Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 30th July 2010

ထိုင်းနိုင်ငံ၏ ပြည်တွင်း သယံဇာတများ ကုန်ခမ်းလာသည့် အလျှောက် စွမ်းအင် ဖြန့်ဖြူးမှု လုံလောက်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားကို ပိုမို ဝယ်ယူရန် မျှော်လင့်နေသည်ဟု ထိုင်းစွမ်းအင် ဝန်ကြီး ဝါနာရတ် ချဉ်နာကူက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို ဝယ်ယူနေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရတနာနှင့် ရဲတံခွန် ကမ်းလွန် ဓာတ်ငွေ့တွင်းများမှ တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၀၀ နှင့် သန်းပေါင်း ၅၆၅ (mmscfd) အသီးသီး ထွက်ရှိသည်။

ထိုင်းနိုင်ငံသည် လာမည့် ၃ နှစ် အတွင်း ဇောတိက လုပ်ကွက်သစ် (သို့) M9 မှ ပေးပို့မှုများကိုလည်း စတင် လက်ခံမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အဓိက ဓာတ်ငွေ့ ရောင်းချသူ PTT Plc. ကုမ္ပဏီသည် မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေး ကန်ထရိုက် စာချုပ်ကို ယနေ့ နေပြည်တော်တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည်။

အဆိုပါ စာချုပ်အရ M9 မှ ဓာတ်ငွေ့များကို ၂၀၁၃ နှစ်ကုန်တွင် ၂၄၀ mmscfd နှုန်းဖြင့် လက်ခံ ရရှိမည် ဖြစ်ပြီး တစ်ရက်လျှင် ရေနံစိမ်း လီတာ ၂.၄ ဘီလျံနှုန်းနှင့် ညီမျှသည်။ M9 မှ ဓာတ်ငွေ့များကို ပို့ဆောင်ရေး ကဏ္ဍတွင် အဓိက အသုံးပြုမည် ဖြစ်သည်။

M9 လုပ်ကွက် ထုတ်လုပ်ရေး လုပ်ကိုင်သူ၊ PTT ၏ ကုမ္ပဏီခွဲ PTT Plc က M3၊ M4၊ M7 နှင့် M11 စသော မြန်မာနိုင်ငံ၏ ရေနံဓာတ်ငွေ့ လုပ်ကွက်သစ်များ အတွက် လေ့လာရေးနှင့် ထုတ်လုပ်ရေး လုပ်ပိုင်ခွင့်များ ရရှိရန် မျှော်လင့်နေသည်။

အကယ်၍သာ နှစ်နိုင်ငံ စလုံးက အထက်ပါ အစီအစဉ်ကို သဘောတူညီမှု ရရှိခဲ့ပါက လာမည့် ဆယ်နှစ်အတွင်း ထိုင်း ပင်လယ်ကွေ့မှ သယံဇာတများ မှန်မှန်လျော့ပါးမှုကြောင့် မြင့်တက်လာသည့် ထိုင်းနိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလိမ့်မည်ဟု မစ္စတာ ဝါနာရတ်က ဆိုသည်။ ပြည်တွင်း သယံဇာတများမှာ လာမည့် ၂၃ နှစ် အထိသာ ထုတ်ယူနိုင်မည်ဟု ၎င်းက ခန့်မှန်းသည်။

ထိုင်းစွမ်းအင် ဝန်ကြီး၏ အမြဲတမ်း အတွင်းရေးမှူး ပွန်ချိုင်းဂူဂျီ ပရာဖာက "ထိုင်းနိုင်ငံသည် မြန်မာ သံလွင်မြစ်ပေါ်မှ ပိုမို ထွက်ရှိလာမည့် ရေအားလျှပ်စစ်ကိုလည်း ဝယ်ယူရန် မျှော်လင့်နေသည်" ဟု ပြောကြားသည်။ သံလွင်မြစ်ပေါ်တွင် ၁၂၀၀ မဂ္ဂါဝပ် ဟတ်ကြီး ရေလှောင်တမံနှင့် ၇၀၀၀ မဂ္ဂါဝပ် တဆောင် ရေလှောင်တမံများ တည်ဆောက်မည့် အလားအလာ ရှိနေသည်။

ထိုင်းမြန်မာ နယ်စပ် တလျှောက် တည်ရှိသော အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကုန်ကျမည့် ဟတ်ကြီး ရေလှောင်တမံ စီမံကိန်း အတွက် မြန်မာနှင့် တရုတ် ရေအား လျှပ်စစ် ကုမ္ပဏီတို့ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ စီမံကိန်း အကောင်အထည် ဖော်မည့် ကုမ္ပဏီများ၏ ရှယ်ယာ ထည့်ဝင်မှု ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများကို လာမည့် မေလတွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံ၏ လက်ရှိ ဓာတ်ငွေ့ လိုအပ်ချက်မှာ ၃၉၀၀ mmscfd ရှိပြီး ၂၀၁၄ တွင် ၄၈၂၁ mmscfd နှင့် ၂၀၂၀ တွင် ၅၅၄၂ mmscfd ရှိလာမည် ဖြစ်၍ PTT က ဓာတ်ငွေ့ အရံ ဖြည့်တင်းမှုကို ပိုမို ရရှိရန် ရှာဖွေနေရသည်ဟု သဘာဝ ဓာတ်ငွေ့ဆိုင်ရာ PTT ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ပန်ဆက် ရိုဗာဝါတာနာနွန်က ပြောကြားခဲ့သည်။

"ဓာတ်ငွေ့ ဝယ်လိုအား ကြီးထွားမှုဟာ လျှပ်စစ်နဲ့ စက်မှု ကဏ္ဍမှာ သာမကပဲ ပို့ဆောင်ရေး ကဏ္ဍမှာပါ ဖြစ်ပေါ်နေတာကြောင့် ပင်လယ်ရပ်ခြား ရင်းမြစ်တွေကို ပိုပြီး ရှာဖွေဖို့ လိုအပ်နေပါတယ်" ဟု ပန်ဆက်က ဆိုသည်။

အကယ်၍သာ အနာဂတ် ကာလတွင် ပတ်ဝန်းကျင် ကိစ္စဆိုင်ရာ လူထု စိုးရိမ်မှုများကြောင့် နျူကလီယာနှင့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံများကို မတည်ဆောက် နိုင်ပါက အရံ သိုလှောင်မှု ပမာဏ ပို၍ လိုအပ်လာလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment