Transparency Myanmar

transparency.myanmar@gmail.com

AFP, 22nd July 2010

      မကြာမီ ပြုလုပ်တော့မည့် အမေရိကန် တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ကမ္ဘာ့ ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ကြာသပတေးနေ့တွင် မြောက်ကိုရီးယားက ပြစ်တင် ရှုတ်ချလိုက်ချိန်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်မှာ အာရှ-ပစ္စဖိတ် လုံခြုံရေးဖိုရမ်အတွက် ဗီယက်နမ်သို့ ရောက်ရှိနေသည်။

      တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် အပယ်ခံ ကွန်မြူနစ်နိုင်ငံအပေါ် အမေရိကန်က အသစ်ထပ်မံ အရေးယူပိတ်ဆို့ခဲ့ခြင်းကို ဟနွိုင်းရောက် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ကန့်ကွက်လိုက်ပြီး "ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ကြေညာချက်ကို သူတို့ ချိုးဖောက်နေတာပါ" ဟု ပြောကြားခဲ့သည်။

      ဒီလိုလုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သာမကဘဲ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကိုပါ ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူ ရီတုန်အီက သတင်းထောက်များအား ပြောကြားသည်။

      "တကယ်လို့သာ အမေရိကန်က ကိုရီးယားကျွန်းဆွယ် နျူကလီယာကင်းရှင်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စစ်ရေးလေ့ကျင့်မှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေ လုပ်မဲ့အစား ဒိုင်ယာလော့ အတွက် ဝန်းကျင် အနေအထား တစ်ခု ဦးဆောင်ပြီး ဖန်တီးတာကိုပဲ လုပ်ရမှာပါ" ဟု ၎င်းက ဆိုသည်။

      ရေတပ်သား ၄၆ ဦး သေဆုံးခဲ့သော မတ်လက ချိုနန် သင်္ဘောနစ်မြုပ်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများသိသာစွာ မြင့်တက်ခဲ့ပြီး "နျူကလီယာ လက်နက်အားကိုး မြောက်ကိုရီးယား" က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်းအပေါ် အရေးယူဒဏ်ခတ်ပါက စစ်ဖြစ်လိမ့်မည်ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်။

      မကြာမီ ပြုလုပ်မည့် ရေတပ် စစ်ရေး လေ့ကျင့်ခန်းများတွင် လေယာဉ်တင် သင်္ဘောတစ်စင်း၊ ဖျက်သင်္ဘောများနှင့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ပြီး 'ကာကွယ်မှု' သဘော သဘာဝရှိကာ မြောက်ကိုရီးယား၏ ရန်စကျူးကျော်မှုအပေါ် ဟန့်တားခြင်းအဖြစ် ရှင်းလင်းစွာ ပြသမှုတစ်ခု ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

      ကလင်တန်က "အရေးယူ ပိတ်ဆို့မှုများသည် ပြုံယမ်း ခေါင်းဆောင်ပိုင်းကိုသာကွက်၍ ဖိအားပေးရန် ရည်ရွယ်ထားပြီး အစိုးရ၏လမ်းလွဲသော၊ အန္တရာယ်များသော ဦးစားပေး ကိစ္စများကြောင့် နှစ်ရှည်လများ ဒုက္ခခံစားနေရသူ မြောက်ကိုရီးယား ပြည်သူများအပေါ် ရည်ရွယ်ခြင်းမဟုတ်" ဟု ပြောဆိုလိုက်သည်။

      နိုင်ငံခြားရေးဌာန အရာရှိများက ပြောကြားရာတွင် ကလင်တန်သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယဉ်ကျားချီနှင့် ကြာသပတေးနေ့ နှောင်းပိုင်း ဟန္နိုင်းတွင် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပစဉ် အတွင်း ဘီဂျင်းအား ၎င်း၏မဟာမိတ် မြောက်ကိုရီးယားကို ပိုမိုလွှမ်းမိုး ထိန်းကျောင်းရန် တောင်းဆိုလိမ့်မည်ဟု သိရှိရသည်။

      သို့သော်လည်း အာဆီယံ ဒေသတွင်း ဖိုရမ် ARF အဖွဲ့ဝင် ၂၇ နိုင်ငံသည် အာရှ ပစ္စဖိတ် ဒေသတစ်ခုလုံးနှင့် အကျုံးဝင်သည့် လုံခြုံရေး ကိစ္စများကို တွေ့ဆုံ ဆွေးနွေးလျက် ရှိသဖြင့် သောကြာနေ့အထိ နှစ်နိုင်ငံ အစည်းအဝေးကို ကျင်းပရန် မျှော်လင့်၍ မရသေးဟု ကလင်တန်၏ ကိုယ်စားလှယ် အဖွဲ့မှ အရာရှိများက ဆိုသည်။

      မြောက်ကိုရီးယား၏ "တည်ငြိမ်မှု ပျက်ပြားစေသော၊ ဥပဒေနှင့် ဆန့်ကျင်သော၊ ရန်စ လှုံ့ဆော်သော" မူဝါဒများ ရပ်ဆိုင်းသွားအောင် ဖိအားပေးရန် အတွက် အရံ အစီအစဉ်များ ရှာဖွေရန် ယန်ကျားချီကို ကလင်တန်က တောင်းဆိုလိမ့်မည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က ပြောကြားသည်။

      "ဒီကြီးမားတဲ့ အရေးယူမှုတွေဟာ မြောက်ကိုရီးယား အဓိက ခေါင်းဆောင်ပိုင်းကို သက်ရောက်မှု ရှိမှာ ဖြစ်တဲ့ အတွက် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ ဘယ်လို ညှိနှိုင်းမယ် ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့အတွက်အချက်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်" ဟု ၎င်းက ဝါရှင်တန်တွင် ပြောကြားသည်။

      ဇန်နဝါရီလက ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက် ဆက်ဆံရေး အေးစက်နေသော ဘီဂျင်းနှင့် ဝါရှင်တန်တို့ အကြား ခပ်တန်းတန်း ဖြစ်နှင့်ပြီးသား ဆက်ဆံရေးကို ယခု ချိုနန် နစ်မြုပ်မှုနှင့် ပတ်သက်၍ ကြီးထွားလာသော တင်းမာမှုများက ဆက်လက် စမ်းသပ်လျက် ရှိသည်။

      မြောက်ကိုရီးယား ရေငုတ်သင်္ဘောက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသော နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များကို တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက လက်ခံ ကိုးကားကြသည်။

      အထက်ပါ စွပ်စွဲမှုကို ပြုံယမ်းက စိတ်ဆိုးမာန်ဆိုး ငြင်းဆန်ခဲ့ပြီး တရုတ်နိုင်ငံကလည်း ၎င်း၏ ကွန်မြူနစ် မဟာမိတ်ကို အပြစ်တင်ခြင်း မပြုခဲ့ပါ။

      ကုလသမဂ္ဂက ၎င်းတိုက်ခိုက်မှုကို ဒေသတွင်း ငြိမ်းချမ်းရေး အပေါ် ခြိမ်းခြောက်မှု အဖြစ် ပြစ်တင် ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များအပေါ်များစွာ စိုးရိမ်ပူပန်မိသည်ဟု ဖော်ပြခဲ့သော်လည်း မြောက်ကိုရီးယား၏ ငြင်းဆန်မှုကိုလည်း အလေးဂရုပြုခဲ့ပြီး အပြစ်တင်ခြင်း မပြုလုပ်ခဲ့ပါ။ ရလာဒ်မှာ ပြုံယမ်းက အောင်ပွဲအဖြစ် ဂုဏ်ပြု ကြိုဆိုလိုက်ခြင်းပင် ဖြစ်သည်။

      ပင်လယ်ဝါတွင် ပြုလုပ်မည့် ရေတပ် လေ့ကျင့်မှုကို ကန့်ကွက်ကြောင်း တရုတ်က ဝါရှင်တန်နှင့် ဆိုးလ်ကို ထပ်မံ သတိပေးခဲ့သည်။

      တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွင်ရိုင်းက အုပ်စု အားလုံးအား "ခေါင်းအေးအေးထား၍ စိတ်ရှည် သည်းခံကြရန်နှင့် ဒေသတွင်း တင်းမာမှုကို ပိုမို ဆိုးလာစေမည့် အရာ မှန်သမျှ မပြုလုပ်ကြရန်" တောင်းဆိုခဲ့သည်။

      ARF ကြေညာစာတမ်း မူကြမ်းတွင် ချိုနန် နစ်မြုပ်မှုနှင့် ပတ်သက်၍ အထူးပင် စိုးရိမ်ကြောင်း ဖော်ပြထားပြီး ဇူလိုင်လ ၉ ရက် ကုလသမဂ္ဂ ကြေညာချက်ကို ထောက်ခံထားသည်။ မြောက်ကိုရီးယားကို အပြစ်တင်ခြင်း (သို့) တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း တွေ့ရှိချက်ကို အသိအမှတ်ပြုခြင်း မရှိပါ။

      ကြေညာချက် မူကြမ်းတွင် မြောက်ကိုရီးယား နျူကလီယာ ဖျက်သိမ်းရေး ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်ရန် တောင်းဆိုထားသည်။

      ရပ်တန့်နေသော ၆ နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် နိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား နှစ်နိုင်ငံ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ကိုယ်စားလှယ်များ ယခု ARF သို့ တက်ရောက်ကြမည် ဖြစ်သော်လည်း ဒိုင်ယာလော့ ပြန်လည် စတင်ရေး အတွက် တိုးတက်မှု အနည်းငယ်သာ ရှိလိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment