Transparency Myanmar

transparency.myanmar@gmail.com

AP, From Kyodo, 10th July 2010

မြန်မာ စစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား ပြုမူပုံများနှင့် ပတ်သက်၍ ထိပ်တိုက် ရင်ဆိုင်မှုများ မပြုလုပ်ပါက မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံကြလိမ့်မည် ဟု အများက မျှော်လင့်နေသည်။ ယခုနှစ် နှောင်းပိုင်းတွင် ဟနွိုင်းတွင် ကျင်းပမည့် ဝန်ကြီး အဆင့် အစည်းအဝေးတွင် ထုတ်ပြန်မည့် ကြေညာချက် မူကြမ်းအရ ထိုသို့ ကောက်ချက် ချထားခြင်း ဖြစ်သည်။

ကြေညာချက် မူကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပြုလုပ်ထားခြင်းနှင့် ပတ်သက်၍ သဘော မတူမှုများနှင့် ပတ်သက်၍ လုံးဝ ဖော်ပြထားခြင်း မရှိကြောင်း Kyodo News သို့ စနေနေ့က သတင်း ပေးပို့ခဲ့သည်။

အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော အရှေ့တောင် အာရှ အသင်းကြီး၏ နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးကို ဇူလိုင်လ (၂၀) ရက်နေ့တွင် ဟနွိုင်းတွင် ကျင်းပမည် ဖြစ်ရာ၊ သမားရိုးကျ အတိုင်းပင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို လက်ရှောင်ရေး မူဝါဒကို ပြန်လည် ပြောကြလိမ့်ဦးမည် ဖြစ်သည်။

မြန်မာ ရွေးကောက်ပွဲသည် NLD အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ NLD ကလည်း အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် ဖိနှိပ်မှုများနှင့် တရားမျှတမှု မရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ASEAN ၏ ကြေညာချက် မူကြမ်းတွင် နိုင်ငံရေး ပါတီ အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး အရေးကြီးပုံကိုသာ အလေးပေး ဖော်ပြထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုထားခြင်း မရှိပေ။

ကြေညာချက် မူကြမ်းတွင် မတ်လက မြောက်ကိုးရီးယားနှင့် ရေနယ်နိမိတ် ထိစပ်နေသော ရေပြင်တွင် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုအား များစွာ ဝမ်းနည်းကြောင်း ဖော်ပြထားပြီး အေးအေးဆေးဆေး ဖြေရှင်းရန်နှင့် ပဋိပက္ခ အပေါ် ငြိမ်းချမ်းသော ဆုံးဖြတ်ချက်များ ချမှတ်ရန် တောင်းဆိုခဲ့သည်။

တောင်ကိုးရီးယား ခေါင်းဆောင်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က မြောက်ကိုးရီးယား ရေငုပ်သင်္ဘော တော်ပီဒိုကြောင့် နစ်မြုပ်ခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ မြောက်ကိုးရီးယားကမူ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ ကြေညာချက် မူကြမ်းတွင် တောင်ကိုးရီးယား သင်္ဘောသား (၄၆) ဦး သေဆုံးရသော တန် (၁၂၀၀) Cheonan သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြုံးယမ်းအား လက်ညှိုးထိုး စွပ်စွဲထားခြင်း မရှိပေ။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အရန် ဆွေးနွေးပွဲ အဖြစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ဒေသတွင်း လုံခြုံရေး အတွက် ASEAN Regional Forum ကလည်း ဥက္ကဋ္ဌ၏ ကြေညာချက် မူကြမ်းတွင် Cheonan  ကိစ္စအတွက် အလားတူ သဘောကိုပင် ဖော်ပြထားပြန်သည်။

ASEAN Regional Forum (ARF) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့  တက်ရောက်မည် ဖြစ်ရာ Cheonan ကိစ္စနှင့် ပတ်သက်၍ ပူညံပူညံ ဖလှယ်မှုများ မြင်တွေ့ရဖွယ် ရှိပြီး၊ ARF တာဝန်ရှိသူများ အနေဖြင့် ကြေညာချက်တွင် လေသံ မပြင်းရန် ဖိအားများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဆိုသည်။

ASEAN နိုင်ငံခြားရေး ဝန်ကြီးများ၏ ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထားမှုများကို ကျော်လွန်၍ ARF ကြေညာချက် မူကြမ်းတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တောင်းဆိုမှုအား အလေးထားကြောင်း ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment