Transparency Myanmar

transparency.myanmar@gmail.com

ရန်သူ ပတ်လည် အဝိုင်းခံထားရသကဲ့သို့ ဖြစ်နေသည့် မြန်မာ အတိုက်အခံ နိုင်ငံရေး အင်အားစုအပေါ် ယခင် လေဘာ အစိုးရထက် အကူအညီ အထောက်အပံ့များ ပိုမို ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်သစ် David Cameron က သြဂုတ်လ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် David Cameron ၏ အဆိုပါ မှာကြားချက်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Heyn မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီပါတီ (NLD) သို့ သြဂုတ်လ ၄ ရက်နေ့တွင် ပန်ကြားလိုက်ကြောင်း သိရသည်။ ထိုနေ့တွင်ပင် မြန်မာနိုင်ငံအပေါ် ခိုင်မာပြီး ထိရောက်မှု ရှိသော နိုင်ငံတကာ ဖိအားပေးမှုများနှင့် အရေးယူ ဆောင်ရွက်ချက်များ ထွက်ပေါ်လာရေးအတွက် ဗြိတိန်အစိုးရက ဦးစီး ဦးဆောင် လုပ်ကိုင်ပေးရန် နိုင်ငံရေး လှုပ်ရှားသူအုပ်စုများက အဆိုပြု ရေးသားထားသည့် စာအစောင် ၁၆၀၀ ခန့်ကို ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ) သို့ ပေးပို့လိုက်သည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းနှင့် စီနီယာ အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့် ဦးဝင်းတင်နှင့် ဦးဉာဏ်ဝင်း တို့သည် ဗြိတိန် သံအမတ်ကြီး Andrew Heyn နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ပြောကြားသည်။

"မြန်မာပြည်တွင်းက ဒီမိုကရေစီ အင်အားစုတွေ လှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့ ကိစ္စကို ဗြိတိန် အစိုးရက သဘောတူထောက်ခံပြီး အတိုက်အခံတွေရဲ့ လုပ်ဆောင်ချက်တွေ  အားလုံးကို ကျောထောက်နောက်ခံ ပေးသွားမယ် ဆိုတဲ့ ဗြိတိန် ဝန်ကြီးချုပ်ရဲ့ မှာကြားချက်ကို ပြောပါတယ်" ဟု ဦးတင်ဦးက ဆိုသည်။

"Andrew က ဗြိတိန်အစိုးရ အဖွဲ့သစ်ဟာ အရင် လေဘာ အစိုးရထက် အထောက်အပံ့တွေ ပိုလုပ်ပေးသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောသွားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ယခင် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက ရာထူးသက်တမ်း မကုန်ခင် ရက်ပိုင်းများအတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသည့် အကြောင်း စာတစ်စောင် ရေးသား ပေးပို့ခဲ့မှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာ စစ်အစိုးရအပေါ် ဗြိတိန်အစိုးရ၏ ပြစ်တင် ဝေဖန်မှု၊ ဖိအာားပေးမှုများမှာ တစ်သတ်မတ်တည်း မဟုတ်ဘဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သည်ကို တွေ့ရသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ကျောထောက်နောက်ခံ ပေးဖို့ ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာပါ။ ကျွန်တော့်အတွက် ဒေါ်စုကြည်ဟာ ရဲစွမ်းသတ္တိ တစ်ခုပါပဲ၊ ခင်ဗျား လွတ်မြောက်ဖို့နဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အတွက် ကျွန်တော် တိုက်ပွဲဝင်သွားမှာပါ" ဟု ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံသို့ လက်ရေးဖြင့် စာတစ်စောင် ရေးသား ပေးပို့ခဲ့ဖူးသည်။

ဗြိတိန်သည် အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒ ကျင့်သုံးသည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများက အနောက် နိုင်ငံများသည် အခြား ဦးစားပေးရမည့် အရေးကိစ္စများကို အာရုံစိုက်လျက် ရှိရာ မြန်မာ့အရေးသည် ၎င်းတို့အတွက် လွန်စွာ အရေးမကြီးသည့် အနေအထားတွင် ရှိသည်ဟု သုံးသပ်ကြသည်။

လန်ဒန် အခြေစိုက် Burma Campaign UK(BCUK) က ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံ ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၄ ရက်နေ့တွင် ဗြိတိန် အစိုးရထံသို့ စာအစောင် ၁၆၅၇ စောင် ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံကို လက်နက် ရောင်းချမှုများ ကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ပင်ရေး၊ နိုင်ငံတွင်း လူ့ကျင့်ဝတ် ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ အစရှိသည်တို့ကို ကုလသမဂ္ဂ ဦးဆောင်၍ စုံစမ်း စစ်ဆေးရေး၊ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစု အုပ်စုများနှင့် စစ်မှန်သော ဒိုင်ယာလော့ခ် ပြုလုပ်အောင် တွန်းအားပေးရေး အစရှိသည် တို့ကို အဆိုပါ စာများတွင် ရေးသား တောင်းဆိုထားသည်။

"မြန်မာ့အရေးကို ဦးစားပေးကိစ္စ တစ်ခုအဖြစ် ရှုမြင်တယ် ဆိုတဲ့ အချက်ကို ဗြိတိန်ဝန်ကြီးချုပ် David Cameron က ထုတ်ဖော် ပြသလိုက်ပြီး ဖြစ်ပါတယ်" ဟု BCUK မှ Campaign Officer ဒေါ်မေရီလှက ဆိုသည်။

"BCUK အနေဖြင့် လက်တွေ့ကျသော အဆင့်သို့ ရောက်ရှိရေးအတွက် ထောက်ပံ့မှုများ ရရှိအောင် ဦးစီး ဆောင်ရွက်သွားမည် ဖြစ်သည်။ လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဗြိတိန် ဝန်ကြီးချုပ် တက်ရောက်သည့်အခါ ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ အစရှိသည်တို့ကို စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ဖိအားပေး ပြောခွင့်ရမည် ဖြစ်သည်" ဟု BCUK က ကြေညာချက် စာတစ်စောင် ထုတ်ပြန်သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment