Transparency Myanmar

transparency.myanmar@gmail.com

AFP, 11th July 2010

တောင်ကိုးရီးယားရှိ နိုင်ငံစုံတပ်ဖွဲ့များ၏ ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့သည် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ စစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်လိုသော မြောက်ကိုးရီးယား၏ အဆိုပြုချက်ကို လက်ခံနိုင်ဖွယ် ရှိသည်ဟု တနင်္ဂနွေနေ့ သတင်းများက ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်သည့် ဗိုလ်ချုပ်ကြီး အဆင့် ဆွေေးနွးပွဲများ ပြင်ဆင်ရေးကို ဆွေးနွေးရန် ၂ ဖက် အဆင့်မြင့် အရာရှိများ ဇူလိုင် ၁၃ရက်တွင် တွေ့ဆုံလိုသည်ဟု မြောက်ကိုးရီးယားက သောကြာနေ့တွင် ကမ်းလှမ်းခဲ့ကြောင်း တောင်ကိုးရီးယား ယွန်ဟတ် သတင်းဋ္ဌာနက ကြေညာလိုက်သည်။

ကိုးရီးယား ကျွန်းဆွယ် အရှေ့ဖက် အငြင်းပွားရေပြင် အနီးတွင် ချိုနန် စစ်သင်္ဘော နှစ်မြှုပ်ခံရကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်းအတွက် တောင်ကိုးရီးယား ဦးဆောင်သော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က မြောက်ကိုးရီးယားကို အပြစ်တင်ခဲ့သည်။

နယ်စပ် ကျေးရွာ ပန်မွန်ဂျုံ တွင် ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းမှုသည် ဇွန်လ အတွင်းက အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကွပ်ကဲရေး ဋ္ဌာနက မြောက်ကိုးရီးယားထံ ကမ်းလှမ်းမှုများထဲမှ တစ်ခု ဖြစ်ပြီး ထိုစဉ်က ငြင်းပယ်ခဲ့သော ပြုံးယမ်းက ယခုမှ ပြန်လည် ကမ်းလှမ်းခြင်းသာ ဖြစ်သည်ဟု ယွန်ဟတ် သတင်းဋ္ဌာနက ပြောကြားခဲ့သည်။

"မြောက်ကိုးရီးယားနဲ့ ကုလသမဂ္ဂ ကွပ်ကဲရေး အဖွဲ့ တွေ့ဆုံမှု ပြုလုပ်တော့မယ့် အလားအလာ များနေပါတယ်'' ဟု တောင်ကိုးရီးယား ကာကွယ်ရေး ဋ္ဌာန အရာရှိကြီး တစ်ဦး၏ ပြောကြားမှုကို ယွန်ဟတ်က ဖော်ပြခဲ့သည်။

"လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို 'မြောက်ဖက်' က အဆိုပြုထားတဲ့ အတိုင်း ဇူလိုင် ၁၃ ရက် ဒါမှမဟုတ် ဒီထက် နောက်ပြီး ပြုလုပ်နိုင်ပါလိမ့်မယ်'' ဟုလည်း ဆိုသည်။

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကမူ အဆိုပါ သတင်းကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။

ချိုနန်ကို တိုက်ခိုက်ခဲ့ခြင်း အတွက် တာဝန်ရှိမှုကို ပြုံးယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းပယ်ခဲ့ပြီး၊ လုံခြုံရေး ကောင်စီက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်တွင် "တိုက်ခိုက်မှု အတွက် တိုက်ရိုက် အပြစ်တင်မှုကို မပြုလုပ်နိုင်ခဲ့ခြင်း'' ကြောင့် မိမိတို့အတွက် "ကြီးကျယ်သော သံတမန်ရေးရာ အောင်ပွဲ'' အဖြစ် ဂုဏ်ပြု ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

တောင်ကိုးရီးယားနှင့် ၎င်း၏ မဟာမိတ် အမေရိကန် ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံများစွာက သင်္ဘောနစ်မြုပ်မှု အတွက် မြောက်ကိုးရီးယားကို ပြင်းထန်စွာ အပြစ်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ကြသော်လည်း မြောက်ကိုးရီးယား၏ အဓိက မဟာမိတ် တရုတ်နိုင်ငံက ထိုသို့ မပြုလုပ်ရန် ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက "ပင်လယ်ဝါတွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည့်  အစီအစဉ်ကို တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများ ရှိနေသော်လည်း ပြောင်းလဲမည် မဟုတ်'' ဟု ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် တို့သည် ဆိုးလ်တွင် ဇူလိုင်လ ၂၁ရက်၌ ကျင်းပမည့် ၂ နိုင်ငံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ၏ ပူးတွဲ အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားကြသည်။

ကလင်တန်နှင့် ဂိတ်စ်သည် တောင်ကိုးရီးယား ရေတပ်သား ၄၆ ဦးကို ဂုဏ်ပြု အလေးပြုရန် အတွက် ဆိုးလ်မြို့ စစ်သင်္ချိုင်းသို့ သွားရောက်ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment