Transparency Myanmar

transparency.myanmar@gmail.com

Human Rights Watch, 11th August 2010

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ မြန်မာနိုင်ငံ အပေါ် ၎င်း၏ လူသားချင်း မစာနာသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့သင့်ကြောင်း လူသိရှင်ကြား ထောက်ခံသင့်သည်ဟု Human Rights Watch က အီးယူ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ ယနေ့ စာရေးသား ပေးပို့ခဲ့သည်။

အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် မူကြမ်းတွင် စုံစမ်းရေး ကော်မရှင်ကိုပါ ထည့်သွင်းရန် Human Rights Watch က အီးယူသို့ တိုက်တွန်းခဲ့သည်။ ထိုသို့သော တောင်းဆိုမှုမျိုးကို ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ၎င်း၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ဖူးရာ၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေ ချိုးဖောက်သော ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

"အထွေညီလာခံ ဆုံးဖြတ်ချက်မှာ နှစ်စဉ် လုပ်နေကြအတိုင်း မြန်မာနိုင်ငံ အပေါ် ရှုတ်ချ ကန့်ကွက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ကျူးလွန်မှုတွေ အတွက် တန်ဖိုးကြီးကြီး ပေးဆပ်နိုင်ဖို့ သူတို့ကို စပြီး စုံစမ်း စစ်ဆေးရပါမယ်" ဟု Human Rights Watch မှ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောသည်။

Quintana ၏ တောင်းဆိုမှုအား ထောက်ခံသည့် အနေဖြင့် ဥရောပ ပါလီမန်သည် မေလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် တစ်ခု အတည်ပြုခဲ့ရာ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်နှင့် အဖွဲ့ဝင် နိုင်ငံများအား မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုအား လူသိရှင်ကြား ထောက်ခံရန်နှင့် အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ထိုတောင်းဆိုမှုအား ထည့်သွင်းရန် ဖော်ပြခဲ့သည်။

အချို့ အီးယူ အဖွဲ့ဝင် နိုင်ငံများနှင့် သြစတြေးလျ အစိုးရတို့သည် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ကော်မရှင် အတွက် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ကြေညာခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လက နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ၏ ရောမ ဥပဒေကို ပြန်လည် သုံးသပ်သည့် ကွန်ဖရင့်တွင် Kampala ကြေညာချက် ထုတ်ပြန်ခဲ့ရာ ICC အဖွဲ့ဝင် ၁၁၁ နိုင်ငံက နိုင်ငံတကာက စိုးရိမ် ပူပန်ရသော ရာဇဝတ်မှုကြီးများကို ကျူးလွန်နေသော အာဏာရှင်များ၏ တရား ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်စေရမည်ဟု ထပ်မံ ကတိပြုခဲ့ကြသည်။ အီးယူနိုင်ငံ အားလုံးသည် ICC အဖွဲ့ဝင်များလည်း ဖြစ်ကြရာ၊ ၎င်းတို့ အနေဖြင့် အထက်ပါ ကတိကဝတ်ကို မြန်မာနိုင်ငံက ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ထူထောင်ရေးကို ရှေ့တန်းမှ တွန်းအားပေးခြင်းဖြင့် ပြကြရန် လိုသည်ဟု Human Rights Watch က ပြောသည်။

ကုလသမဂ္ဂ အထူး ယန္တရားဖြစ်သော Human Right Watch နှင့် အခြား အဖွဲ့များသည် မြန်မာနိုင်ငံတွင် စနစ်တကျ၊  ကျယ်ကျယ်ပြန့်ပြန့်၊ စိုးရိမ်ဖွယ် ကျူးလွန်မှုများ အတွက် အထောက်အထား နှင့်တကွ လူသိရှင်ကြား သတင်းထုတ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တစ်ခုတည်းကပင် ၁၉၉၂ ကတည်းက မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် ၁၉ ခု ချခဲ့ပြီး ဖြစ်သည်။

Human Rights Watch ကလည်း ယနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော အမေးအဖြေကို ယနေ့ ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု အတွက် တာဝန်ရှိမှုနှင့် ပတ်သက်သော ကိစ္စအမျိုးမျိုးကို ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ လုပ်သမျှဟာ လူ့အခွင့်အရေး ချိုးဖောက်သူများ အဖြစ် ပိုမို ထင်ရှား လာစေပါတယ်။ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံက ချိုးဖောက်သူများကို တရားဥပဒေ ရှေ့မှောက်ပို့ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်များ ရပ်သွားစေဖို့ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်" ဟု Roth က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment