Transparency Myanmar

transparency.myanmar@gmail.com

The Washington Post, Paulo S'ergio Pinheiro , 23rd July 2010

      နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခုအပတ်တွင် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်နေရာ၊ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး အတွက် အမေရိကန်၏ ကြိုးပမ်းမှုကို စစ်ဆေးရန် အချိန်ကောင်း ဖြစ်သည်။ သမ္မတ Obama တက်လာသောအခါ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ကမ္ဘာ့ပြဿနာများအတွက် နိုင်ငံပေါင်းစုံနှင့် ဆွေးနွေးမည့် အမေရိကန်၏ ဝါဒကို အလွန်တရာ စိတ်ဝင်စားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် အခြားကိစ္စများထက် ပိုမိုပြောဆိုရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာရှင်သည် ဆယ်စုနှစ်များစွာ မိမိတိုင်းသူပြည်သားများကို နှိပ်စက်လျက်ရှိပြီး၊ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်းကြောင့် အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့သည်။

      ၂၀၀၉ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏မူဝါဒကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း ကလင်တန်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ကျွန်ုပ်အပါအဝင် အမေရိကန် အစိုးရသစ်ကို စောင့်ကြည့်သူများက လက်ခုပ်တီးခဲ့ကြသည်။ ကျွန်ုပ်သည် မြန်မာအစိုးရဖန်တီးခဲ့သော ပြဿနာများကို ဖော်ထုတ်ရန် ကြိုးစားသည့် အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများ အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ စဉ်းစား တွေးခေါ်မှု အသစ်အချို့သည် တန်ဖိုးရှိလိမ့်မည်ဟု ကျွန်ုပ်နားလည်သည်။ သို့သော် Obama အစိုးရသည် ရှင်းပြ၍ မရနိုင်သော ခြေလှမ်းမှားများကို အစောပိုင်း ကတည်းက ပြုလုပ်ခဲ့ပြန်သည်။

      ပထမဆုံး Obama အစိုးရသည် ၎င်း၏မူဝါဒသစ် အလုပ်ဖြစ်ရေးအတွက် ရှစ်လခန့် အချိန်ယူခဲ့သည်။ မြန်မာ အစိုးရသည် ယခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေချိန်တွင် ဖိနှိပ်မှုများကို ပိုမိုပြုလုပ်လျက်ရှိရာ၊ အမေရိကန် ပြည်ထောင်စုသည် မည်သို့တုန့်ပြန်မည် ဆိုသည်ကို ကမ္ဘာလုံးဆိုင်ရာ အခြေအတင် ဆွေးနွေးမှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်။ ဝါရှင်တန်သည် ၎င်း၏ ရည်မှန်းချက်များကို ဆက်သွယ်ပြောပြရန် မပြုလုပ်နိုင်ခဲ့ရုံမက၊ ၎င်း၏ ငြိမ်သက်နေခြင်း အတွက် သံတမန် အများစု၏ အမြင်များ ရှုတ်ထွေးစေခဲ့သည်။ ထိုအချိန်အတွင်း မြန်မာအစိုးရအပေါ် ဖိအားများ လျော့နည်းခဲ့ပြီး အခြားတိုင်းပြည်များကလည်း အမေရိကန်၏ မူဝါဒ ပြန်လည် သုံးသပ်မှု၏ အဖြေကို စောင့်နေခဲ့ကြသည်။ မူဝါဒသစ်ကို နောက်ဆုံး ကြေညာသောအခါ အရေးယူမှုများကို ဆက်လက် ရှိနေစေပြီး ဆက်ဆံရေး တိုးမြှင့်ရန် ကြေညာခဲ့ရာ ထူးထူးခြားခြား ဘာမျှမရှိသော ထူးခြားကောင်းမွန်မှု မရှိသော မူဝါဒ ဖြစ်သည်။ ထိုမူဝါဒအတွက် အဘယ်ကြောင့် ရှစ်လခန့် အချိန်ယူရသည်ဆိုသည်မှာ မရှင်းလင်းသည့် အချက်ပင် ဖြစ်သည်။

      ဒုတိယ အချက်အားဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် မူဝါဒနှင့် ပတ်သက်၍ အထူး ညှိနှိုင်းရေး အရာရှိတစ်ဦးကို ကွန်ဂရက်က အာဏာပေးအပ်နှင်းရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ခေါင်းဆောင်ရန် အရည်အချင်း အပြည့်ရှိသည်။ သို့သော် ၎င်းသည် အာရှနှင့် ပတ်သက်၍ အမေရိကန် မူဝါဒရေးရာ ကိစ္စကိုလည်း တာဝန်ခံထားရသည် ဖြစ်ရာ၊ မြန်မာနိုင်ငံအပေါ် အဆက်မပြတ် အာရုံပြုရန် အချိန်အကန့်အသတ် ရှိနေပြန်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် အဆက်မပြတ် အာရုံပြု ကြည့်နေရန် ပျက်ကွက်ခြင်းသည် စိတ်ပျက်ဖွယ် ဖြစ်ရသည်။

      နောက်ဆုံးအချက်မှာ အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရာတွင် အံ့သြဖွယ် ကောင်းစွာပင် ၎င်းတစ်ဦးတည်း ချဉ်းကပ်သွားခြင်းပင် ဖြစ်သည်။ ကျွန်ုပ် နားမလည်နိုင်ဖြစ်ရသော အချက်မှာ အမေရိကန် အစိုးရသည် တွေ့ဆုံဆွေးနွေးရာတွင် အခြား ပါတနာများ ခေါ်မသွားပဲ၊ ၎င်းအနေဖြင့် မြန်မာ အစိုးရအပေါ် သြဇာလွှမ်းမိုးမှု ရှိလိမ့်မည်ဟု တွေးထင်နေသည့် အချက်ပင် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ်နှင့် ရုရှားတို့၏ ထောက်ခံမှု ရှိသည် ဆိုသည်ကို မြန်မာ အစိုးရက သိသည်။ ၎င်းတွင် သဘာဝ သံယံဇာတများမှ နှစ်စဉ် ဒေါ်လာဘီလီယံနှင့် ချီ၍ ရရှိနေသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် လက်ရှိ အရေးယူမှုမျိုးနှင့် မြန်မာနိုင်ငံအပေါ် သြဇာ လွှမ်းမိုးမှု မရရှိနိုင်ပေ။ မြန်မာ အစိုးရအပေါ် အရေးပါ အရာရောက်သူ တစ်ဦးဦးကို ခေါ်သွင်းမသွားဘဲ၊ အမေရိကန် အနေဖြင့် သြဇာလွှမ်းမိုးမှု မရှိနိုင်ပေ။

      ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ အစိုးရကို သြဇာလွှမ်းမိုးမှု ရှိစေလိုလျှင် ၎င်း၏ ချဉ်းကပ်မှုပုံစံကို လုံးဝချက်ချင်း ပြောင်းလဲပစ်ရမည် ဖြစ်သည်။ ကိုယ်စားလှယ် ခန့်အပ်မှုကို အသာထား အမေရိကန် အနေဖြင့် မြန်မာနိုင်ငံ မူဝါဒကို လူကြီးပိုင်းမှ ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။ မြန်မာအစိုးရသည် အပေါ်စီးမှ အသာရနေပြီ ဖြစ်သည်။ အမေရိကန် အနေဖြင့် နိုင်ငံပေါင်းစုံ ပါဝင် သဘောတူသော ဖိအားမျိုး မရှိပဲနှင့်တော့ မြန်မာအစိုးရအား တွေ့ဆုံ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့ဘာသာသူ အကျင့်စရိုက် ပြောင်းပါစေတော့ဟုသာ လွှတ်ထားရပေလိမ့်မည်။

      တိတိကျကျ ပြောရလျှင် အမေရိကန် ပြည်ထောင်စုသည် သူ၏ မဟာမိတ်များကို လက်လှမ်းမှီ စည်းရုံးသည့် အနေဖြင့် ယခုအာဆီယံဒေသတွင်း ဖိုရမ်တွင် စတင်သင့်ပေသည်။ ယခု မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုနှင့် ပတ်သက်သည့်အချက်များ မရှိသောကြောင့် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံအများစုက လက်မခံကြောင်း သေချာစေရန် ပြုလုပ်ခြင်းမျိုး လုပ်ရမည် ဖြစ်သည်။ အမေရိကန်အနေဖြင့် ကျွန်ုပ်၏နေရာတွင် ဆက်ခံသော Tomas Ojea Quintana တောင်းဆိုထားသော မြန်မာ အစိုးရ ကျူးလွန်ထားသော လူသားချင်း မစာနာသော ရာဇဝတ်မှုများနှင့် မစာနာသော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အချက်ကို လူသိရှင်ကြား ကြိုဆိုသင့်ပြီး၊ နိုင်ငံပေါင်းစုံက စုပေါင်း၍ အဆိုပါ စုံစမ်းမှု ဖြစ်ပေါ်ရေး ဝိုင်းဝန်း လုပ်ဆောင်သင့်လှပေသည်။ လက်ရှိ အမေရိကန်၏ အရေးယူမှုများကို ပိုမို အားကောင်းအောင် ပြုလုပ်ပြီး၊ မြန်မာ အစိုးရနှင့်အတူ အလုပ်လုပ်နေသော စင်္ကာပူနှင့် ဒူဘိုင်းရှိ ဘဏ်များကို ပစ်မှတ်ထားသင့်သည်။ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရန် ချမှတ်သင့်သည်။ ထို့အပြင် လာမည့်နှစ်အစောပိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ Universal Periodic Review တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စကို ပြန်လှန် စစ်ဆေးရာတွင် ဦးဆောင်သော နိုင်ငံ သုံးနိုင်ငံအနက် အမေရိကန်က တစ်ဦးအဖြစ် ပါဝင် အခွင့်အလမ်း ယူသင့်လှသည်။

      အချို့ကတော့ ပြောလိမ့်မည်။ ယခုကဲ့သို့ အမေရိကန် ပြည်ထောင်စုအား သူ၏ နိုင်ငံခြားရေးရာ မူဝါဒတွင် ဦးစားပေးစာရင်း သတ်မှတ်ပေးရေးအတွက် မျှော်လင့်နေခြင်းမှာ သဘာဝမကျဟု ဆိုလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်သည် မြန်မာ အစိုးရနှင့် ဆက်ဆံခဲ့ရပြီး ဖြစ်ရာ၊ မြန်မာ ဗိုလ်ချုပ်များကို သြဇာ လွှမ်းမိုးနိုင်ရန် မည်မျှ ခက်ခဲသည် ဆိုသည်ကို အများစုထက် ပို၍သိသည်။ သေချာသည့် အချက်တစ်ခုမှာ အကယ်၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် အမှန်တကယ် မြန်မာ အစိုးရကို တစ်ခုခု ပြောင်းလဲစေလိုသည်ဟု ဆိုလျှင် ၎င်း၏ကြိုးစားအားထုတ်မှုများသည် မဟာဗျူဟာ ကျရမည်။ အာရုံပြုမှု မှန်ကန်ရမည်။ မဆုတ်မနစ် ကြိုးစားရမည်။

      မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲကို ပေးထားချက် အဖြစ် မှတ်ယူလျှင် သမ္မတ Obama နှင့် နိုင်ငံခြားရေး ဝန်ကြီး Cliton တို့အဖို့ ၎င်းတို့၏ မူဝါဒကို ပြင်ဆင်ရန် အချိန်အကန့်အသတ် ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် စတင်သည့် အနေဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံနှင့် သူ၏ အခြေအနေအပေါ် အရေးတကြီး ကိစ္စရပ်အဖြစ် မှတ်ယူရန် လိုအပ်သည်။ ထို့နောက် အမေရိကန် ဆိုသည်မှာ ၎င်းတို့ ပြောသကဲ့သို့ ဘာကောင် ဆိုသည်ကို ကမ္ဘာသို့ ပြသရန် လိုတော့မည် ထင်သည်။

(ဤစာရေးသားသူသည် Brown တက္ကသိုလ်၏ Watsan Institute for International Studies တွင် နိုင်ငံတကာ ဆက်ဆံရေး ပူးတွဲ ပါမောက္ခ တစ်ဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။)

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment