Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ကြောင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်ဟု စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ထားသည့်တိုင် မြောက်ကိုရီးယားက မဟုတ်မမှန်ကြောင်း ငြင်းပယ်လျက် ရှိသည်။

မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုမှ ဗိုလ်မှူးကြီးများသည် ကုလသမဂ္ဂ၏ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် ချိုနန် စစ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှုအဖွဲ့နှင့် မြောက်ကိုရီးယား စစ်ဘက် အရာရှိများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံက ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှု ပြုလုပ်ချိန် အတွင်းမှာပင် တရုတ်နိုင်ငံကလည်း ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က လူပေါင်း ၄၆ ဦး သေဆုံးစေခဲ့သည့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ် အနီးတစ်ဝိုက် ပင်လယ်ပြင် ဒေသတွင် ရေတပ်နှင့် လေတပ် စစ်ရေး လေ့ကျင့်မှုများ လေးရက်တာမျှ ပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှု ပုံစံသည် နှစ်နိုင်ငံ စစ်ဘက် လေ့ကျင့်မှုများတွင် ပထမဆုံး ဖြစ်သည်ဟု သတ်မှတ် ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကို ပြုံးယမ်း ကွန်မြူနစ် အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ဒေသ Panmunjom မြို့တွင် ကုလသမဂ္ဂက ကျင်းပ ပြုလုပ်ပေးသည့် ဆွေးနွေးပွဲကိုမူ စီစဉ် ထားသည့်အတိုင်း ဖြစ်မြောက်စေခဲ့သည်။

မြောက်ကိုရီးယားက ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် မည်သို့မျှ ပတ်သက်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ သို့သော် ကုလသမဂ္ဂ ဦးဆောင်သော တင်းမာမှု လျှော့ချရေး ဆွေးနွေးပွဲများ တက်ရောက်မည်ဟု သဘောတူညီခဲ့သည်။

အမေရိကန် ဦးဆောင်သော ကုလ ညွှန်ကြားမှု အဖွဲ့နှင့် မြောက်ကိုရီးယား ဆွေးနွေးမှုသည် အနာဂတ် ကာလတွင် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရန် အဓိက ဦးတည်ထားသည်။ ပထမဆုံးသော ဆွေးနွေးမှုကို ပြီးခဲ့သည် ဇွန်လ ၂၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုတွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့် သက်သေ အထောက်အထားများကို စစ်ဆေးမည့် ပူးတွဲ အဖွဲ့တစ်ခု ဖွဲ့စည်းရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ ညွှန်ကြားမှု အဖွဲ့ရုံးသည် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ် ပြီးဆုံးသည့် အချိန်မှ စ၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ထို့အတူ တောင်ကိုရီးယား နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ခန့် ရှိသည်။ ယခု နောက်ဆုံးပြုလုပ်ခဲ့သည့် အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံကလည်း ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment