Transparency Myanmar

transparency.myanmar@gmail.com

AP, By Kwang-Tae Kim, 16th July 2010

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားရေးမှူးရုံးနှင့် ရှားရှားပါးပါး တွေ့ဆုံစဉ်တွင် မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း ပြန်လည် ပြောကြားလာသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများသည် မေလက စစ်ဆေးမှုများ ပြီးစီးသွားရာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ခြဲ့ခင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ဆိုးလ်ကမူ ယခု တိုက်ခိုက်ခံရမှုသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲပြီးကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်ခံရမူ ဖြစ်ကြောင်း ပြောခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အဆိုပါ ကိစ္စသည် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ပြုံးယမ်းက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ၎င်းအား ပြစ်ဒဏ်ခတ်မှုများ ပြုခဲ့ပါက စစ်ပွဲ ဖြစ်စေမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ရာ သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပေ။

ကြာသပတေးနေ့က နယ်စပ်ရှိ စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom ရွာတွင် မြောက်ကိုရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံရာတွင် မြောက်ကိုရီးယားတို့က အခင်းဖြစ်ပွားရာ နေရာသို့ ပြုံယမ်းမှ စစ်ဆေးသူများ သွားရောက်ခွင့် ပြုရန် အလေးထား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြာသပတေးနေ့ နှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယခု ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲ အောင်မြင်သည့် အထိမ်းအမှတ် အဖြစ် စစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခွင့် ပြုသင့်ကြောင်း ကိုရီးယား ဗဟို သတင်းဌာန (KCNA) က ပြုံးယမ်းမှ ပြောကြားခဲ့သည်။

ဆိုးလ်ကမူ ယခုအထိ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကုလသမဂ္ဂ ကွပ်ကဲမှု ဌာနကမူ အပစ်အခတ် ရပ်စဲမှုကို အလေးထားသည့် အနေဖြင့် မည်သူ ချိုးဖောက်ကြောင်း အတွက် သီးခြားစီ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကိုမူ ထုတ်ဖော်ပြခဲ့ခြင်း မရှိပါ။

နှစ်ဖက်စလုံးက ဒုတိယအကြိမ် ဗိုလ်မှူးကြီး အဆင့် တွေ့ဆုံမှုကို အဆိုပါ နေရာ၌ပင် ဇူလိုင်လ ၂၀ ရက် ဝန်းကျင်တွင် ပြုလုပ်ရန် သဘောတူခဲ့သည်ဟု KCNA က ပြောသည်။

ဝါရှင်တန်တွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် စွပ်စွဲထားချက်များနှင့် ပတ်သက်၍ နည်းလမ်း အမျိုးမျိုး စဉ်းစားလျက် ရှိသည်ဟု ဆိုသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် မြောက်ကိုရီးယား အနေဖြင့် ရန်စသည့် အပြုအမူများ မရုတ်သိမ်း မချင်းနှင့် ယခင် နျူကလီယာ လက်နက်က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် စိတ်မဝင်စားကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်နှင့် မြောက်ကိုရီးယားတို့ ကန့်ကွက်နေသည့် ကြားမှ ပင်လယ်ဝါတွင် အမေရိကန်-တောင်ကိုရီးယား ရေတပ် လေ့ကျင့်ခန်း အစီအစဉ်ကို စီစဉ်ထားသည့် အတိုင်း မကြာမီ ပြုလုပ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီး Chang Soo-man က ကြာသပတေးနေ့က ပြောကြားလိုက်သည်။

ရေတပ် လေ့ကျင့်ခန်း အစီအစဉ် မကြာသော ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် အမေရိကန် လေယာဉ်တင် သင်္ဘောသည် အရှေ့ပင်လယ်တွင်သာ ပါဝင်မည် ဖြစ်ပြီး တရုတ် ရေပိုင်နက် အနီး ပင်လယ်ဝါတွင် ပါဝင်မည် မဟုတ်ကြောင်း Chang က နယူးယောက်တွင် ပြောကြားခဲ့သည်။

တရုတ်က အဆိုပါ ပူးတွဲ ရေတပ် လေ့ကျင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကြောင်း ကြာသပတေးနေ့က ထပ်မံ ပြောကြားခဲ့သည်။ ထိုသို့ ပြုမူခြင်းသည် ရှိပြီးသား တင်းမာမှုကို ပိုမို ဖြစ်စေပြီး တရုတ် အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment