Transparency Myanmar

transparency.myanmar@gmail.com

China Daily, 27th August 2010

နေစွမ်းအင် ဖြာထွက်မှု လျော့နည်းသွားမှုကြောင့် ကမ္ဘာ့လေထု၏ အပေါ်ဆုံး အလွှာတစ်ခု ကျုံ့သွားသည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။

အဆိုပါ သတင်းမှာ စိုးရိမ်စရာ သတင်း တစ်ခု ဖြစ်သော်လည်း ဂြိုလ်တုများ အတွက်မူ သတင်းကောင်း တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ဂြိုလ်တုများ ကြုံတွေ့နေရသည့် မလိုလားအပ်သော ဓာတ်ငွေ့များ၏ ဆွဲငင်မှု လျော့နည်းသွားက ကမ္ဘာပတ်လမ်းကြောင်း အတွင်း အချိန် ကြာရှည်စွာ တည်နေနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်လည်း အာကာသ အမှိုက်များ ကမ္ဘာပတ် လမ်းကြောင်း အတွင်း ဆက်လက် ကျန်ရှိနေနိုင်သည့် ဆိုးကျိုးကိုလည်း သက်ရောက်စေသည်ဟု သိရှိရသည်။

အမေရိကန် အာကာသ သိပ္ပံ အသင်းကြီး၏ အာကာသ သိပံ္ပ သုနေသန ဂျာနယ်မှ ထုတ်ပြန်သော လေ့လာမှု အစီရင်ခံစာ အရ နေစွမ်းအင် ထုတ်လွှတ်မှုသည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ် အတွင်း မကြုံစဖူး လျော့နည်း သွားသည်ဟု သိရှိရသည့် အဆိုပါ ကာလ အတွင်း ကမ္ဘာမြေပြင်မှ အထက် မိုင် ၅၀ မှ မိုင် ၃၀၀ အတွင်း ရှိသော လေထု၏ အပေါ်ဆုံး သာမို စပီးယား အလွှာမှာ ပို၍ အေးလာကာ ကျုံ့သွားခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Star, 30th August 2010

မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် စာချုပ် ချုပ်ဆိုရန် တရုတ်နိုင်ငံက အဆင်သင့် ဖြစ်နေပြီဟု ဒါကာသို့ ရောက်ရှိနေသော တရုတ် အရာရှိက ပြောကြားသည်။

၃ နိုင်ငံ ဆက်သွယ်မည့် ၁၁၁ ကီလိုမီတာ ရှည်သော ကားလမ်းကို ဖောက်လုပ်ရာတွင် အကူအညီ ပေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ယခုနှစ် မတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ယူနန်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မည် ဖြစ်သည်။

ရထားလမ်းနှင့် ကားလမ်းများ ဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် တရုတ်က အဆင်သင့် ရှိနေသည်ဟု ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကွင်ဂွမ်ရောင်က ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ် မတ်လ အတွင်းက ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာသည် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ဖိတ်ကြားခဲ့ခြင်းကြောင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခု ဘင်္ဂလားဒေ့ရှ်သို့ ၂ ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ်တွင် အထက်ပါ စီမံကိန်းနှင့် ပတ်သက်၍ တရုတ် တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

စစ်တကောင်း၊ မြန်မာ၊ ကူမင်း အဝေးပြေး လမ်းမကြီးသည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်မှု တိုးတက်လာရန် အဓိက အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ရှိတ်ဟက်ဆီနာက ပြောကြားသည်။

"မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံနဲ့ ကားလမ်း၊ ရထားလမ်းတွေ တိုက်ရိုက် ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ်က ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ဟက်ဆီနာက ပြောကြားခဲ့ခြင်းကို Daily Star သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သကဲ့သို့ ကာကွယ်ရေး လက်နက် ပစ္စည်းများကိုလည်း ရောင်းချပေးလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 27th August 2010

ပင်လယ်ဝါတွင် ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ ရေတပ် လေ့ကျင့်မှုများကို လူသိရှင်ကြား ဆန့်ကျင်ခဲ့သော တရုတ်နိုင်ငံက အဆိုပါ ရေပြင်၌ပင် လက်တွေ့ ပစ်ခတ်မှု ရေတပ် လေ့ကျင့်ခန်းများကို ယခု တစ်ပတ်တွင် ပြုလုပ်တော့မည် ဖြစ်သည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဘိုင်ဟိုင် ရေတပ် သင်္ဘောအုပ်စုသည် ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ လေ့ကျင့်ခန်းများ ပြုလုပ်မည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားက အဆိုပါ ပင်လယ်ဝါတွင် လာမည့်လ အစောပိုင်း၌ ရေတပ် လေ့ကျင့်ခန်းများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရက်အတိအကျ မကြေညာ သေးပါ။

ပင်လယ်ဝါ ရေပြင်၏ ဧရိယာ အများစုမှာ နိုင်ငံတကာ ရေပိုင်နက် ဖြစ်သော်လည်း တရုတ်က ၎င်း၏ လုံခြုံရေး အနားသတ်မျဉ်းတွင် ကျရောက်နေသည်ဟု သတ်မှတ်ထားသည်။

ဝါရှင်တန်က ၎င်း၏ မဟာမိတ် ဆိုးလ်ကို ကာကွယ်ပေးရန် ကတိပြုထားသည့် အတွက် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို သတိပေးရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု ပင်တာဂွန်က ပြောကြားလိုက်သည်။

ပြီးခဲ့သော မတ်လက ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသော ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု အပြီးတွင် ၎င်းအနီးတဝိုက် ဂျပန် ပင်လယ်ပြင်တွင် အမေရိကန်နှင့် တောင်ကိုရီးယားက ကြီးမားသော ရေတပ်၊ လေတပ် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ချိုနန် သင်္ဘောကို မြောက်ကိုရီးယားတို့က တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုးလ်နှင့် မဟာမိတ်များက အပြစ်တင် ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Herald, 30th August 2010

ရပ်ဆိုင်းနေသော နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အပါအဝင် နှစ်ပိုင်းကွဲ ကိုးရီးယား ကျွန်းဆွယ်၏ အရွေ့ကို သက်ရောက်စေနိုင်သည့် ပရိယာယ် ဆင်မှု တစ်ခုဖြစ်သည့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ လတ်တလော တရုတ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ရန် တရုတ် အစိုးရကို တောင်းဆိုထားသည်ဟု ဆိုးလ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အသက် ၆၈ နှစ်ရှိ ပုန်းရှောင်တတ်သော မြောက်ကိုးရီးယား ခေါင်းဆောင်သည် ပြီးခဲ့သော ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ကျော်ကာ တရုတ် အရှေ့မြောက် ဒေသသို့ ဆိုင်းမဆင့် ဗုံမဆင့် သွားရောက်၍ တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဆွေးနွေးခဲ့သည်ဟု ကြားသိရသည်။ အမေရိကန် လူမျိုး အကျဉ်းသား တစ်ဦး လွတ်မြောက်ရေးအတွက် ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာကို ပြုံယမ်းတွင် ထားရစ်ကာ တရုတ်ခရီးစဉ် သွားရောက်ခဲ့သော ကင်ဂျုံအီသည် ၎င်း၏ ကျန်းမာရေး အခြေအနေ ပိုဆိုးမလာမီ ၎င်း၏ အာဏာကို ဆက်ခံမည့် သားဖြစ်သူကို တရုတ်နိုင်ငံက အသိအမှတ် ပြုမှုကို သေချာစေရန် အရေးပေါ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ဟူသော မှန်းဆချက်များ ထွက်ပေါ်လာစေသည်။

၂၀၀၈ ခုနှစ်က လေဖြတ် ဝေဒနာ ခံစားခဲ့ရသော ကင်ဂျုံအီနှင့်အတူ ၎င်း၏ အာဏာကို ဆက်ခံဖွယ် ရှိသည့် အငယ်ဆုံးသား ကင်ဂျုံအန်း လိုက်ပါသွားခဲ့သည်ဟု သတင်းဋ္ဌာန များစွာက ဖော်ပြကြသည်။ ၎င်းသည် တတိယမြောက် ရည်မှန်းချက်အတွက် တရုတ်သို့ ရောက်ရှိနေသည့် လက္ခဏာ ရှိသည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။

"ဥက္ကဋ္ဌကြီး ကင်ဂျုံအီးရဲ့ လတ်တလော ခရီးစဉ် ရလဒ် အသေးစိတ် အချက်တွေကို ပေးဖို့ သံတမန် လမ်းကြောင်းက တဆင့် တရုတ် အစိုးရကို တောင်းဆိုထားပါတယ်" ဟု ဆိုးလ်မှ အမည် မဖော်လိုသူ သံတမန် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံမှ သတင်း အသေးစိတ်ကို ဘေဂျင်းရှိ တောင်ကိုးရီးယား အဆင့်မြင့် သံတမန်က ရရှိဖွယ် ရှိသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခင် ခရီးစဉ်နှင့် ၃ လကျော်ပင် မခြားသည့် ကင်ဂျုံအီ၏ ဘေဂျင်း ခရီးစဉ်သည် ရပ်ဆိုင်းနေသော ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေးကို တရုတ်က ပိုမို အားထုတ်လာခြင်း အပါအဝင် ကိုးရီးယား ကျွန်းဆွယ်နှင့် ပတ်သက်သည့် ကိစ္စမျိုးစုံနှင့် တိုက်ဆိုင်နေသည်။

တရုတ်နိုင်ငံ၏ နျူကလီယာ ကိုယ်စားလှယ် အကြီးအကဲ ဝူဒါဝေသည်လည်း ဆိုးလ်ခရီးစဉ်၏ နောက်ဆက်တွဲ အဖြစ် ၆ နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲ ပြန်လည် စတင်ရေးတွင် မဖြစ်မနေ စည်းရုံးရမည့် ဂျပန်သို့ လောလောဆယ် သွားရောက်နေသည်။

ပြုံယမ်းသည် နျူကလီယာ ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ရန် အပြုသဘော ဆောင်သော ရည်ရွယ်ချက်များကို ပြသလျက် ရှိပြီး မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာ ပြတ်တောက်မှုကို သက်သာရာ ရစေမည် ဖြစ်ကာ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြား တင်းမာမှုများကိုလည်း ပြေလျော့စေလိမ့်မည်ဟု ဝူဒါဝေက ၎င်း၏ ဆိုးလ်ခရီးစဉ်တွင် ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၀၈ တွင် ရပ်ဆိုင်းသွားခဲ့သော နျူဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေး အလားအလာမှာ မတ်လအတွင်းက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုးရီးယားတို့ တာဝန်ရှိသည်ဟု နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် မှေးမှိန်နေခဲ့သည်။ တန်ချိန် ၁၂၀၀ ချိုနန် စစ်သင်္ဘောကို တိုပီဒိုဖြင့် ပစ်ခတ်ခြင်း မပြုခဲ့ပါဟု မြောက်ကိုးရီးယားက ငြင်းဆိုထားသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် ပြုံယမ်းက ရှင်းရှင်းလင်းလင်း ဝန်ခံ တောင်းပန်ပြီးမှသာ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည်ဟု ဆိုးလ်က အခိုင်အမာ ပြောကြားထားသည်။

ဝါရှင်တန်ကလည်း ၎င်း၏ ကာလရှည် မဟာမိတ် တောင်ကိုးရီးယားကို ထောက်ခံသည့် အနေဖြင့် ကိုးရီးယား ၂ နိုင်ငံ အငြင်းပွား ရေပြင်အနီးတွင် တောင်ကိုးရီးယားနှင့် ပူးတွဲ ရေတပ် လေ့ကျင့်ခန်းများ ပြုလုပ်လျက် ရှိကာ ဆင်းရဲ ငတ်မွတ်နေသော မြောက်ကိုးရီးယားကို ဆက်လက်  ပစ်ပယ်ထားရန်အတွက် အရေးယူ ဒဏ်ခတ်မှု အစီအစဉ်သစ်များကို လာမည့် အပတ်တွင် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ မြောက်ကိုးရီးယားနှင့် ပတ်သက်နေသည့် နာမည်ပျက် စာရင်းတွင် ပင်လယ်ရပ်ခြားသို့ သမားရိုးကျ လက်နက်များ ရောင်းချပေးကာ မြောက်ကိုးရီးယား အထက်လွှာ အတွက် ဇိမ်ခံပစ္စည်းများ တင်သွင်းပေးနေသော ကုမ္ပဏီ ၂၃ ခုနှင့် လူပုဂ္ဂိုလ် ၄ ဦး ပါဝင်သည်ဟု သိရှိရသည်။

မြောက်ကိုးရီးယား အနေဖြင့် ပြည်ပမှ ၎င်းအားကိုးနေရသူများက ဝိုင်းပယ်တော့မည့် အဖြစ်ကို ရှောင်ရှားရန်အတွက် ကြံရာမရ ဖြစ်ကာ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေးအတွက် ယခင်က တောင်းဆိုခဲ့ဖူးသော အနေအထားသို့ တဖန်ပြန်၍ ဒူးထောက် အလျှော့ပေးသည့် လက္ခဏာ ရှိသည်ဟု ပညာရှင်များက သုံးသပ်သည်။

ရပ်ဆိုင်းနေသော ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ်ရေးအတွက် မြောက်ကိုးရီးယား အစိုးရက ယခင် တောင်းဆိုဖူးသော အချက်များမှာ အမေရိကန် ပြည်ထောင်စု၏ အရေးယူ ဒဏ်ခတ်မှုများကို ရုတ်သိမ်းကာ အကြို ညှိနှိုင်း ဆွေးနွေးရန်နှင့် ကိုးရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို၍ ၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲကို အပြီးသတ်ရန်တို့ ဖြစ်သည်။

ယခု ဘေဂျင်းနှင့် ပြုံယမ်း အစိုးရတို့ သဘောတူညီမှု ရထားသော အဆင့် ၃ ဆင့် အစီအစဉ်တွင် အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုးရီးယား အကြား ကြိုတင် ပြင်ဆင်မှု ဆွေးနွေးပွဲများ ပြုလုပ်ရန် ၆ နိုင်ငံ ဆွေးနွေးပွဲ တက်ရောက်သူများ အကြား အကြို ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အဓိက ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် စသည့် အဆင့် ၃ ဆင့် ပါဝင်သည်ဟု တရုတ် နျူကလီယာ ကိုယ်စားလှယ်က တောင်ကိုးရီးယား တာဝန်ရှိသူများအား ယခင် အပတ်က ပြောကြားခဲ့သည်။

လတ်တလောတွင် မြောက်ကိုးရီးယားနှင့် ဆက်ဆံရေး လမ်းကြောင်းသစ် ဖွင့်လှစ်ရန် ပြုံယမ်းသို့ ရောက်ရှိနေသော သမ္မတဟောင်း ကာတာ၏ ခရီးစဉ်နှင့် ပတ်သက် ဆက်စပ်မှု မရှိစေရန် ဝါရှင်တန်က အထူး သတိထားလျက် ရှိပြီး မြောက်ကိုးရီးယားနှင့် ကြိုတင် ပြင်ဆင်မှု ဆွေးနွေးပွဲ ပြုလုပ်ရေး အလားအလာနှင့် လက်ရှိ ကင်ဂျုံအီ၏ တရုတ် ခရီးစဉ်တို့ အပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

"ကင်ဂျုံအီရဲ့ ခရီးစဉ်ကို အတည်ပြုဖို့က ကျွန်တော်နဲ့ မဆိုင်ပါဘူး'' ဟု အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဖေမှ သားထံ အာဏာ လွှဲပြောင်းရေးကို ရှေ့တဆင့်တိုး ဆောင်ရွက်နေပုံ ရသော ကင်ဂျုံအီသည် စနေနေ့ နှောင်းပိုင်းတွင် တရုတ် အရှေ့မြောက်ပိုင်း မြို့တော် ချန်းချွန် မီးရထား ဘူတာရုံသို့ ရောက်ရှိနေသည်ဟု ခန့်မှန်းရသည်။

ကင်ဂျုံအီ အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းမှာ အာဏာ လွှဲပြောင်းရေး ကိစ္စအပြင် ၎င်း၏ မြောက်ပိုင်းဒေသများ ရေလွှမ်းမိုးခံရသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ကွန်မြူနစ် မဟာမိတ် နိုင်ငံကြီးထံမှ စီးပွားရေး အကူအညီ ရရှိရန် ကြိုးစားသည့် ကိစ္စလည်း ပါဝင်သည်ဟု ပညာရှင်များက မှတ်ချက်ပေးသည်။

ထို့အပြင် ပြုံယမ်းရောက် ဂျင်မီကာတာကို ရှောင်ရှားခြင်းဖြင့်၊ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှု ကြီးထွားလာခြင်းကို အညံ့ခံမည် မဟုတ်ကြောင်း အသိပေးလိုသည့် သဘောလည်း ပါဝင်သည်ဟု ပညာရှင်များက သုံးသပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 29th August 2010

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ရေတပ်၏ အမှတ် ၅ ကင်းလှည့် ရေတပ်ဖွဲ့မှ ဂွမ်ဇိုးနှင့် ချောင်ဟူ စစ်သင်္ဘော နှစ်စင်းသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် လည်ပတ်ခဲ့သည်ဟု သိရှိရသည်။

တရုတ် စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းသို့ ဆိုက်ကပ် လည်ပတ်ခြင်းမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

အဆိုပါ ၅ ရက်ကြာ မစ်ရှင်သည် နှစ်နိုင်ငံ စစ်တပ်များ အကြား၊ ရေတပ်မတော် ၂ ခု အကြား အပြန်အလှန် ခင်မင် ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မိုးများ ရွာသွန်းနေသည့် ကြားမှ ပြုလုပ်သော တရုတ်စစ် သင်္ဘောများအား ကြိုဆိုပွဲ အခမ်းအနားသို့ ရေတပ်စခန်း တပ်မှူး ဗိုလ်ချုပ်ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယီဒါဘိုနှင့် သံရုံးအရာရှိများ၊ တရုတ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မြန်မာ အခြေစိုက် တရုတ် ကျောင်းဆရာနှင့် ကျောင်းသားများ၊ ဒေသခံ တရုတ်လူမျိုးများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကြိုဆိုပွဲ အပြီးတွင် ဧည့်သည်များအား စစ်သင်္ဘောများပေါ်သို့ တက်ရောက် ကြည့်ရှုခွင့် ပေးခဲ့သည်ဟု သိရှိရသည်။

ယခု အလည်အပတ် ခရီးစဉ် အတွင်း တရုတ်ရေတပ် အစောင့် တပ်ဖွဲ့နှင့် မြန်မာ ရေတပ်မတော် အကြား အပြန်အလှန် နီးနှော ဖလှယ်မှုများ ပြုလုပ်ကြမည်ဟုလည်း သိရသည်။

တရုတ်ရေတပ် အမှတ် ၅ အစောင့် တပ်ဖွဲ့သည် ဧဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် ကင်းလှည့် တာဝန် ထမ်းဆောင် ပြီးစီး၍ အပြန်ခရီးတွင် ဆိပ်ကမ်းများ၌ ဝင်ရောက် ဆိုက်ကပ် လည်ပတ်ရာ မြန်မာနိုင်ငံသည် ၄ နိုင်ငံမြောက် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ မရောက်မီ အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံတို့၌ ဝင်ရောက် ဆိုက်ကပ် ခဲ့သည်ဟုလည်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 28th August 2010

အရေးပါသော အာဆီယံ ဒေသတွင်း ကုန်သွယ်ရေး အစည်းအဝေးတွင် အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်နိုင်ခြင်း မရှိသော်လည်း သံရုံး ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပအာရှ အကြား စီးပွားရေး ဆက်ဆံမှုများမှာ အထူးဦးစားပေး အဆင့် ဖြစ်သည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

သောကြာနေ့က ပြီးဆုံးခဲ့သော ဗီယက်နမ် ဒါနန်းမြို့တော်တွင် ပြုလုပ်သည့် အာဆီယံ နှစ်ပတ်လည် ကုန်သွယ်ရေး အစည်းအဝေးတွင် တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်များ တက်ရောက် ခဲ့ကြသော်လည်း အမေရိကန် အရာရှိများ တက်ရောက်ခြင်း မရှိပေ။

အမေရိကန် အရာရှိများ ရောက်မလာခြင်း အတွက် အမေရိကန် ပြည်တွင်း နိုင်ငံရေး အကြောင်းရင်းများကို လေ့လာသူများက အပြစ်တင်ခဲ့ကြသည်။

"အမေရိကန် အစိုးရ စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တက်တက်ကြွကြွ တွေ့ဆုံ ဆွေးနွေးရေးကို မပြောင်းမလဲ ထိန်းသိမ်းထားပါတယ်" ဟု သံရုံး ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြားသည်။

"အမေရိကန်-အာဆီယံ စီးပွားရေး ဆက်ဆံမှုကို အထူးဦးစားပေး အဆင့်သတ်မှတ်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်" ဟု ပြောကြားခဲ့သော အမည် မဖော်လိုသည့် ပြောရေးဆိုခွင့် ရှိသူက အဓိက ကော်ပိုရေးရှင်းကြီးများမှ အမှုဆောင် အရာရှိများ ပါဝင်သည့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ၏ ကိုယ်စားလှယ်များ ဒါနန်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု ဆက်လက် ပြောဆိုသည်။

အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းသည် အာဆီယံ အတွက် ခွန်အားရှိသော လုပ်ဖော်ကိုင်ဖက် ဖြစ်သည်ဟု အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ စီးပွားရေး ကောင်စီသည် အာဆီယံ နှစ်ပတ်လည် စီးပွားရေး ဝန်ကြီးများ အစည်းအဝေးများ၌ ပါဝင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 28th August 2010

ကိုးရီးယား ကျွန်းဆွယ် အရေးနှင့် ပတ်သက်၍ သံတမန်ဆိုင်ရာ နည်းလမ်းသစ် ရှာဖွေနေသော အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုးရီးယား အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမှုကို အသစ် ထပ်မံ ကြိုးပမ်းရန် စတင် လေ့လာ ချိန်ဆလျက် ရှိသည်ဟု The New York Times က သတင်း ဖော်ပြသည်။

အမည် မဖော်လိုသော အရာရှိများနှင့် လေ့လာသူများကို ကိုးကား၍ သတင်းစာက ဖော်ပြရာတွင် ပြုံယမ်းအပေါ် ချဉ်းကပ်မည့် ပုံစံသစ်၌ ထပ်မံ ဖိအားပေးရေး နည်းဗျူဟာများကို ဦးစွာ ပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။

သို့သော်လည်း မြောက်ကိုးရီးယား အာဏာရှင် ကင်ဂျုံအီကို တွန်းအားပေးရာတွင် ဖိအားပေးသော နည်းလမ်း တစ်ခုတည်းဖြင့် မလုံလောက်ဟု အိုဘားမား အစိုးရက သုံးသပ်ထားသည်။

 ယခင် အပတ်က ပြုလုပ်သော ထပ်တန်းအဆင့် အစည်းအဝေးတွင် မြောက်ကိုးရီးယား ဆိုင်ရာ မူဝါဒ၏ ရှေ့ဆက် ဆောင်ရွက်မည့် အဆင့်များနှင့် ပတ်သက်၍ ပြင်ပကျွမ်းကျင် ပညာရှင်များနှင့် ယခင် အရာရှိဟောင်းများ၏ အကြံဥာဏ်များကို အားပေး ထောက်ခံမှု ရစေရန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကြိုးစားခဲ့သည်ဟု သတင်းအရ သိရှိရသည်။

စစ်ပွဲ လိုလားသူများ ရှိနေသည့် ကြားမှပင် အမေရိကန် ပြည်ထောင်စုသည် ကင်ဂျုံအီနှင့် ဆက်ဆံရေး ပုံစံ တစ်မျိုး ပြန်လည် စတင်ရန် လိုအပ်သည် ဟူသော အချက်ကို အများစု သဘော တူညီမှု ရခဲ့သည်ဟု သတင်းစာက ဆိုသည်။

မြောက်ကိုးရီးယား အပေါ် ပြစ်တင် စွပ်စွဲထားသော တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုကို တုန့်ပြန်သည့် အနေဖြင့် ပြုလုပ်ခဲ့သော အမေရိကန်-တောင်ကိုးရီးယား ပူးတွဲရေတပ် လေ့ကျင့်မှုများနှင့်အတူ အတင်းကြပ်ဆုံး စီးပွားရေး ပိတ်ဆို့ အရေးယူမှုများအပေါ် အခြေပြုထားသည့် လက်ရှိ မူဝါဒကို သည်းခံ စိတ်ရှည်ကြရန် ကလင်တန်က အလေးပေး ပြောကြားခဲ့သည်ဟုလည်း New York Times က ဖော်ပြထားသည်။

ပြုံယမ်းအပေါ် ပုံစံသစ်ဖြင့် ကိုင်တွယ်ရေးကို ထောက်ခံသူများထဲတွင် မြောက်ကိုးရီးယား ဆိုင်ရာ အထူးအရာရှိ Stephen Bosworth လည်း ပါဝင်သည်ဟု သိရှိရသည်။

၎င်းသည် ဆွေးနွေးပွဲများ၏ အလားအလာကို လေ့လာ စူးစမ်းရန် ဒီဇင်ဘာလက ပြုံယမ်းသို့ သွားရောက်ခဲ့သော်လည်း အိုဘားမား အစိုးရက နောက်ဆက်တွဲ ဆွေးနွေးပွဲ စီစဉ်ရေး မစီစဉ်ရေးကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိဟု New York Times က သုံးသပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ အဖွဲ့အတွင်း ပြုလုပ်ခဲ့သော တာဝန် ပြောင်းလဲ ခန့်အပ် ဖွဲ့စည်းမှုများသည် ဆယ်စုနှစ် များအတွင်း အကြီးမားဆုံးသော ပြောင်းလဲမှု တစ်ရပ် ဖြစ်သည်။ မြန်မာအစိုးရ အရာရှိတစ်ဦး အဆိုအရ အကြီးတန်း စစ်ဘက် အရာရှိ ၇၀ ကျော်အား တာဝန် ပြောင်းလဲ ပေးအပ်မှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အချို့သော စီနီယာ စစ်ဘက် အရာရှိကြီးများ တပ်မတော်မှ အငြိမ်းစား ယူလိုက်သည် ဟူသော သတင်းများ သြဂုတ်လ ၂၇ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည်။ "စစ်ဘက်က အရာရှိကြီး ၇၀ ကျော် ကို တာဝန် ပြောင်းလဲ ခန့်အပ်ခဲ့ကြပါတယ်။ ဒါဟာ စစ်တပ်ထဲမှာ ဆယ်စုနှစ်များစွာ အတွင်း ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခုလို့ ပြောလို့ရပါတယ်" ဟု အမည် မဖော်လိုသူ စစ်ဘက် အရာရှိ တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။

"ကျွန်တော်တို့ ခေါင်းဆောင်တွေက မျိုးဆက်သစ် စစ်ဘက် အရာရှိတွေနဲ့ စစ်အုပ်ချုပ်ရေး စနစ်ကို ကာလ ကြာရှည်စွာ ထိန်းသိမ်းဖို့ စီစဉ်နေကြတာပါ" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ကနဦး သတင်း ပေးပို့ချက်များ အရ စစ်အစိုးရ၏ နံပါတ် ၁ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ရာထူးမှ အငြိမ်းစား ယူလိုက်ပြီ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် အဆိုပါ ကိစ္စမှာ မှန်ကန်မှု မရှိဟု မြန်မာ အစိုးရ အာဏာပိုင် တစ်ဦးက ပြောကြားသည်။

စစ်အစိုးရနှင့် နီးစပ်သော အာဏာပိုင် တစ်ဦးက ယခုအခါ အသက် ၇၇ နှစ် အရွယ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် မကြာမီ ကာလတွင် အငြိမ်းစား ယူဖွယ် ရှိသည်ဟု ပြောကြားသည်။

"တရားဝင် အမိန့်ပြန်တမ်းတော့ မထွက်သေးပါဘူး။ ဒါပေမဲ့ သူတို့ အစီအစဉ် ဆွဲထားပြီးပါပြီ။ ဖြစ်နိုင်ခြေ ရှိတာက ရွေးကောက်ပွဲ နောက်ပိုင်း ကာလလောက်မှာ ဖြစ်မှာပါ" ဟု ၎င်းက ဆိုသည်။

ယင်းသို့ မြန်မာ စစ်အစိုးရအတွင်း တာဝန် ပြောင်းလဲ ခန့်အပ်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်သံဌာနတို့က တရားဝင် ထုတ်ဖော်ခြင်း မပြုပေ။

အနောက်နိုင်ငံများနှင့် အတိုက်အခံ အင်အားစုများက ယခု ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အဓိက ဦးတည်ထားသော အယောင်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ပြောဆိုကြသည်။ ပြီးခဲ့သည့် ဧပြီလတွင် မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စီနီယာ စစ်ဘက် အရာရှိကြီးများ တပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု ဦးသိန်းစိန်) သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဦးဆောင်ရန် အငြိမ်းစားယူခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများသည် မျှတမှု မရှိသောကြောင့်ဟု ဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ (တစ်နည်းအားဖြင့် ပြစ်ဒဏ် ကျခံနေရသူ) အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိသလို အဆိုပါ ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသော နိုင်ငံရေး ပါတီများ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ၎င်းတို့အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 27th August 2010

ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီ ၃ ခု သည် နိုဝင်ဘာ ရွေးကောက်ပွဲရက် နီးကပ်လာသည် နှင့်အမျှ ၎င်းတို့၏ အနေအထားကို ခိုင်မာစေရန် ကြိုးစားသည့် အနေဖြင့် နိုင်ငံရေး မဟာမိတ် ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်ဟု ပါတီ သတင်း ရပ်ကွက်မှ သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစု (UMFNP)၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် မြန်မာ ဒီမိုကရေစီ ကွန်ဂရက်ပါတီ (MDCP) တို့သည် မဲဆန္ဒနယ် တစ်ခုလျှင် ၎င်းတို့ သုံးပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ရန် သြဂုတ်လ ၂၁ ရက်တွင် သဘော တူညီခဲ့ကြသည်ဟု ဆိုသည်။

"လာမယ့် ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့ ၃ ပါတီ ပေါင်းပြီး နိုင်ငံရေး မဟာမိတ် ဖွဲ့ထားပါတယ်။ ကျွန်တော်တို့ မဟာမိတ်ထဲက ပါတီ တစ်ခု ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ ကျန်ပါတီ ၂ ခု က ဝင်ပြိုင်မှာ မဟုတ်ပါဘူး" ဟု  UMFNP ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမသို့ ပြောကြားခဲ့သည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာ ဒီမိုကရေစီ ကွန်ဂရက် ပါတီက နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းရန်နှင့် ပါတီ တစ်ခုစီ ဝင်ရောက် ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ရွေးချယ် သတ်မှတ်ရန် အတွက် ရန်ကုန် အခြေစိုက် ပါတီ ၂၄ ခုကို အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

သို့သော်လည်း ထိုနေ့တွင်ပင် စစ်ပြန် ရှမ်းနိုင်ငံရေး သမားကြီး ဦးရွှေအုန်း ကွယ်လွန် သွားခဲ့ခြင်းကြောင့် ပါတီ ၃ ခုသာ အစည်းအဝေး တက်ရောက်၍ မဟာမိတ် ဖွဲ့စည်းနိုင်ခဲ့သည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှ မဲဆန္ဒနယ်များတွင် ၃ ပါတီ မဟာမိတ် အဖွဲ့မှ ကိုယ်စားလှယ်လောင်း ၁၀၀ မှ ၅၀၀ ခန့် ပါဝင် ယှဉ်ပြိုင်ကြမည်ဟု UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။ အဆိုပါ ကိုယ်စားလှယ်လောင်း ၁၅၀ ခန့် အနက် ဦးအေးလွင်၏ UMFNP ပါတီမှ ၅၀ ဦးခန့် ပါဝင်သည် ဟုလည်း သိရှိရသည်။

"မူဝါဒတွေ ကွဲပြား ခြားနားသည့် တိုင်အောင် ကျွန်တော်တို့ နိုင်ငံရေး မဟာမိတ် အဖွဲ့ကို လာရောက် ပူးပေါင်းကြဖို့ နိုင်ငံရေး ပါတီတိုင်းကို နွေးထွေးစွာ ကြိုဆိုပါတယ်။ အချင်းချင်း ယှဉ်ပြိုင်မှုကို ရှောင်ရှားဖို့ အတွက် ပါတီတွေ ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေကို ခွဲဝေ သတ်မှတ်ချင်ပါတယ်" ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

အလားတူပင် ဒီမိုကရေစီ ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၊ ရနိုင် အမျိုးသား တိုးတက်ရေးပါတီ (RNDP) နှင့် ရှမ်း အမျိုးသား ဒီမိုကရက်တစ် ပါတစ် (SNDP) တို့သည်လည်း နိုင်ငံရေး မဟာမိတ် ဖွဲ့ရန် ရည်ရွယ်ချက်ဖြင့် ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရှိရသည်။

အဆိုပါ ၅ ပါတီ ထိုသို့ တွေ့ဆုံ စည်းဝေးခဲ့ကြသော်လည်း ပါတီဝင် ၁၀၀၀ လိုအပ်ချက်ကို ပြည့်မီရေး အတွက် စည်းရုံးရန် ကြိုးစားနေရခြင်း၊ ကာလတို ၁၆ ရက် အတွင်း ကိုယ်စားလှယ်လောင်း စာရင်း တင်ပြရန် ပြင်ဆင်နေရခြင်း တို့ကြောင့် နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေး နိုင်ခဲ့ကြခြင်း မရှိဟု UDP ပါတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးဌေး၏ ပြောကြားမှု အရ သိရှိရသည်။

အကယ်၍ နိုင်ငံရေး ပါတီများ အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ အတွက် မဲဆန္ဒနယ် ခွဲဝေ သတ်မှတ်ရန် မဟာမိတ် ဖွဲ့စည်းနိုင်ခြင်း မရှိပါက လက်ရှိ စစ်ဖက် အစိုးရ၏ ကြိုးကိုင် ပါတီ USDP ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကသာလျှင် အသာစီး ရရှိသွားလိမ့်မည်ဟု ရန်ကုန်မှ စစ်မှုထမ်းဟောင်း စာနယ်ဇင်းသမား တစ်ဦးက မှတ်ချက် ပေးသည်။

"တကယ်လို့ မဲဆန္ဒနယ် တစ်ခုထဲမှာ ဒီမိုကရေစီ ပါတီ တစ်ခုထက် ပိုပြီး ဝင်ပြိုင်မယ်ဆိုရင် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အသာစီး ရသွားမှာပါ။ ဥပမာ အနေနဲ့ ပြောရရင် ဒီမိုကရေစီ ပါတီနှင့် NDF ပါတီက မဲဆန္ဒနယ် တစ်ခုထဲမှာ ဝင်ပြိုင်မယ်ဆိုရင် ဒီမိုကရေစီ ဘက်တော်သားတွေ ပေးမယ့် ဆန္ဒမဲတွေက နှစ်စု ကွဲသွားပါလိမ့်မယ်။ ဒါဆိုရင် ကြံ့ခိုင်ရေး ပါတီက အလွယ်တကူ နိုင်သွားမှာပါ။ တကယ်လို့ မဲဆန္ဒနယ် တစ်ခုတိုင်းမှာ ဒီမိုကရေစီ ပါတီ တစ်ခုစီ ဝင်ပြိုင်ကြမယ် ဆိုရင်တော့ အောင်ပွဲခံနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိနေပါတယ်" ဟု ၎င်းက စိတ်ရှည်လက်ရှည် ရှင်းလင်း ပြောကြားသည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက မဲဆန္ဒနယ် တစ်ခုထဲတွင် အချင်းချင်း မပြိုင်မိအောင် ရှောင်ရှားရန် အတွက် ၎င်း၏ ပါတီသည် အခြား ဒီမိုကရေစီ ပါတီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး UDP ပါတီ ဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် NDF ပါတီက ဝင်ပြိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

"တကယ်လို့ ဒီမိုကရေစီ ပါတီတွေ အနေနဲ့ မဲဆန္ဒနယ် တစ်ခုထဲမှာ ထိပ်တိုက်  တွေ့နေမယ်ဆိုရင် ပါတီတွေ သာမက ပြည်သူတွေပါ နစ်နာပါတယ်။ ဒါ့ကြောင့် မဲဆန္ဒနယ် ခွဲဝေ သတ်မှတ်ဖို့ အတွက် ဒီမိုကရေစီ ပါတီတွေ အချင်းချင်း စေ့စပ် ညှိနှိုင်း ကြရပါမယ်။" ဟု ၎င်းက ဆက်လက် ပြောသည်။

ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်သော ပါတီ ၄၇ ခု အနက် ၄၂ ခုကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ခွင့်ပြုခဲ့ပြီး ၎င်းတို့အနက်မှ ၂၆ ပါတီမှာ ပါတီဝင် စာရင်းများ တင်ပြထားပြီ ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်ထုတ် အစိုးရပိုင် သတင်းစာ New Light of Myanmar တွင် ဖော်ပြထားချက်အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အရပ်သား အသွင်ဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ရေး အတွက် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများ ရာထူးမှ နုတ်ထွက်လိုက်ကြောင်း စစ်အစိုးရ အာဏာပိုင်များက ပြောကြားသည်။

မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး ရွှေမန်းလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ဝင်ရောက်နိုင်ရန် အစိုးရ အဖွဲ့ရာထူးနှင့် စစ်ဘက် ရာထူးတို့မှ နုတ်ထွက်ခဲ့သည်။ ထို့အတူ အတွင်းရေးမှူး-၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ရာထူးမှ နုတ်ထွက်ပြီး USDP ပါတီသို့ ဝင်ရောက်ခဲ့သည်ဟု စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်း ရပ်ကွက်များက ဆိုသည်။

"ရွေးကောက်ပွဲ ပြီးသွားရင် သူရရွှေမန်း သမ္မတ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်" ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်း အသိုင်းအဝိုင်းက DPA သတင်းဌာနသို့ ပြောဆိုသည်။

အခြားသော ဒုတိယ ဗိုလ်ချုပ်ကြီး ၁၀ ဦးလည်း ရာထူးမှ အလားတူ နုတ်ထွက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု ပြု၊ မပြု ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ယခုကဲ့သို့ ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများ ရာထူးမှ နုတ်ထွက်ခြင်းသည် နှစ်ပေါင်း ၂၀ ကြာမျှ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ပိတ်ဆို့ခဲ့သည့် စစ်အစိုးရ အဖွဲ့အတွင်း အကြီးမားဆုံး ပြောင်းလဲမှု တစ်ရပ် ဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။ ယခု ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ အင်အားစုများ အနိုင် မရရှိအောင် စစ်အစိုးရက အကွက်ကျကျ ပြင်ဆင်ထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ နောက်ပိုင်း ထွက်ပေါ်လာမည့် လွှတ်တော်တွင် စစ်အစိုးရ ကျောထောက် နောက်ခံမှု ရယူထားသည့် ပါတီများ နေရာ ရရှိအောင် ပြုလုပ်ပြီး စစ်အာဏာရှင် စနစ် သက်တမ်း ရှည်ကြာအောင် ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။

USDP ပါတီက လွှတ်တော်ကြီး သုံးရပ်အတွက် အမတ်လောင်း ၁၁၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အတိုက်အခံ ပါတီများ ဘက်မှ အမတ်လောင်း ၅၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု သိရသည်။

ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများ အနေဖြင့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်း မှတ်ပုံတင်ရမည် ဖြစ်ရာ အမတ်လောင်းများ မှတ်ပုံတင်ကြေး ငွေကျပ် ငါးသိန်း ရှာဖွေရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်သူများ မှတ်ပုံ တင်နိုင်ရန် ရက်သတ္တပတ်လုံး ရုံးခွဲများ ဖွင့်လှစ်ပေးထားကြောင်း ထုတ်ပြန် ကြေညာထားသည်။ သို့ရာတွင် ကော်မရှင်က မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ထားသည့် အချိန်ကာလမှာ အလွန် တိုတောင်းပေရာ အမတ်လောင်းများ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း (ဒေါ်လာ ၅၀၀) ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

နိုင်ငံသား တစ်ဦးချင်းစီ ဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ အောက်တွင် ရှိသော နိုင်ငံ တစ်ခုအတွက် မှတ်ပုံတင်ကြေး ငါးသိန်း ဟူသည်မှာ လွန်စွာ များပြားကြောင်း နိုင်ငံရေးပါတီ အများစုက မကျေမနပ် ပြောဆိုလျက် ရှိသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည်ဟု မျှော်လင့်ရသော ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသော နိုင်ငံရေး ပါတီပေါင်း ၄၀ ခန့် ရှိသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောက်ခံသော မြန်မာ ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးရန် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ် မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ မျှတမှု မရှိသောကြောင့်ဟု ဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 27th August 2010

ဟောင်ကောင် တိုးရစ်စ်များ လိုက်ပါလာသော ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့သည့် သေနတ်သမား၏ ခေါင်းတလား ပေါ်တွင် ဖိလစ်ပိုင် အလံ လွှမ်းထားခြင်းကို ရုပ်သံ ထုတ်လွှင့်မှုတွင် တွေ့မြင်ခဲ့ပြီးနောက် အလွန်ပင် တုန်လှုပ်မိကြောင်း တရုတ် အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

"ဈာပနမှာ နိုင်ငံတော် အလံနဲ့ ထိုက်တန်သူဟာ သူရဲကောင်း ပီသသူ၊ လေးစားထိုက်သူ၊ ဂုဏ်သိက္ခာ ကြီးမားသူသာ ဖြစ်သင့်ပါတယ်။ အပြစ်မဲ့ အသက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့သူ အတွက် မဖြစ်သင့်ပါဘူး" ဟု မနီလာမှ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်သည်။

"ဘာမှ မဟုတ်ပေမဲ့ ဖိလစ်ပိုင် နိုင်ငံတော် အလံရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေပါတယ်" ဟု တရုတ် သံရုံးက ပြောကြားခဲ့သည်။ တာဝန်မှ ထုတ်ပယ်ခံရသော ရဲတပ်ဖွဲ့ဝင်​ ရိုလန်ဒို မင်ဒိုဇာက ၎င်းအပေါ် မတရား စွပ်စွဲမှုများကို ရှင်းလင်းရန်နှင့် အလုပ်ပြန်ရရန် အတွက် ကြိုးစားရာတွင် ဟောင်ကောင် တိုးရစ်စ်များ လိုက်ပါလာသော ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့ရာမှ ပြဿနာများ ရှုပ်ထွေးခဲ့ရခြင်း ဖြစ်သည်။

ဓားစာခံများအား ပြန်ပေးဆွဲမှုကို ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ စိတ်ဆိုး ဒေါသ ထွက်ရကြောင်း တရုတ် အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ပြီး ယခု အလံ ကိစ္စကြောင့် တင်းမာမှုများ ပိုဆိုးသွားသည့် လက္ခဏာ ရှိသည်။

ဖိလစ်ပိုင်ရှိ တရုတ် သံရုံးက အဆိုပါ ရက်စက်သော ရာဇဝတ်မှုကို ပြစ်တင် ရှုတ်ချလိုက်ပြီး အထက်ပါ အခံရခက်သော ကိစ္စ အတွက် ပြင်းပြင်းထန်ထန် ဒေါသထွက်ကြောင်း ဖော်ပြလိုသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မနီလာ တောင်ဖက် ၂ နာရီ ခရီးဝေးသော တန်နောင်းမြို့ရှိ မင်ဒိုဇာ၏ နေအိမ်တွင် ၎င်း၏ အလောင်းကို ပြင်ဆင်ရာ၌ ၎င်း၏ ခေါင်းပေါ်သို့ ဖိလစ်ပိုင် အလံကို လွှမ်းအုပ်ထားခဲ့ခြင်း ဖြစ်သည်။ တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ပြီးနောက် အဆိုပါ အလံကို ဖယ်ရှားရန် ဖိလစ်ပိုင် အစိုးရက အမြန်ဆုံး လှုပ်ရှားခဲ့သည်။ ၎င်း၏ မိသားစုက အလံကို လွှမ်းထားခဲ့ခြင်း ဖြစ်ပုံ ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ မင်ဒိုဇာ၏ ဈာပနကို စနေနေ့တွင် ပြုလုပ်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကျန်းမာရေး ညံ့ဖျင်းနေသည်ဟု ယူဆရသော မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ နိုင်ငံတော် သမ္မတ ဖြစ်လာနိုင်ရေးအတွက် စစ်ဘက်ရာထူးမှ အနားယူလိုက်ပြီ ဖြစ်ကြောင်း အစိုးရ အတိုက်အခံ မီဒီယာများ၏ သတင်း ပေးပို့ချက်အရ သိရသည်။

၁၉၉၂ ခုနှစ်မှ စတင်၍ အရှေ့တောင် အာရှ ဒေသ၏ အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံအပေါ် ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများဖြင့် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ ရာထူးအား ယုံကြည် စိတ်ချရသော ဗိုလ်ချုပ်ကြီး တစ်ဦးကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု သတင်း ပေးပို့ချက်များက ဆိုသည်။

မည်သို့ပင်ဆိုစေ The Telegraph သတင်းစာ အဆိုအရ အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာအစိုးရ၏ အကြီးအကဲအဖြစ် ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။

အခြားသော စီနီယာ ဗိုလ်ချုပ်ကြီးများလည်း တပ်ရာထူးမှ အလားတူ အငြိမ်းစား ယူလိုက်ကြကြောင်း၊ လာမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ယင်းသို့ အငြိမ်းစား ယူခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလို စစ်ဘက်ရာထူးမှ အငြိမ်းစား ယူခြင်းသည် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်း စစ်တပ်နှင့် အစိုးရအဖွဲ့တွင် ၎င်း၏ အာဏာ ဆက်လက် တည်တံ့ ခိုင်မြဲရေးအတွက် ဖြစ်သည်ဟု မြန်မာ ပြည်သူများက ရှုမြင်ကြသည်။

"ဗိုလ်ချုပ်မှူးကြီးက သမ္မတ ဖြစ်ချင်လို့ အခုလို တပ်ရာထူးကနေ အငြိမ်းစား ယူတာပါ" ဟု မြန်မာနိုင်ငံ တွင်းမှ သတင်းရင်းမြစ် တစ်ခုက The Guardian သတင်းစာသို့ ပြောကြားသည်။

မြန်မာ စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အပြီးသတ် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရပ်ဘက် ပြည်သူသာ သမ္မတ ဖြစ်ခွင့် ရှိသည်။ သို့သော် သမ္မတနှင့် ဒုတိယ သမ္မတ ဖြစ်လာမည့် သူမှာ စစ်မှုထမ်းဖူးသူ ဖြစ်ရမည်ဟု အခြေခံ ဥပဒေက ဆိုပြန်သည်။

ပြီးခဲ့သည့် ဧပြီလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စီနီယာ စစ်ဘက် အရာရှိကြီးများ တပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု ဦးသိန်းစိန်) သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဦးဆောင်ရန် အငြိမ်းစား ယူခဲ့ခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများ ကော်မရှင်သို့ သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်ပြနိုင်ရေးအတွက် မှတ်ပုံတင်ကြေးငွေ ရှာဖွေရန် အချိန် အလုံအလောက် မရရှိသောကြောင့် နိုင်ငံရေး ပါတီများက မြန်မာစစ်အစိုးရကို မကျေမနပ် ဖြစ်လျက် ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများ မှတ်ပုံတင်နိုင်ရန် ရက်သတ္တပတ်လုံး ရုံးခွဲများ ဖွင့်လှစ်ပေးထားကြောင်း ထုတ်ပြန် ကြေညာထားသည်။ သို့ရာတွင် ကော်မရှင်က မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ထားသည့် အချိန်ကာလမှာ အလွန် တိုတောင်းပေရာ အမတ်လောင်းများ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း (ဒေါ်လာ ၅၀၀) ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

"မှတ်ပုံတင်ကြေး ငါးသိန်း မရှိတဲ့ အမတ်လောင်း တစ်ယောက် အနေနဲ့ မှတ်ပုံတင်ဖို့ နှစ်ရက်လောက် ထပ်တိုးပေးရင်တောင် ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး" ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာနိုင်ငံ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောကြားသည်။

အချို့သော အမတ်လောင်းများက ၎င်းတို့ ပိုင်ဆိုင်သည့် မော်တော်ကားများ၊ သို့မဟုတ် အခြား ပစ္စည်းများ ထုခွဲ ရောင်းချပြီး မှတ်ပုံတင်ကြေး ငါးသိန်း ရရှိနိုင်ရေး အတွက် စဉ်းစားလျက် ရှိသော်လည်း အချိန် အနည်းငယ်သာ ကျန်တော့ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အတွင်းရေးမှူး ဦးစိုးဝင်းက အဆိုပါ မှတ်ပုံတင်ကြေးသည် ပါတီသစ်များနှင့် ပါတီငယ်လေးများအတွက် အခက်အခဲ တစ်ခု ဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။

နိုင်ငံသား တစ်ဦးချင်းစီ ဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ အောက်တွင် ရှိသော နိုင်ငံ တစ်ခုအတွက် မှတ်ပုံတင်ကြေး ငါးသိန်း ဟူသည်မှာ လွန်စွာ များပြားကြောင်း နိုင်ငံရေးပါတီ အများစုက မကျေမနပ် ပြောဆိုလျက် ရှိသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည်ဟု မျှော်လင့်ရသော ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသော နိုင်ငံရေး ပါတီပေါင်း ၄၀ ခန့် ရှိသည်။

ပေါ်ပေါက်လာမည့် လွှတ်တော် သုံးရပ်အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ရယူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း ၁၁၀၀ ကျော်ရှိသည်။ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောက်ခံသော မြန်မာ ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးရန် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ်မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ မျှတမှု မရှိသောကြောင့်ဟု ဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ (တစ်နည်းအားဖြင့် ပြစ်ဒဏ် ကျခံနေရသူ) အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိသလို အဆိုပါ ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသော နိုင်ငံရေး ပါတီများ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ၎င်းတို့အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က နောက်ဆုံး ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက NLD အား အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ပေါင်း ၁၄ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th August 2010

လတ်တလော မြန်မာ့ရေးရာ သတင်းလောကကို လှုပ်ခတ်သွားစေခဲ့သော မြန်မာ့တပ်မတော် စစ်ဖက်ရာထူး အပြောင်းအလဲများတွင် ပါဝင်သည့် စစ်ဋ္ဌာနချုပ် တိုင်းမှူးများမှာ အထူးစစ်ဆင်ရေး အဖွဲ့မှူး ရာထူးများနှင့် စစ်ရုံးရှိ အခြားရာထူးများကို ရရှိသွားကြသည်ဟု သိရှိရသည်။

အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်အား အမှတ်(၁) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ်လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းအား အမှတ်(၂) အထူး စစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးအား အမှတ် (၃) အထူးစစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဦးအား အမှတ်(၄) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ် လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်ငွေအား အမှတ်(၅) အထူးစစ်ဆင်ရေး အဖွဲ့မှူး အဖြစ်လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်းအား အမှတ် (၆) အထူး စစ်ဆင်ရေး အဖွဲ့မှူးအဖြစ် လည်းကောင်း အသီးသီး ရာထူး တိုးမြှင့် ခန့်ထားခဲ့သည်ဟု သိရှိရသည်။

သောကြာနေ့တွင် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရုံးမှ ထုတ်ပြန်သော အမိန့်စာတွင် ပါဝင်သော အခြား တိုင်းမှူးများမှာ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ အနောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ ကမ်းရိုးတန်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်တို့ ဖြစ်သည်။

တပ်မတော်အတွက် မဟာဗျူဟာမြောက် အရေးပါသည့် ဧရာဝတီတိုင်းမှ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး နေရာကို အမှတ် (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းက ရရှိသည်ဟု သတင်းများအရ သိရှိရသည်။

အမှတ် (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် စိုးထွဋ်က တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ အမှတ် (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် သိန်းဝင်းက ကမ်းရိုးတန်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ အမှတ် (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် ထွန်းသန်းက ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ် မောင်မောင်လေးက နေပြည်တော်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး အဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ် ရဲအောင်က အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး အဖြစ် လည်းကောင်း ရာထူး တိုးမြှင့် ရရှိကြသည်ဟု သတင်းများအရ သိရှိရသည်။

အကြာသေးမီက စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြသည့် အစိုးရအဖွဲ့ ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနပိုင် အိမ်များမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပြီး လတ်တလော အနားယူခဲ့ကြသည့် အထူးစစ်ဆင်ရေး အဖွဲ့မှူးများဖြင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းမည် မျှော်လင့်ရကြောင်း နေပြည်တော်မှ စစ်ဖက် အရာရှိများက ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.