Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် အားပေး အားမြှောက် ပြုလုပ်ပေးသင့်ကြောင်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။ နယူးဒေလီ အစိုးရသည် အရှေ့တောင် အာရှ ဒေသနိုင်ငံ ဖြစ်သော မြန်မာတွင် အရေးပါသော အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်သူ တစ်ဦး ဖြစ်သည်ဟု အမေရိကန် အစိုးရက မှတ်ချက်ပြု ပြောဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကား ပြောဆိုထားပြီးပါပြီ။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆို ဆက်ဆံတဲ့ နေရာမှာ အိန္ဒိယနိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် ဆိုတဲ့ အချက်ကို အိန္ဒိယက အဆွေတော်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုထားပြီးပါပြီ" ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သတင်းထောက်များကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းသော မေးခွန်းအပေါ် မစ္စတာ Kurt Campbell က တုံ့ပြန် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှုများ ပိုမို ပြုလုပ်လာနိုင်ရေး အစရှိသည်တို့ ဖြစ်ပေါ်ရန် မြန်မာနိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူများကို အားပေး အားမြှောက် ပြုလုပ်ပေးရန် တိုက်တွန်း ပြောဆိုထားသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မဟာဗျူဟာ အကျိုးစီးပွားကို အမေရိကန် ပြည်ထောင်စုက သတိရှိစွာဖြင့် အလေးထား ရှိခဲ့ပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင်များ ပို၍ တာဝန်ရှိသော ရွေးချယ်မှုများ ပြုလုပ်လာရေးအတွက် အရှေ့တောင် အာရှဒေသမှ နိုင်ငံများ အားလုံးနှင့် အနီးကပ် လုပ်ကိုင် ဆောင်ရွက်လိုပါကြောင်း မစ္စတာ Kurt Campbell က ဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယက ကြားဝင် ဆွေးနွေး ညှိနှိုင်းပေးတဲ့ သူတွေ အနေနဲ့ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ကိုင်ပေးဖို့နဲ့ နှစ်ကာလ အတော်ကြာ အဲလို အဆင့်မျိုး ရောက်အောင် လုပ်ကိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို သူတို့နဲ့ ပြောဆိုထားပါတယ်" ဟု မစ္စတာ Kurt Campbell က ပြောသည်။

မစ္စတာ Kurt Campbell သည် ယခုနှစ် အစောပိုင်း ကာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒ (Look East Policy) နှင့် ပတ်သက်၍ အစိုးရ အရာရှိကြီးများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

မစ္စတာ Kurt Campbell ၏ အဆိုအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခု ရက်သတ္တပတ် အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး SM Krishna နှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်း ဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အရေးပါသော နိုင်ငံများ အပါအဝင် အာရှ ဒေသတွင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် အပြင် သြစတြေးလျနှင့် နယူးဇီလန်တို့လည်း တက်ရောက်မည် ဖြစ်သည်။

"အဲဒီ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယား အရေးကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း လုံခြုံရေးကိစ္စ၊ အာရှ ဖွဲ့စည်း တည်ဆောက်ပုံ အဆင့်ဆင့် အပြောင်းအလဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အစရှိတာတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွဲကွဲပြားပြား ဆွေးနွေး နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံကို ရောက်နေခိုက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုတွေ အတော်များများ ပြုလုပ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံက အရေးပါတဲ့ နိုင်ငံတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်" ဟု မစ္စတာ Campbell က ပြောသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment