Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 7th July 2010

တရုတ်နိုင်ငံသည် ၎င်းတွင် အလျင်အမြန် လိုအပ်လျက် ရှိသော သဘာဝ အရင်းအမြစ်များ ဖြစ်သည့် ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီနှင့် ရေနံ သဘာဝ ဓာတ်ငွေ့ စသည်များ ဝယ်ယူနိုင်ရန် အလားအလာ ကောင်းသော နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအား ထည့်သွင်း၍ အလေးပေး စောင့်ကြည့်ရမည့် စာရင်းတွင်ပင် ထည့်သွင်းထားသည်။

အနာဂတ်တွင် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ အိမ်နီးချင်း နိုင်ငံများ၏ သဘာဝ သယံဇာတများကို လေ့လာခြင်းအား ကိစ္စရပ် တစ်ခု အဖြစ် ပြုလုပ်ခဲ့ကြောင်း Beijing ၏ မြေယာနှင့် သယံဇာတ ဝန်ကြီးဌာနက တရုတ် တရားဝင် မီဒီယာများမှ တဆင့် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

အဆိုပါ လေ့လာမှုသည် သယံဇာတ ပေါများသော သြစတြေးလျ နိုင်ငံတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ လွှဲပြောင်း ရယူရန် အဆိုပြုထားသော လုပ်ငန်း အချို့ကို ပယ်ဖျက်ခြင်း ခံရပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် သြစတြေးလျတွင် ကျောက်မီးသွေးနှင့် သဘာဝ ဓာတ်ငွေ့ အတွက် ဒေါ်လာ ဘီလီယံနှင့် ချီ၍ အသုံးပြုထားခဲ့သည်။

နိုင်ငံခြားတွင် သွားရောက် ရင်းနှီး လုပ်ကိုင်မည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများကို အမေရိကန် ဒေါ်လာ ၂ ထရီလီယံထက် ပိုသော အမျိုးသား အရန်ငွေ များစွာဖြင့် ထောက်ပံ့ရန် ပြင်ဆင်ထားသည်။ အိမ်နီးချင်းများ၏ သယံဇာတများကို လေ့လာခြင်းမှ ရရှိသော အချက်အလက်များကို ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း China Business Journal တွင် ဖော်ပြထားသည်။

အဆိုပါ လေ့လာမှုတွင် မြန်မာ၊ မွန်ဂိုလီးယား၊ ရုရှား၏ ဆိုက်ဘေးရီးယား အရှေ့ဖျား၊ ဗီယက်နမ်၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်တို့ ပါဝင်ကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။

တရုတ်သည် ဘင်္ဂလား ပင်လယ်အော်ရှိ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အကွက် ၂ ခုမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူပြီးနောက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး သဘာဝ ဓာတ်ငွေ့ ဝယ်ယူသူ ဖြစ်လာမည် ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို ပမာဏ ကြီးမားစွာ တိုးတက် တင်သွင်းနေသော်လည်း ၎င်း၏ အဓိက စွမ်းအင်မှာ ကျောက်မီးသွေး ဖြစ်နေဆဲ ဖြစ်ပြီး၊ ကျောက်မီးသွေးကို တန်ချိန် သန်းနှင့် ချီ၍ သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကတို့မှ ဝယ်ယူနေသည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကြေးနီ၊ သံရိုင်းနှင့် အချို့ စားသောက်ကုန် အတွက် အများဆုံး ဝယ်ယူသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး၊ ကြေးနီနှင့် ရွှေတို့ ထွက်ရှိသည်။ မကြာသေးမီက မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသိုက် အသစ် တွေ့ရှိမှုကို တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ယခု အပတ်ကမှ မီးမောင်းထိုး ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံ၏ Mongma ဒေသတွင် အသစ် တွေ့ရှိသော ကျောက်မီးသွေးတွင်း၌ အရည်အသွေးမြင့် ကျောက်မီးသွေး အမြင့်ဆုံး ပါဝင်ပြီး တစ်နှစ်လျှင် တန်ထောင်ပေါင်း များစွာ ထွက်ရှိနိုင်သည်ဟု ခန့်မှန်းပါသည်" ဟု People's Daily က ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကျောက်မီးသွေး ထုတ်လုပ်မှု တိုးတက်ရေး ကူညီရန် အခြားနိုင်ငံများနှင့်အတူ ပြိုင်ဆိုင်လျက် ရှိသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင် တရုတ်ဝန်ကြီးချုပ် Wen Jiabao မြန်မာနိုင်ငံသို့ သွားရောက်စဉ်က မြန်မာနှင့် Beijing ကြားတွင် သတ္တု တူးဖော်ရေး ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ် ၁၅ ခု လက်မှတ် ရေးထိုးခဲ့သည်။

"တရုတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ငါးခုအနက် တစ်ခုဖြစ်တဲ့ Guodian Corporation ဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတစ်ရုံ ဆောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးကို တရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းနေတော့၊ စက်ရုံကို ဘယ်လို လည်ပတ်မလဲ မသိဘူး" ဟု စက်မှုလုပ်ငန်း သုံးသပ်သူ အကြံပေး ပညာရှင် Collin Reynolds က ယခုအပတ်တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အလွန် များပြားနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်အား ပို့လွှတ်မှုဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ခေတ်နဲ့အညီ ပြောင်းလဲပစ်ဖို့ တရုတ်ရဲ့ နည်းပညာ အကူအညီ လိုကောင်း လိုမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ဖက်မှာ ထိစပ်နေတဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ်ဟာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ ကျောက်မီးသွေး လိုအပ်ချက် အလွန် များနေပါတယ်" ဟု Reynolds က ပြောသည်။

"မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ ရေတို ငွေရရှိမှုနဲ့ နိုင်ငံရေးအရ အကာအကွယ် ရရှိဖို့ အတွက် တိုင်းပြည်က သယံဇာတတွေကို ရောင်းဖို့ လက်မနှေးပါဘူး။ ဒီတော့ တရုတ်ရဲ့ နောက်ဆုံး ကြေညာချက်ကို ကြည့်ရင် မြန်မာနိုင်ငံက သယံဇာတတွေကို အပြောင်ရှင်းတော့မယ် ဆိုတာ အသေအချာပဲလို့ အတည် ပြုလိုက်တာနဲ့ အတူတူပဲ" ဟု ထင်ရှားသည့် မြန်မာ့စီးပွားရေး သုံးသပ်သူ ပညာရှင် Sean Turnell က ဧရာဝတီသို့ ပြောကြားခဲ့သည်။

ကျောက်မီးသွေးမှာ သဘာဝအားဖြင့် လေထု ညစ်ညမ်းမှု မြင့်မားစေကာမူ သဘာဝ ဓာတ်ငွေ့နှင့် ရေနံ အစား အပေါဆုံး အသုံးပြုနိုင်သည့် အကောင်းဆုံး အစားထိုး ပစ္စည်း အဖြစ် အာရှတိုက်တွင် အသုံးပြုလာသည်ကို ပိုမို တွေ့မြင်လာရသည်။ ကျောက်မီးသွေးကို နောက်ဆုံးပေါ် နည်းပညာဖြင့် ငွေကုန်ကြေးကျ ပိုများသော စက်ရုံများဖြင့် အသုံးပြုမှသာ လေထု ညစ်ညမ်းမှု လျော့ပါးနိုင်သည်။

ထိုင်းအစိုးရပိုင် သဘာဝ ဓာတ်ငွေ့နှင့် ရေနံ ကုမ္ပဏီကြီး ဖြစ်သော PTT က ယခု အပတ်တွင် ကြေညာရာ၌ ၎င်းသည် နိုင်ငံပြင်ပတွင် ကျောက်မီးသွေး တိုးချဲ့ ဝယ်ယူနိုင်ရန် ရည်ရွယ်သွားမည်ဟု ဆိုသည်။

PTT ၏ ထိုင်းပင်လယ်ကွေ့မှ ကမ်းလွန်ဓာတ်ငွေ့ အကွက်များနှင့် ၎င်း၏ လက်ခွဲ PTTEP က မြန်မာနိုင်ငံမှ ဝယ်ယူထားသော ဓာတ်ငွေ့များသည် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် လိုအပ်သော စွမ်းအင်၏ ၇၀ % ကို ဖြည့်ဆည်းပေးနေသည်။

သို့သော် ထိုင်းအစိုးရက စွမ်းအင် အတွက် သဘာဝ ဓာတ်ငွေ့ အပေါ်တွင် မှီခိုနေရမှုများအား လျှော့ချရန် အမိန့်ထုတ်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment