Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် တံခါးပိတ် စီးပွားရေးစနစ်ကို လုံးလုံးလျားလျား ဖွင့်လှစ်လိုက်ပြီး စားသုံးသူ ကုန်ပစ္စည်း ဝယ်လိုအား လွန်စွာ ကြီးမားလာပြီ ဖြစ်ရာ ယခု အချိန်သည် ဗီယက်နမ် စီးပွားရေး ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး နိုင်ငံတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် အကောင်းဆုံး အချိန် သမယပင် ဖြစ်ကြောင်း ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် တရားဝင် ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့် စီးပွားရေး ယှဉ်ပြိုင်မှု ပြင်းထန်လျက် ရှိရာ ဈေးကွက်တွင်း ဝင်ရောက်ရာ၌ အခက်အခဲများ ရှိမည် ဖြစ်သည်ဟု ဗီယက်နမ် စီးပွားရေး ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကား၍ Vietnam Economic Times သတင်းစာက ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုသည် ဈေးကွက် ဝယ်လိုအား၏ ၁၀ ရာခိုင်နှုန်းကိုသာ ဖြည့်စွမ်း ပေးနိုင်သည့်အတွက် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် လွန်စွာ မှီခိုနေရကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Chu Cong Phung က ပြောကြားသည်။

"ဗီယက်နမ် ထုတ်ကုန်တွေ မြန်မာနိုင်ငံ ဈေးကွက်ထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ-ဗီယက်နမ် အကောက်ခွန် ဌာနများ အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၉၃ သန်းသို့ ရောက်ရှိခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၁၄ ဒဿမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်သည် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း အများဆုံး တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ၁၄ နေရာ၌ ရှိသည်။ အဓိက တင်ပို့သည့် ပစ္စည်းများမှာ စတီး၊ ဆေးဝါး၊ ကျန်းမာရေး ပစ္စည်း၊ ထုတ်ကုန် ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများ ဖြစ်သည်။

ယခု ၂၀၁၀ ပြည့်နှစ် ပထမ ငါးလအတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ဒေါ်လာသန်း ၇၀ အထိ ရောက်ရှိခဲ့သည်။ ယင်း ပမာဏသည် ယမန်နှစ် ပထမ ငါးလပတ်ထက် နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းသူများသည် ပို့ကုန် တင်ပို့သူများလည်း ဖြစ်ရာ ၎င်းတို့ အနေဖြင့် ငွေပေးချေမှုနှင့် ငွေလက်ခံ ရယူမှုတို့တွင် ပြဿနာ ရှိမည် မဟုတ်ကြောင်း သံအမတ်ကြီး Chu Cong Phung က ဆိုသည်။ သို့သော် မြန်မာနိုင်ငံ စီးပွားရေးသည် ယနေ့ အချိန်အထိ ပိတ်ပင် ခံထားရသည့်အတွက် ဈေးနှုန်းများမှာ ကမ္ဘာလုံး ဆိုင်ရာ ဈေးကွက်နှင့် နှိုင်းယှဉ်ကြည့်ပါက နိမ့်ကျနေသေးကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံရှိ စီမံကိန်း အခု ၂၀ တွင် ဒေါ်လာ ၁၇၃ သန်းဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။ စီးပွားရေး အခွင့်အလမ်းများနှင့် အလားအလာများ မည်သို့ပင် ရှိနေစေကာမူ ထောက်ပံ့ငွေများအပေါ် အခြေပြုထားသည့် ဗျူရိုကရက်တစ် စီးပွားရေးစနစ်နှင့် ငွေပေးချေမှုများ ပြုလုပ်ရန် ဘဏ်လုပ်ငန်း စနစ်များ ကောင်မွန်မှု မရှိသည့် ကိစ္စများ အပါအဝင် အခက်အခဲများ အားလုံးကို ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အထူးပင် အာရုံစိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (BID) မှ Hoang Huy Ha က ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ငွေကြေး အရင်းအနှီး ဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲတစ်ခု မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။

Thanhnienews မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment