Transparency Myanmar

transparency.myanmar@gmail.com

အရှေ့တောင်အာရှ ဒေသ တစ်ဝန်းတွင် အနောက်တိုင်း အမြန်ပြင် အစားအစာများ (Fast Food) များ ရေပန်းစား လူကြိုက်များမှု ကြီးထွားလာမှုက ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာအောင် တွန်းအားပေးနေကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် အမျိုးသား ၁၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းတို့သည် ဆီးချိုရောဂါ အမျိုးအစား -၂  ဖြစ်ပေါ်နေသည်ကို မသိရှိဘဲ နေထိုင်နေသည်ကို တွေ့ရပြီး လူပေါင်း ၄ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါ လက္ခဏာများ ဖြစ်ပေါ် ခံစားနေရကြောင်း လေ့လာ သုတေသနပြုမှုများက ဆိုသည်။

ဗီယက်နမ်တွင် နေ့စဉ် စားသောက်မှု ပုံစံမှာ ယခုနှစ်များ အတွင်း သိသိသာသာ ပြောင်းလဲလာသည်။ အထူးသဖြင့် အနောက်တိုင်း ပိုဆန်လာသည့် မြို့ကြီးပြကြီးများတွင် ဖြစ်သည်ဟု Sydney Garvan Institute of Medical Research မှ Tuan Nguyen က ပြောကြားသည်။

"Fast Food နဲ့ ပတ်သက်တဲ့ ကြော်ငြာစာရွက်တွေ နေရာတိုင်းလိုလို တွေ့ရတယ်" ဟု ၎င်းက ပြောသည်။  အဆိုပါ လေ့လာ တွေ့ရှိချက်များသည် ဗီယက်နမ် အမျိုးသား ၇၂၁ ဦး နှင့် အမျိုးသမီး ၁၄၂၁ ဦးတို့ကို အလျင်းသင့်သလို စမ်းသပ်မှုများ ပြုလုပ်ခဲ့ရမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း အလားတူ သုတေသန ပြုလုပ်ချက်များ ဆောင်ရွက်ခဲ့ရာ ဗီယက်နမ်မှ တွေ့ရှိချက်များနှင့် တူညီနေကြောင်း Tuan Nguyen က ဆိုသည်။

"အဲဒါတွေကြောင့် အခြား အရှေ့တောင် အာရှနိုင်ငံတွေ ဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနဲ့ လာအို အစရှိတဲ့ နိုင်ငံတွေရဲ့ အခြေအနေကို ကျွန်တော်တို့ ရထားတဲ့ တွေ့ရှိချက်တွေနဲ့ အခြေခံပြီး ခန့်မှန်းလို့ ကောင်းကောင်း ရပါတယ်" ဟုလည်း ဆက်လက် ပြောသည်။

အမျိုးအစား-၂ ဆီးချိုရောဂါသည် ဖြစ်လေ့ဖြစ်ထ ရှိသော ဆီးချိုမျိုးပင် ဖြစ်သည်။ အစားအစာတွင် အဆီနှင့် သကြားဓာတ် ပါဝင်မှုနှုန်း မြင့်လားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်မှု နည်းပါးခြင်းတို့ကြောင့် ဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်း၊ ခြေလက်အင်္ဂါများ ဖြတ်တောက်ရခြင်း၊ မျက်စိမှုန်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စသည်တို့ ဖြစ်ပေါ် ခံစားရတတ်သည်။

သုတေသန စာတမ်း ပြုစုရာတွင် ပူးပေါင်း ရေးသားခဲ့သူ Lesley Campbell က ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ဝမ်းနည်းဖွယ် ဇာတ်လမ်းဖြင့် ရင်ဆိုင်နေရကြောင်း၊ တစ်ဖက်တွင် ငတ်မွတ် ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှုတို့ကို ခံစားနေရချိန်တွင် အခြားတစ်ဖက်၌ အနောက်နိုင်ငံများ၏ လူနေမှု ဘဝပုံစံများ ရိုက်ခတ်ခြင်း ခံနေရကြောင်း ပြောကြားသည်။

"ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ မျိုးဆက် တစ်ခုလောက် ဆီးချိုရောဂါဖြစ်မှု မြင့်တက်လာတာကို တွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment