Transparency Myanmar

transparency.myanmar@gmail.com

IPS, 21st June 2010

ဇွန်လ၏ မုတ်သုံ မိုးရေစက်များ နှင့်အတူ တိုက်တိုက်ဆိုင်ဆိုင် စာသင်နှစ် တစ်ခု စတင်ခြင်းသည် နှစ်စဉ် ထုံးစံ တစ်ခုပင် ဖြစ်သည်။ ယခု တစ်ကြိမ် ကျောင်းများ ဖွင့်ချိန်တွင်လည်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ မိဘပြည်သူများမှာ အများသင် အစိုးရ စာသင်ကျောင်းများရှိ ၎င်းတို့၏ ကလေးများ အတွက် မူလတန်း ပညာရေး ကုန်ကျစရိတ်ကို တွက်ချက် ပူပန်လျက် ရှိကြသည်။

အရှေ့တောင် အာရှ မြန်မာနိုင်ငံတွင် မူလတန်း ပညာရေးသည် အခမဲ့ မသင်မနေရ ပညာရေး ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသော ဥပဒေများ ရှိထားသော်လည်း စီးပွားရေး ခေါင်းကိုက်နေသော မိဘများမှာ နှစ်တစ်နှစ်၏ ယခုအချိန်ကို ကိုယ့်အားကိုယ်ကိုး ကိုင်တွယ်သွားရန် မှတပါး အခြားမရှိ ဟု မြို့တော်ဟောင်း ရန်ကုန်မှ အမည် မဖော်လိုသူ မိဘတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံပိုင် စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံစဉ် မိဘများအား ရန်ပုံငွေ ကောက်ခံသည့် ကျောင်းများအား အရေးယူမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီးသည့် တိုင်အောင် ကျန်ရှိနေဆဲ အကျင့်များကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု အဆိုပါ ကျောင်းသား မိဘက ပြောသည်။

"စာသင်ကျောင်း အများစုက မူလတန်း ကျောင်းသား မိဘတွေဆီက အဆောက်အဦး ထိန်းသိမ်းစရိတ်၊ ပရိဘောဂကြေးနဲ့ စာအုပ်ဖိုးတွေ ရဖို့ မျှော်လင့်ထားကြတာပါ၊ ကျောင်းဖွင့်စ ပထမဆုံးလကတော့ ကျောင်းသားမိဘတွေ အတွက် ကုန်ကျစရိတ် အများဆုံးပါ၊ တစ်နှစ်စာ အလှူငွေ ပေးကြရလို့ပါ'' ဟု ချင်းမိုင် အခြေစိုက် NGO အဖွဲ့ Human Rights Education Institute of Burma မှ ညွှန်ကြားရေးမှူး အောင်မျိုးမင်းက အတည်ပြု ပြောကြားသည်။

အစိုးရ ကတိပြုထားသော အခမဲ့ ပညာရေး စနစ်အတွက် ယခုကဲ့သို့ အလှူငွေ ကောက်ခံမှုသည် တစ်နှစ်စာ အတွက် ကျပ်တစ်သိန်း (ဒေါ်လာ ၁၀၀) ခန့် အထိ ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။ "မတတ်နိုင်တဲ့ မိသားစု အတွက်တော့ သိပ်များတဲ့ ပမာဏပါ၊ လစာငွေ ၂ သိန်းကျပ် (ဒေါ်လာ ၂၀၀) လောက်ရတဲ့ မြန်မာ လူလတ်တန်းစား အရာရှိ တစ်ယောက်ရဲ့ တစ်လစာ လခကို တဝက်လောက် ကုန်သွားနိုင်ပါတယ်'' ဟု ၎င်းက ဆိုသည်။

မြန်မာ ပညာရေးစနစ် အတွက် ပူပန်ရသော ကုန်ကျစရိတ်မှာ ဤမျှ မကသေးပါ။ အစိုးရ ပံ့ပိုးသော ပညာရေး စနစ်တွင် အလယ်တန်း ပညာရေး တက်ရောက်သင်ကြားမည့် ကျောင်းသား တစ်ယောက် အတွက် ကျောင်းဖွင့်ချိန်၌ တစ်နှစ်စာ အလှူငွေ ကျပ် ၂သိန်း (ဒေါ်လာ ၂၀၀) ခန့် ပေးရန် မိဘများက မျှော်လင့်ထားရလိမ့်မည် ဖြစ်သည်။

"အတန်းကြီးလာလေ၊ ပိုက်ဆံ ပိုပေးရလေပါပဲ၊ ကုန်ကျစရိတ် အလှူခံမှု ပုံစံကတော့ မူလတန်း ကျောင်းတွေနဲ့ အတူတူပါပဲ၊ အဆောက်အဦး၊ ပရိဘောဂ၊ စာအုပ်ဖိုး စသဖြင့်ပေါ့" ဟု ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများမှာ ကျောင်းသား မိဘများ အခြေခံ ပညာရေး ကုန်ကျစရိတ်များ ဖြင့် နပန်းလုံးနေရသည့် အချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ပမာဏများသည့် ရှမ်းနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဝေးလံ ခေါင်ဖျား ဒေသများတွင် အခြေအနေ ဆိုးဝါးလျက် ရှိသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ အကြားမှ ဆယ်စုနှစ် များစွာကြာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ကလေးငယ်များ ပညာ သင်ကြားရေး ဆိုင်ရာ ရင်းမြစ်များ ပျက်စီးခဲ့ရသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာ အမျိုးသမီးများ အခွင့်အရေး လှုပ်ရားသူ တစ်ဦးက ပြောကြားသည်။

"ကျေးရွာ စာသင်ကျောင်းတွေမှာ အရည်အချင်းပြည့် သင်ကြားရေး ဝန်ထမ်း အနည်းငယ်ပဲ ရှိတယ်၊ ဒီတော့ ကလေးတွေကို ကျောင်းကောင်းကောင်းကို ပို့ရတဲ့ အတွက် မိဘတွေ ပိုက်ဆံ ပိုကုန်ပါတယ်'' ဟု ချင်းမိုင် အခြေစိုက် Women's League of Burma မှ အထွေထွေ အတွင်းရေးမှူး လွယ်အေးနန်းက ဆိုသည်။ "အလယ်တန်း ကျောင်းသားတွေ အတွက် ကျူရှင် လိုအပ်ပါတယ်၊ မိဘတွေ ကုန်ကျစရိတ် ပိုများပြီပေါ့'' ဟု သူမက ပြောကြားသည်။

အကျိုးဆက်အားဖြင့် အိမ်ထောင်စုများတွင် ကျောင်းစရိတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် အခါ မိန်းကလေးများက တန်ဖိုးကြီးကြီး ပေးဆပ်နေရခြင်းသည် Women's League of Burma WLB ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များကို စိုးရိမ်သောက ရောက်စေသည်။ "မြို့ပေါ်မှာ ဖြစ်စေ၊ နယ်မှာဖြစ်စေ ဖြစ်နိုင်ခြေ ရှိတဲ့ ထုံးစံကြီး တစ်ခုကတော့ မိဘတွေဟာာ ယောက်ျားလေးတွေကို ကျောင်းဆက်ထားပြီး မိန်းကလေးတွေကို ကျောင်းထုတ်တာပါပဲ၊ ကျောင်းစရိတ်က အကန့်အသတ် ရှိနေပြီ ဆိုရင် မိန်းကလေးတွေ ကျောင်းဆက်တက်ဖို့ မိသားစုဝင်တွေက အားမပေးကြပါဘူး'' ဟု လွယ်အေးနန်းက IPS သို့ ပြောကြားခဲ့သည်။

သက္ကရာဇ် ၂၀၀၀ ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံတကာ ခေါင်းဆောင်များ ချမှတ်ထားသော ပညာရေးနှင့် ကျား၊မ မခွဲခြားရေး ရည်မှန်းချက်များကို မြန်မာနိုင်ငံက ပြည့်မီအောင် ဆောင်ရွက်ရမည့် ကိစ္စကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်းမှာ အံ့သြစရာ မရှိလှပါ။ ထိုနှစ် ညီလာခံတွင် ကုလသမဂ္ဂ အဖွဲ့ကြီးက ၂၀၁၅ အမှီ ပြီးမြောက်ရမည့် အချိန်ကိုက် ရည်မှန်းချက် ၈ ခု ပါဝင်သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆုံးစွန် ဆင်းရဲတွင်း နက်နေသူများ အရေအတွက် လျှော့ချရေး HIV/ AIDS ၊ ငှက်ဖျား၊ အဆုတ် တီဘီရောဂါ စသော လူသတ် ရောဂါများ တိုက်ဖျက်ရေး စသော ရည်မှန်းချက်များ အပြင် ကျား/မ မခွဲခြားရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး အပါအဝင် ကမ္ဘာလုံးကျွတ် အခြေခံ ပညာ တတ်မြောက်ရေးတို့ကို ၂၀၁၅ နောက်ဆုံးထား၍ ပြီးမြောက် အောင်မြင်အောင် အကောင်အထည် ဖော်ရန် ကမ္ဘာ့ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက ၎င်းနိုင်ငံ၏ ထောင်စုနှစ် MDG ပညာရေး ရည်မှန်းချက် ပြည့်မီနိုင်လိမ့်မည်ဟု ပို၍ မျှော်လင့်နေကြသည်။ "မြန်မာနိုင်ငံရဲ့ မူလတန်း ၏ပညာရေး စုစုပေါင်း ကျောင်းအပ်လက်ခံမှု နှုန်းက ၈၄ % ရှိတယ်လို့ ပညာရေး ဝန်ကြီး ဋ္ဌာနနဲ့ ကုလသမဂ္ဂ နောက်ဆုံးရ ကိန်းဂဏန်းတွေ အရ သိရပါတယ်" ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Zafrin Chowdhury က ပြောကြားသည်။ "MDG ကျား/မ တန်းတူညီမျှရေး ရည်မှန်းချက် အောင်မြင်ဖို့ မြန်မာနိုင်ငံဟာ လမ်းမှန်ပေါ် ရောက်နေတယ်။ အချိုးကတော့ ယောကျာင်္းလေး ၁၀၀: မိန်းကလေး ၉၈ ပါ" ဟု ၎င်းက ဆိုသည်။

ယခု တိုးတက်မှုကို ကျောင်းဆက်လက် အပ်နှံမှုနှုန်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်ဟု သူမက အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။ "အခြေခံ မူလတန်း ပညာရေး MDG ရည်မှန်းချက် ပြည့်မီဖို့က 'ကျောင်းပြီးမှု' (မူလတန်း အောင်မြင်မှု) နှုန်းပေါ်မှာ တည်မှီနေတယ်၊ လောလောဆယ်မှာတော့ ကျောင်းအပ် လက်ခံတဲ့ နှုန်းလောက် မများသေးပါဘူး" ဟု သူမက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၁၉၄၈ ဗြိတိသျှ ကိုလိုနီ အုပ်စိုးမှု အပြီးတွင် ဒေသတွင်း နိုင်ငံများ အကြား၌ စာတတ်မြောက်မှု နှုန်းထား အမြင့်ဆုံးဖြင့် ကျော်ကြားခဲ့သော သမိုင်း ရှိခဲ့ဖူးပေရာ ပညာရေး အခွင့်အရေး လှုပ်ရှားသူများအား  လက်ရှိ အနေအထား အဆင့်လောက်ဖြင့် စည်းရုံး ဆွဲဆောင်၍ မရပါ၊ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံအဖြစ်သို့ အဆင့် လျှောကျသွားခဲ့ခြင်း ဖြစ်သည်။

ပညာရေး ကဏ္ဍ အပေါ် အစိုးရ လတ်တလော ကတိပေးမှုကို တိုင်းပြည်တွင်း ပြည်သူ့ အသုံးစရိတ် စာရင်းများအရ ဆိုလျှင် ထင်ယောင်ထင်မှား ဖြစ်စရာ ရှိသည်။ စစ်ဖက် အုပ်ချုပ်သူများသည် ထိုင်းနိုင်ငံသို့ သဘာဝ ဓါတ်ငွေ့ ရောင်းချမှုမှ ပွပေါက် တိုးလျက် ရှိကာ ၂၀၀၀ မှ ၂၀၀၈ အတွင်း ဓါတ်ငွေ့ ရောင်းချမှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဘီလျံ ရရှိခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်တည်းတွင် စစ်ဖက် အစိုးရသည် ၎င်း၏ အင်အား ၄ သိန်းခွဲ တပ်မတော် အတွက် လစာပေးရန် နိုင်ငံတော် ဘတ်ဂျက်၏ ၄၀ % မှ ၆၀ % အထိ သုံးစွဲနေသည်။ ယခုအချိန် အထိ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ အတွက် သုံးစွဲမှုမှာ နိုင်ငံတော် ဘတ်ဂျက်၏ ၀.၅ % နှင့် ၀.၄ % မျှသာ ရှိသည်ဟု လန်ဒန် အခြေစိုက် မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ နိုင်ငံတကာ ဋ္ဌာန၏ အစီရင်ခံစာတွင် သိရှိရသည်။

"အခြေခံ ပညာရေး MDG ရည်မှန်းချက်ကို မြန်မာနိုင်ငံက အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ နိုင်ငံတွင်းက ကုလသမဂ္ဂ အရာရှိတွေက ယုံကြည်နေကြတယ် ဆိုရင်တောင် ကျွန်တော်ကတော့ မမျှော်လင့်ပါဘူး" ဟု HREIB မှ အောင်မျိုးမင်းက သုံးသပ်သည်။ "ကျောင်းသား မိဘတွေ အလှူငွေ ပုံစံနဲ့ ပေးနေရတဲ့ ပိုက်ဆံထက် ပိုများတဲ့ ပမာဏကို ကျောင်းတွေ အတွက် သုံးစွဲမယ်လို့ အစိုးရက တကယ်လို့များ ကတိပေးခဲ့ရင်တော့ တစ်မျိုးပေါ့လေ'' ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment