Transparency Myanmar

transparency.myanmar@gmail.com

ပြည်တွင်း စစ်ရေးပဋိပက္ခများ တင်းမာလာမှုကြောင့် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ၏ တပ်မမှူးအား ဖမ်းဆီးရန် မြန်မာ စစ်ဘက် အရာရှိများက ကရင်ပြည်နယ်ရှိ တပ်ဖွဲ့များကို ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း စုံစမ်း သိရှိရသည်။

DKBA တပ်ဖွဲ့၊ တပ်မဟာ-၅ နှင့် ပတ်သက်သော နယ်နိမိတ်များအတွင်း အရပ်သားများ သွားလာမှုကိုလည်း မြန်မာစစ်တပ်က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။ အဆိုပါ DKBA တပ်မဟာ-၅ သည် စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော နယ်စပ် ဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကို ဆက်လက် ငြင်းပယ်နေဆဲ ဖြစ်ပြီး တပ်မမှူးမှာ Saw La Bwe (Na Kham Mwe ဟုလည်း ခေါ်သူ) ဖြစ်သည်။

အဆိုပါ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အကြား တင်းမာမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိကြောင်း၊ မကြာသေးခင် ရက်သတ္တပတ် အတွင်း ပစ်ခတ်မှုများ၊ ရွာမီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒုက္ခသည်ပေါင်း မြောက်မြားစွာ ထိုင်းနယ်စပ် ဒေသသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

DVB သတင်းဌာနက လက်ခံ ရရှိသော ထောက်လှမ်းရေး သတင်း တစ်ရပ်အရ DKBA တပ်မဟာ-၅ နှင့် နီးကပ်စွာ တပ်စွဲထားသော မြန်မာစစ်တပ်မှ တပ်ဖွဲ့များထံသို့ အရှေ့တောင်ပိုင်း ဒေသ စစ်ဌာနချုပ်မှ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။ DKBA တပ်မဟာ-၅ မှ တပ်မမှူး Saw La Bwe အား ဖမ်းဆီးရန် ရှေ့တန်း ကွပ်ကဲရေးဌာန အမှတ်-၈ သို့ မြန်မာစစ်တပ်၏ အမိန့်ပေးစာ ရောက်ရှိသွားပြီ ဖြစ်သည်ဟု သတင်းအရ သိရသည်။

သို့သော် တပ်မမှူး Saw La Bwe သည် KNU (ကရင် အမျိုးသား ယူနီယံ) တပ်မဟာ-၆ နှင့် နီးစပ်သော နယ်မြေသို့ ထွက်ပြေး ပုန်းရှောင်သွားပြီ ဖြစ်သည်ဟု အမှတ်-၈ ရှေ့တန်း ကွပ်ကဲရေး ဌာနက အကြောင်းပြန်ခဲ့ကြောင်း ထောက်လှမ်းရေး သတင်းက ဆိုသည်။ KNU အဖွဲ့ အထွေထွေ အတွင်းရေးမှူး Zipporah Sein က DKBA တပ်မမှူး Saw La Bwe မည်သည့် နေရာတွင် ရှိသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ တရားဝင် သတင်း မရရှိသေးကြောင်း ပြောဆိုသည်။

"ကောလာဟလ တွေတော့ ထွက်နေတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က စပြီး KNU နယ်မြေထဲမှာ Saw La Bwe ပုန်းခိုနေတယ် ဆိုတာမျိုး ကြားရတယ်။ ဒါပေမဲ့ သူဘယ်မှာ ရှိနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး" ဟု ၎င်းက ဆိုသည်။

DKBA သည် KNU မှ ခွဲထွက်လာသည့် အချိန်ကတည်းက မြန်မာ စစ်တပ်နှင့် ပူးပေါင်းပြီး KNU ကို တိုက်ခိုက်လာခဲ့သော အဖွဲ့ ဖြစ်သည်။ လတ်တလော ကာလများတွင် DKBA တပ်ဖွဲ့ဝင် အတော်များများ ၎င်းတို့၏ မူလတပ်ဖွဲ့ ဖြစ်သော KNU သို့ ပြန်လည် ပူးပေါင်း ဝင်ရောက်သွားကြသည် ဟူသော သတင်း ပေးပို့ချက်များလည်း ထွက်ပေါ်လျက် ရှိသည်။

"တကယ်လို့ Saw La Bwe သာ မြန်မာစစ်တပ်ကို တိုက်မယ်ဆိုရင် ကျွန်တော်တို့ KNU အနေနဲ့ သူ့ကို ပြန်လက်ခံမှာပါ။ မူးယစ်ဆေးဝါး ကိစ္စတွေကို သူ မပတ်သက် သေးသရွေ့ပေါ့" ဟု Zipporah Sein က ပြောသည်။ DKBA သည် မီသာအဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြား ကုန်ကူးမှု အပါအဝင် တရားမဝင် ကုန်သွယ်မှုများ၊ စီးပွားရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျက် ရှိသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

မြန်မာစစ်တပ်၏ ရှေ့တန်း စစ်မဟာဗျူဟာ ညွှန်ကြားမှု ဌာနကလည်း ကရင်ပြည်နယ်နှင့် နီးစပ်သော ဘုရားသုံးဆူ မြို့နယ်ဒေသ အခြေစိုက် တပ်ဖွဲ့များ အနေဖြင့် အရပ်သားများ သွားလာ လှုပ်ရှားမှုကို တင်းတင်းကြပ်ကြပ် စောင့်ကြည့် လေ့လာရန် အမိန့် ထုတ်ပြန်ထားသည်။ အရပ်သားများ အနေဖြင့် ညဘက် အပြင်ထွက်ရာတွင် လွယ်သည့် အိတ်များ သယ်ဆောင် သွားလာခြင်း မပြုရန်၊ ညဘက်တွင် မြို့ထဲသို့ ဝင်ခြင်း သို့မဟုတ် မြို့ပြင် ထွက်ခြင်း အစရှိသည်တို့ မပြုလုပ်ရန်လည်း အမိန့် ထုတ်ပြန်ထားသည်။ အဘယ်ကြောင့် ယင်းသို့ အမိန့် ထုတ်ပြန်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဗုံးထောင်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု ထင်ကြေးပေး ပြောဆိုလျက် ရှိသည်။

DKBA တပ်မဟာ-၅ နှင့် မွန်ပြည်သစ် ပါတီမှ အဖွဲ့ဝင်များ အကြား ဆက်သွယ်မှုများ မပြုလုပ်နိုင်ရေးအတွက် ပိတ်ဆို့ ဟန့်တားမှုများ လုပ်ရန်လည်း မြန်မာ စစ်အာဏာပိုင်များက သက်ဆိုင်ရာ စစ်ဘက် တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူများကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရန်ပါ ညွှန်ကြားထားသည်ဟု ဆိုသည်။

DKBA  တပ်မမှူး Saw La Bwe သည် နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရန် အကြိမ်ကြိမ် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ DKBA တပ်မဟာ ၅ မှ အရာရှိကြီးများ အဆိုအရ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည့် အစီအစဉ်ကို ဆန့်ကျင်သည့် အုပ်စုများအား မြန်မာစစ်တပ်က အင်အားသုံး နှိမ်နင်းမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment