Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားဘက်က စစ်ရေး သတိပေးချက်များ မည်သို့ပင် ရှိစေသော်ငြား တောင်ကိုရီးယား နိုင်ငံတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဧရာမ စစ်ရေး လေ့ကျင့်မှုများကို စတင်ပြုလုပ်ပြီ ဖြစ်ကြောင်း စစ်ဘက် အရာရှိများက သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

ငါးရက်တာ ပြုလုပ်မည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် စစ်သည် အင်အား ၄၅၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်မှုကို တောင်-မြောက် နှစ်နိုင်ငံ ရေကြောင်း နယ်နမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပင်လယ်ဝါ (Yellow Sea) အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်၏ သတင်း ထုတ်ပြန်ချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

တောင်ကိုရီးယားသည် ယခုအခါ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် အကြီးအကျယ် မကျေမနပ် ဖြစ်လျက် ရှိပြီး စစ်အင်အား တောင့်တင်း ခိုင်မာမှုကို အစွမ်းကုန် ထုတ်ပြလျက် ရှိသည်။ ပြီးခဲ့သည့် မတ်လအတွင်း ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့ရမှုမှာ မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲ ပြောဆိုထားသည်။ သို့သော် မြောက်ကိုရီးယား ကွန်မြူနစ် တိုင်းပြည်က ယင်းကိစ္စ မဟုတ်မမှန်ကြောင်း တုံ့ပြန် ပြောဆိုပြီး တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုများသည် ရန်ပြုလိုမှု တစ်ခု ဖြစ်သည်ဟု ဖော်ပြသည်။

ပင်လယ်ဝါ အတွင်းသို့ ချိုနန်စစ်သင်္ဘော နစ်မြုပ်သွားမှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများ အပြီး နောက်ဆုံး ပြုလုပ်မည့် လေ့ကျင့်မှုများတွင် စစ်သင်္ဘော ၂၉ စီးနှင့် လေယာဉ် အစင်း ၅၀ ပါဝင်မည် ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေး လေ့ကျင့်မည့် သင်္ဘောများသည် အနောက်ဘက် ကမ်းခြေဒေသရှိ အငြင်းပွားစရာ နယ်နိမိတ်နှင့် လွတ်ကင်းစွာ သွားလာမည် ဖြစ်သည်ဟု ဆိုထားသည်။ သို့သော် အဆိုပါ နယ်စပ်ဒေသနှင့် ကပ်လျက် ရှိသော ကျွန်းများပေါ်တွင် အခြေစိုက်သည့် မရိန်းတပ်ဖွဲ့များက အမှန်တကယ် ပစ်ခတ်မှုများ ပြုလုပ်ကာ စစ်ရေး လေ့ကျင့်ကြမည် ဖြစ်သည်။

ယခု စစ်ရေး လေ့ကျင့်မှုများသည် နိုင်ငံ ကာကွယ်ရေး လုပ်ဆောင်ချက်မျိုးသာ ဖြစ်သည်ဟု စစ်ဘက် အရာရှိများက ဆိုသည်။ "ဒီစစ်ရေး လေ့ကျင့်မှုတွေရဲ့ အဓိက ဖိုးကပ်စ်ကတော့ ရန်သူတွေရဲ့ အချိုးမပြေတဲ့ ရန်ပြုမှုတွေအပေါ် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုနဲ့ စစ်ရေး ပူးတွဲ လုပ်ဆောင်မှုတွေ အားကောင်းလာဖို့ပါပဲ" ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က Yonhap သတင်းဌာနသို့ ပြောဆိုသည်။

"ရန်သူတွေရဲ့ ဘယ်လို ရန်စမှုမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ သည်းညည်း ခံတော့မှာ မဟုတ်ဘူး။ ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ခွင့် ရအောင် လုပ်ပေးပါတယ်" ဟု ၎င်းက ဆိုသည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုများသည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ၏ မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ကို ချိုးဖောက်လိုသည့် ဦးတည်ချက်ဖြင့် ပြုလုပ်သော တိုက်ရိုက် စစ်ရေးကျူးကျော်မှု ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရ အရာရှိကြီးများ၏ ပြောဆိုချက်ကို ကိုးကား၍ ယင်းနိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

သစ္စာဖောက် အုပ်စုများက ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ လက်တုံ့ပြန်မှုဖြင့် ပြုလုပ်သော ရေတပ်စစ်ရေး လေ့ကျင့်မှုများနှင့် ပစ်ခတ်မှုများကို တန်ပြန် တိုက်စစ်ဆင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကြီးများက ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ဖြစ်သည် ဟု မြောက်ကိုရီးယားက ကြေညာချက် ထုတ်ပြန်သည်။

AP  သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment