင်းအကြား မျှဝေ ပိုင်ဆိုင်ကြသော ကမ်းရိုးတန်း ကုန်းတန်းတွင် တည်ရှိပြီး၊ အန်ဒမန် ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ပိုင်းခြားထားသည်။ အဆိုပါ ဆိပ်ကမ်းသည် နှစ်နိုင်ငံ စလုံး အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သလို အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်ရေးရုံး သဘော တူညီမှုဆိုင်ရာ ဆွေးနွေးမှု တိုးတက်မှု ရနေသည့် အားလျော်စွာ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း အရှေ့တောင် အာရှ ဈေးကွက်သို့ ပိုမို လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံက တစ်ချိန်တည်းတွင်ပင် စင်္ကာပူ အောက်ဖက်ရှိ မလက္ကာရေလက်ကြားကို ကွေ့စိုက် ဖြတ်သန်းခြင်း မရှိဘဲ တန်ချိန် ၃၀၀,၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ထားဝယ် ဆိပ်ကမ်းမှ တဆင့် ၎င်း၏ အလယ်ပိုင်းနှင့် အနောက်ပိုင်း မြေပြန့်ဒေသများသို့ အမြန်လမ်း ဖောက်လုပ်ရန် ကိစ္စကိုလည်း လေ့လာလျက် ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ်ဘာရာနှင့် ဆောင်ခလာ ရေနက် ဆိပ်ကမ်းများကို အတည် မပြုနိုင်ခဲ့ခြင်းကြောင့် ဘန်ကောက်အတွက် ဖိအား ပိုမို ကြီးမားသည့် ထားဝယ် ဆိပ်ကမ်း အဆိုပြုလွှာ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု Bangkok Post က သုံးသပ်သည်။

အကယ်၍သာ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်မည် ဆိုပါက ထိုင်းနိုင်ငံ အနေဖြင့် ထားဝယ်နှင့် ကန်ချနာဘူရီ အကြား ကီလိုမီတာ ၁၆၀ အဓိက အဝေးပြေး လမ်းမကြီးနှင့် ရထားလမ်းများ တည်ဆောက်ရန် စဉ်းစားရမည် ဖြစ်သည်။ ထားဝယ် စီမံကိန်းတွင် အကြီးစား စက်မှုလုပ်ငန်းများနှင့် ရေနံဓာတု စက်ရုံများအတွက် စတုရန်း ကီလိုမီတာ ၃၂၀ ကျယ်ဝန်းသော မြေပေါ်တွင်လည်း အဓိက စက်မှုဇုန် တည်ဆောက်ရဦးမည်ဟု Bangkok Post က ဖော်ပြခဲ့ပြီး ဆက်လက်၍ စိတ်ချ ယုံကြည်ရခြင်း မရှိသော နယ်မြေခံ လျှပ်စစ် ဓာတ်အား ဖြန့်ဝေမှုကို ဖြည့်ဆည်းရန် အတွက် အနီးအနားတွင် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်မည့် အဆိုပြုချက်ကိုလည်း ဆွေးနွေးလျက် ရှိသည်ဟု ပြောကြားသည်။

ထားဝယ် ဆိပ်ကမ်းကို အိန္ဒိယထံ လက်လွှတ် ဆုံးရှုံးနိုင်ခြေ ရှိခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ စိုးရိမ် ပူပန်မှုများမှာလည်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းရှိ အလှမ်းမကျယ်သော စစ်တွေ ဆိပ်ကမ်းကို နယူးဒေလီက ပိုမို စိတ်ဝင်စားနေခြင်းကြောင့် အတန်ငယ် လျော့ပါးသွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် ရပ်လိုက် ပြန်စလိုက် ဖြစ်ရပ်များကြောင့် သတင်းမွှေးနေသည့် ထမံသီ ရေလှောင်တမံ ကဲ့သို့သော စိတ်ချရခြင်း မရှိသည့် အိန္ဒိယ အဆိုပြု အခြေခံ အဆောက်အဦ စီမံကိန်းများ၏ သာဓက ကြောင့်လည်း ပိုမို စိတ်သက်သာရာ ရစေပါသည်။

သို့သော်လည်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းများမှသည် အကြမ်းဖက် တန်ပြန် နှိမ်နင်းရေး ကိစ္စများအထိ ပါဝင်သော အပြန်အလှန် သဘောတူညီမှုများ လက်မှတ် ထိုးရန်အတွက် လတ်တလော နယူးဒေလီသို့ ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာ ထိုင်းအစီရင်ခံစာများ၏ အချိန်ကိုက်မှုကို ပြောကြားနိုင်ပါလိမ့်မည်။

သို့ရာတွင် ဘင်္ဂလားပင်လယ်အော် ပတ်လည်မှ နိုင်ငံများအား စီးပွားရေး ဖွံ့ဖြိုးမှု အတွက် စုစည်းထားသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး စနစ်တစ်ခု ဖြစ်သည့် BIMSTEC တွင် အိန္ဒိယများက ဦးဆောင် အဖွဲ့ဝင်များ ဖြစ်နေရာ အိန္ဒိယ လက်ရှိ အနေအထား အတွက် လိုအပ်ချက် ဖြစ်နေသော မြန်မာနိုင်ငံကို ဆွဲဆောင် စည်းရုံးရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင် မြဝတီ မဲဆောက် အဓိက ကုန်သွယ်ရေး ဝင်ပေါက်ကို မြန်မာဖက်က ပိတ်ထားခြင်းကြောင့် ထိုင်းနှင့် မြန်မာအကြား တင်းမာမှုများ မြင့်မားနေဆဲ ဖြစ်သည်။ နှစ်နိုင်ငံ နယ်ခြား သောင်ရင်းမြစ် တစ်လျောက် ထိုင်းဘက်ခြမ်းတွင် ကွန်ကရစ် ကမ်းပါး  တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာဘက်ခြမ်းတွင် ရေတိုက်စားမှု ဖြစ်ပွားခဲ့သည်ဟု မြန်မာဘက်က ကန့်ကွက်ထားသည်။

ယင်းကဲ့သို့ သာမန် အငြင်းပွားမှုများ ရှိနေသော်လည်း ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ တစ်နှစ်ပြီး တစ်နှစ် အံ့အားသင့်ဖွယ် ၅၅ % တိုးတက်နေကာ ပြီးခဲ့သော ၉ လအတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံခန့် ရှိခဲ့သည်ဟု သိရှိရသည်။ အကယ်၍ နယ်စပ်ကို ဆက်ပိတ်ထားပါက ကုန်သွယ်ရေး နစ်နာ ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၁ သန်း ရှိနိုင်သည်ဟု The Nation သတင်းစာက ယနေ့ သတိပေးထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News,29th July2010

တောင်ကိုးရီးယား ဝန်ကြီးချုပ်သည် ဒုတိယ အကြိမ် နုတ်ထွက်ရန် အဆိုပြု တင်ပြခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးမှ ကြာသပတေးနေ့က ပြောကြားခဲ့သည်။ အစိုးရရုံးများကို ဆိုးလ်မြို့တော် ပြင်ပတွင် ပြောင်းရွှေ့ နေရာ ချထားခြင်းကို ရပ်တန့်နိုင်ရေး အတွက် ပါလီမန်၏ အတည်ပြုမှု ရယူရန် ရှုံးနိမ့်ပြီးနောက် ထိုသို့  နုတ်ထွက်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်အနေနဲ့ Sejong ပရောဂျက်ကို ပြန်လှန် သုံးသပ်ခဲ့ပေမဲ့ အပြီး မသတ်နိုင်ခြင်း အတွက် များစွာ နောင်တရပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေ အလကား ဖြစ်မယ့် အရေးနဲ့ အစိုးရကို အစီအစဉ် မကျမှုတွေ ဖြစ်စေမယ့် ဒီပရောဂျက်ကို မကာကွယ်နိုင်ခဲ့လို့ အပြစ်ရှိသလို ခံစားရပါတယ်'' ဟု ဝန်ကြီးချုပ် Chung Un-Chan က ၎င်း၏  website ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် သမ္မတ Lee Myung-bak က ၎င်း၏ နုတ်ထွက်စာကို လက်ခံ/ မခံ မသိရှိရသေးပေ။

ဝန်ကြီးချုပ်သည် ဇူလိုင်လ (၅) ရက်နေ့က နှုတ်ဖြင့်  နုတ်ထွက်လိုကြောင်း ပြောကြားခဲ့သော်လည်း၊ သမ္မတ Lee လက်ခံခဲ့ခြင်း မရှိခဲ့ပေ။ အစိုးရ ရုံးများ ပြောင်းရွှေ့ရေး ကြိုးစားမှုကို ရပ်တန့်ရန် ပါလီမန်၏ အတည်ပြုမှု မရရှိခဲ့ခြင်းကြောင့် ထိုသို့ နုတ်ထွက်ရန် အဆိုပြုခဲ့ခြင်း ဖြစ်ပြီး၊ ၎င်း၏ ပါတီ သြဇာလွှမ်းမိုးမှု ကျဆင်းနေသည့် လက္ခဏာ ဖြစ်သည်။

သမ္မတ၏ Grand National Party သည် မကြာမီက ပြုလုပ်ခဲ့သော ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သင်္ဘော Cheonan နစ်မြုပ်မှုကို ကိုင်တွယ်ခြင်း အပေါ် ပြည်သူ့ ဆန္ဒ သဘောထား ထင်ဟပ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အဆိုပါ သင်္ဘော နစ်မြုပ်မှု အတွက် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်လာခဲ့သည်။

မြောက်ကိုးရီးယား တော်ပီဒိုက Cheonan သင်္ဘောအား နစ်မြုပ်ခဲ့သည် ဆိုခြင်းကို မြောက်ကိုးရီးယားက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Indonesian Embassy, 21st July 2010

မြန်မာနိုင်ငံသည် အရေးကြီးလှသော အချိုးအကွေ့ကို ဖြတ်သန်း လျှောက်လှမ်းလျက် ရှိသည်။ မြန်မာ အစိုးရက အများလက်ခံမည့်၊ ပွင့်လင်းမြင်သာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြုထားရာ၊ မိမိတို့ အာဆီယံ နိုင်ငံများသည် ၎င်းတို့၏ ဒီမိုကရေစီ လမ်းကြောင်း သစ်တွင် လျှောက်လှမ်းမှုအား စောင့်ကြည့်လျက် ရှိသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထိပ်သီး အစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက လွတ်လပ်သော မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်သည် လက်ရှိအားဖြင့် ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

သို့သော် လုပ်ငန်းစဉ်များ ပြီးပြတ်မှု မရှိသေးသဖြင့်၊ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးပေ။ ပါတီ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ပြီးစီးပါက၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာလိမ့်မည် ဖြစ်သည်။

အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် အားလုံး ပါဝင်ရန် လိုအပ်သည်ဟု ထင်မြင်သည်။ အထက်ပါ ဖော်ပြချက်များမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းရှိ National Convention Center တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ အပြီး မီဒီယာများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်း ပြောကြားရာတွင် အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဆိုသည်မှာ မြန်မာ့ လူ့အဖွဲ့အစည်း အားလုံး ရွေးကောက်ပွဲတွင် ပါဝင်ခွင့် အခွင့်အလမ်း ပေးရမည်ဟု ဆိုလိုခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို သေချာစေရမည် ဖြစ်ပြီး၊ ထိုမှသာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်ပြီး လွတ်လပ်စွာ ရွေးကောက်ခံ ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် ရကြမည် ဖြစ်သည်ဟု ဆိုသည်။

အင်ဒိုနီးရှား အနေဖြင့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြဿနာများအတွက် အဖြေ မဟုတ်ကြောင်း မြင်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက အလေးထား ပြောကြားခဲ့သည်။ သို့သော် အဖြေသို့ ရောက်ရှိရေး လမ်းစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ "အင်ဒိုနီးရှားလည်း ထိုကဲ့သို့သော အခြေအနေကို ကြုံခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲဟာ မပြည့်စုံခဲ့ပါဘူး။ ဒါပေမယ့် နောက်ထပ် ရွေးကောက်ပွဲ နှစ်ခု အတွက် အခြေခံကောင်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၄နဲ့ ၂၀၀၉ မှ လုပ်တဲ့ ရွေးကောက်ပွဲတွေ အတွက် အကောင်းဆုံး အစ ပျိုးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးတာနဲ့ မြန်မာနိုင်ငံမှ ပြဿနာတွေ အားလုံး ပြေလည် သွားလိမ့်မယ်လို့ မမျှော်လင့်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဟာ ပြဿနာ ဖြေရှင်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်လို့ပါပဲ'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြီးခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတိုင်း၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အနှောင့်အယှက်များ အတားအဆီးများ ရှိစမြဲ ဖြစ်ကြောင်း၊ သို့ဖြစ်၍ အဆိုပါ ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် တိုင်းပြည်၏ ရွေးကောက်ပွဲ ဥပဒေ အတိုင်း လိုက်လုပ်ရမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက သတိပေးပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 29th July 2010

ထိုင်းနိုင်ငံ၏ ရေနံ ဓါတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီ PTTEP သည် မြန်မာနိုင်ငံပိုင် MOGE ရေနံ ဓါတ်ငွေ့ လုပ်ငန်းနှင့် ဇောတိက (သို့) M 9 လုပ်ကွက်မှ  သဘာဝဓါတ်ငွေ့များ ဝယ်ယူရန် သဘောတူ စာချုပ်ကို သောကြာနေ့တွင် လက်မှတ် ရေးထိုးမည်ဟု စွမ်းအင် ဝန်ကြီး ဝါနရတ် ချန်နူကူ က ကြာသပတေးနေ့တွင် ပြောကြားသည်။

စာချုပ် လက်မှတ်ထိုးရာတွင် သက်သေ အဖြစ် ပါဝင်ရန် မနက်ဖြန် မြန်မာသို့ သွားမည်ဟု ၎င်းက ပြောကြားသည်။

"တိုင်းပြည် အတွက် စွမ်းအင် လုံခြုံမှု သေချာအောင်  PTTEP က ပင်လယ်ရပ်ခြား စွမ်းအင် ရင်းမြစ်တွေ အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တာဟာ ထိုင်းနိုင်ငံအတွက် သတင်းကောင်းပါပဲ'' ဟုဝန်ကြီးက ဆိုသည်။

M9 လုပ်ကွက်တွင် အရံ ဓါတ်ငွေ့ သိုလှောင်မှု ပမာဏ ကုဗမီတာ ၁.၄ ထရီလျံ ရှိသည်ဟု ခန့်မှန်းထားသည်။ MOGEက ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗမီတာ သန်း ၂၄၀ နှုန်းဖြင့် ပို့ဆောင်မည် ဖြစ်ကာ နောက်ထပ် သန်း ၆၀ ကုဗမီတာကို ပြည်တွင်းတွင် ဖြန့်ဖြူးမည်ဟု ဆိုသည်။

နှစ် ၃၀ သဘောတူ စာချုပ် အရ MOGE က ၂၀၁၃ တွင် ဓါတ်ငွေ့ စတင် ပို့လွှတ်မည် ဖြစ်သည်။

ယခု ဓါတ်ငွေ့ စာချုပ်သည် ပြည်တွင်းလုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် သာမက ပို့ဆောင်ရေး ကဏ္ဍတွင်ပါ လုံလောက်စွာ အသုံးပြုနိုင်မည့် ဓါတ်ငွေ့များ ရရှိမည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ပို့လွှတ်မည့် ဓါတ်ငွေ့များကြောင့် ရေနံစိမ်း တင်သွင်းမှု တစ်နှစ်လျှင် ၂.၄ ဘီလျံ လီတာခန့် လျှော့ချနိုင်ရန် အထောက်အကူ ဖြစ်ပြီး နှစ်စဉ် ဘတ်ငွေ ၄၀၀ ဘီလျံ သက်သာစေလိမ့်မည် ဟုလည်း ဝန်ကြီးက ပြောသည်။

ယခု စာချုပ်ကြောင့် အာဆီယံ ဖြတ်သန်း ဓါတ်ငွေ့ ပိုက်လိုင်း လက်ရှိ အရှည် ၂၈၀၀ ကီလိုမီတာ မှ ၃၀၂၀ ကီလိုမီတာသို့ ရောက်ရှိလာမည် ဖြစ်ကာ အာဆီယံ ဒေသတွင်း စွမ်းအင် လုံခြုံမှုကိုလည်း ဖြည့်ဆည်း ကူညီနိုင်လိမ့်မည်ဟု မစ္စတာ ဝမ်နာရတ်က ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

todayonline.com, 30th July 2010

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။ နှစ်နိုင်ငံကြား နျူကလီယာနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများ ရရှိနိုင်ကြောင်း အနောက်နိုင်ငံများက စိုးရိမ် ပူပန်နေချိန်တွင် ယခုကဲ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး Pak Ui Chan သည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံနိုင်ရန် ယနေ့ နေပြည်တော်သို့ သွားရောက်လိမ့်မည်ဟု မြန်မာ တာဝန်ရှိသူက ဆိုသည်။

Pak ၏ အစီအစဉ်များ အတွက် အသေးစိတ်ကို မသိရှိနိုင်သော်လည်း၊ မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့ အထိ နေထိုင်လိမ့်မည် ဟု မျှော်လင့်ရသည်။

မြောက်ကိုးရီးယားမှ မြန်မာနိုင်ငံသို့ စစ်သုံး ပစ္စည်းများ ပေးပို့ခဲ့သော သတင်းများ အတွက် ပြီးခဲ့သော အပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ပြုံးယမ်း၏ အကူအညီဖြင့် နျူကလီယာ လက်နက် အစီအစဉ်များ စတင်နေကြောင်း DVB ၏ သတင်းမှတ်တမ်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုခဲ့သည်။

DVB မှ လွှင့်ထုတ်သော သတင်း မှတ်တမ်းကားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ၏ အစိုးရ၏ နျူကလီယာ ရည်မှန်းချက်များနှင့်  မြောက်ကိုးရီးယား အကူအညီဖြင့် ဆောက်လုပ်နေသော လျှို့ဝှက် ဥမင်လိုဏ်ခေါင်းများနှင့် ပတ်သက်သော ထွက်ဆိုချက်များ၊ ထောင်ပေါင်းများစွာသော ဓာတ်ပုံများ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် ယမန်နေ့က မြောက်ကိုးရီးယားသည် တရုတ်နှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို လက်မှတ်ရေးထိုးခဲ့သည်။

အကယ်၍ Beijingက ကြီးမှူး ကျင်းပသည့် ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လာရန် မြောက်ကိုးရီးယားက သဘောတူခဲ့ပါလျှင် တရုတ် အနေဖြင့် စီးပွားရေး အကူအညီများ ပိုပေးရန် အဆိုပြုမည်ဟု တရုတ်က စဉ်းစားလျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 30th July 2010

ထိုင်းနိုင်ငံ၏ ပြည်တွင်း သယံဇာတများ ကုန်ခမ်းလာသည့် အလျှောက် စွမ်းအင် ဖြန့်ဖြူးမှု လုံလောက်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားကို ပိုမို ဝယ်ယူရန် မျှော်လင့်နေသည်ဟု ထိုင်းစွမ်းအင် ဝန်ကြီး ဝါနာရတ် ချဉ်နာကူက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို ဝယ်ယူနေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရတနာနှင့် ရဲတံခွန် ကမ်းလွန် ဓာတ်ငွေ့တွင်းများမှ တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၀၀ နှင့် သန်းပေါင်း ၅၆၅ (mmscfd) အသီးသီး ထွက်ရှိသည်။

ထိုင်းနိုင်ငံသည် လာမည့် ၃ နှစ် အတွင်း ဇောတိက လုပ်ကွက်သစ် (သို့) M9 မှ ပေးပို့မှုများကိုလည်း စတင် လက်ခံမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက ဓာတ်ငွေ့ ရောင်းချသူ PTT Plc. ကုမ္ပဏီသည် မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေး ကန်ထရိုက် စာချုပ်ကို ယနေ့ နေပြည်တော်တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည်။

အဆိုပါ စာချုပ်အရ M9 မှ ဓာတ်ငွေ့များကို ၂၀၁၃ နှစ်ကုန်တွင် ၂၄၀ mmscfd နှုန်းဖြင့် လက်ခံ ရရှိမည် ဖြစ်ပြီး တစ်ရက်လျှင် ရေနံစိမ်း လီတာ ၂.၄ ဘီလျံနှုန်းနှင့် ညီမျှသည်။ M9 မှ ဓာတ်ငွေ့များကို ပို့ဆောင်ရေး ကဏ္ဍတွင် အဓိက အသုံးပြုမည် ဖြစ်သည်။

M9 လုပ်ကွက် ထုတ်လုပ်ရေး လုပ်ကိုင်သူ၊ PTT ၏ ကုမ္ပဏီခွဲ PTT Plc က M3၊ M4၊ M7 နှင့် M11 စသော မြန်မာနိုင်ငံ၏ ရေနံဓာတ်ငွေ့ လုပ်ကွက်သစ်များ အတွက် လေ့လာရေးနှင့် ထုတ်လုပ်ရေး လုပ်ပိုင်ခွင့်များ ရရှိရန် မျှော်လင့်နေသည်။

အကယ်၍သာ နှစ်နိုင်ငံ စလုံးက အထက်ပါ အစီအစဉ်ကို သဘောတူညီမှု ရရှိခဲ့ပါက လာမည့် ဆယ်နှစ်အတွင်း ထိုင်း ပင်လယ်ကွေ့မှ သယံဇာတများ မှန်မှန်လျော့ပါးမှုကြောင့် မြင့်တက်လာသည့် ထိုင်းနိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလိမ့်မည်ဟု မစ္စတာ ဝါနာရတ်က ဆိုသည်။ ပြည်တွင်း သယံဇာတများမှာ လာမည့် ၂၃ နှစ် အထိသာ ထုတ်ယူနိုင်မည်ဟု ၎င်းက ခန့်မှန်းသည်။

ထိုင်းစွမ်းအင် ဝန်ကြီး၏ အမြဲတမ်း အတွင်းရေးမှူး ပွန်ချိုင်းဂူဂျီ ပရာဖာက "ထိုင်းနိုင်ငံသည် မြန်မာ သံလွင်မြစ်ပေါ်မှ ပိုမို ထွက်ရှိလာမည့် ရေအားလျှပ်စစ်ကိုလည်း ဝယ်ယူရန် မျှော်လင့်နေသည်" ဟု ပြောကြားသည်။ သံလွင်မြစ်ပေါ်တွင် ၁၂၀၀ မဂ္ဂါဝပ် ဟတ်ကြီး ရေလှောင်တမံနှင့် ၇၀၀၀ မဂ္ဂါဝပ် တဆောင် ရေလှောင်တမံများ တည်ဆောက်မည့် အလားအလာ ရှိနေသည်။

ထိုင်းမြန်မာ နယ်စပ် တလျှောက် တည်ရှိသော အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကုန်ကျမည့် ဟတ်ကြီး ရေလှောင်တမံ စီမံကိန်း အတွက် မြန်မာနှင့် တရုတ် ရေအား လျှပ်စစ် ကုမ္ပဏီတို့ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ စီမံကိန်း အကောင်အထည် ဖော်မည့် ကုမ္ပဏီများ၏ ရှယ်ယာ ထည့်ဝင်မှု ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများကို လာမည့် မေလတွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံ၏ လက်ရှိ ဓာတ်ငွေ့ လိုအပ်ချက်မှာ ၃၉၀၀ mmscfd ရှိပြီး ၂၀၁၄ တွင် ၄၈၂၁ mmscfd နှင့် ၂၀၂၀ တွင် ၅၅၄၂ mmscfd ရှိလာမည် ဖြစ်၍ PTT က ဓာတ်ငွေ့ အရံ ဖြည့်တင်းမှုကို ပိုမို ရရှိရန် ရှာဖွေနေရသည်ဟု သဘာဝ ဓာတ်ငွေ့ဆိုင်ရာ PTT ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ပန်ဆက် ရိုဗာဝါတာနာနွန်က ပြောကြားခဲ့သည်။

"ဓာတ်ငွေ့ ဝယ်လိုအား ကြီးထွားမှုဟာ လျှပ်စစ်နဲ့ စက်မှု ကဏ္ဍမှာ သာမကပဲ ပို့ဆောင်ရေး ကဏ္ဍမှာပါ ဖြစ်ပေါ်နေတာကြောင့် ပင်လယ်ရပ်ခြား ရင်းမြစ်တွေကို ပိုပြီး ရှာဖွေဖို့ လိုအပ်နေပါတယ်" ဟု ပန်ဆက်က ဆိုသည်။

အကယ်၍သာ အနာဂတ် ကာလတွင် ပတ်ဝန်းကျင် ကိစ္စဆိုင်ရာ လူထု စိုးရိမ်မှုများကြောင့် နျူကလီယာနှင့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံများကို မတည်ဆောက် နိုင်ပါက အရံ သိုလှောင်မှု ပမာဏ ပို၍ လိုအပ်လာလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ပင်ထားမှုသည် သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံဘက် အခြမ်း၌ တာမံများ တည်ဆောက်မှု ဆိုင်ရာ
အငြင်းပွားမှုကြောင့် မဟုတ်ဘဲ မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် ဖြစ်နိုင်ဖွယ် ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆိုင်ရာ ကော်မတီ (TMTBC) ၏ ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး Padung Yingpaiboonsuk က ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ  ပင်မ စစ်ဆေးရေးဂိတ် ပိတ်ပင်လိုက်သည့် အချိန်မှ စ၍ ကုန်သွယ်ရေး ဆောင်ရွက်ချက်များ ရပ်ဆိုင်းခဲ့ရပေရာ ထိုင်း-မြန်မာ နှစ်နိုင်ငံမှ ပြည်သူများ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တင်းမာမှုများ မကြာမီ လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံ အနေဖြင့် အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ မပြုလုပ်ဘဲ ရိုးစင်းမှု၊ တည်ငြိမ် အေးချမ်းမှု ဖြစ်ပေါ်အောင်သာ ထိန်းသိမ်း ထားသင့်သည်ဟု ဗိုလ်မှူးကြီး Padung Yingpaiboonsuk က ပြောသည်။

ဗိုလ်မှူးကြီး Padung က မြန်မာ စစ်အစိုးရနှင့် ကရင် ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ (DKBA) အကြား ဖြစ်ပေါ်လျက် ရှိသော အချင်းများမှုများကို မြန်မာနိုင်ငံတွင်း ပဋိပက္ခဟု သတ်မှတ် ပြောဆိုသည်။ မြန်မာ စစ်တပ်က DKBA အနေဖြင့် နယ်စပ် ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ၎င်း၏ လက်အောက်သို့ ဝင်ရောက် လာရေး အလို့ငှာ DKBA က ထိန်းချုပ်ထားသည့် နယ်မြေများကို ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

မည်သို့ပင်ဖြစ်စေ အကယ်၍ မြန်မာပြည်တွင်း ပဋိပက္ခများ ပိုမို မြင့်မားလာပါက ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနှင့် အခြား တိုင်းရင်းသား လူမျိုးစု ဒုက္ခသည်များအတွက် နေထိုင်စရာ အပါအဝင် အထောက်အပံ့များ ပေးသွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

Democrary For Burma မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.