Transparency Myanmar

transparency.myanmar@gmail.com

Mizzama News, 11th August 2010

မြန်မာ စစ်တပ်၏ ကွပ်ကဲမှု အောက်တွင် ထားရှိမည့် မြန်မာနိုင်ငံ ရှေ့ပိုင်းရှိ အထူး နယ်စပ် တပ်ဖွဲ့သို့ ပူးပေါင်းရန် တောင်းဆို ခံနေရသော အစိုးရ မဟာမိတ် DKBA တပ်ဖွဲ့မှ အရာရှိများနှင့် စစ်သားများသည် အစိုးရ ကမ်းလှမ်းမှုကို ငြင်းပယ်ထားသော တပ်မဟာသို့ အလုံးအရင်းလိုက် လာရောက် ပူးပေါင်းလျက် ရှိသည်ဟု ကရင်သတင်း ရပ်ကွက်မှ သိရှိရသည်။

နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးအား ညွှန်ကြားသည့် အစိုးရ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ဗိုလ်မှူးကြီး စောလှဖွေး၏ တပ်မဟာ ၅ သို့ လာရောက် ပူးပေါင်းနေကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းစိုးက စောလှဖွေးအား နယ်ခြားစောင့်တပ်သို့ ယနေ့ အသွင်ပြောင်း ပူးပေါင်းရန် ရာဇသံ ပေးထားသည်ဟု ကရင်သတင်းဌာနက မနေ့က ပြောကြားခဲ့သည်။

သို့သော်လည်း DKBA ၉၉၉ တပ်မမှ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၉ ဦး၊ တပ်မဟာ ၅ ကလိုတူးပေါ်၏ မဟာဗျူဟာ ကွပ်ကဲရေး ဌာနသို့ လာရောက် ပူးပေါင်းခဲ့ခြင်းကြောင့် နယ်ခြားစောင့်တပ် အစီအစဉ် အပေါ် ဆန့်ကျင်မှုများ ကြီးထွားလာခဲ့သည်။ ၎င်းတို့တွင် ဒုံးပစ်လောင်ချာများ၊ M 79 လောင်ချာများ၊ M-16 နှင့် AK 47 ရိုင်ဖယ် သေနတ်များ ၂၀ ကျော် ပါလာသည်ဟု DKBA အရာရှိက ပြောကြားသည်။

တစ်ချိန်တည်းတွင် DKBA တပ်ထောက် တပ်ကြပ်ကြီး စောဖလိုး ကလည်း သီးခြား အဖွဲ့ကို ဦးဆောင်ကာ တပ်မဟာ ၅ သို့ ယနေ့ လာရောက် ပူးပေါင်းသည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"သူတို့ မိသားစုတွေလည်း ပါလာကြပါတယ်။ သူတို့ရဲ့ အရင် ရာထူးအဆင့် ပြန်ပေးမယ်လို့ ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ လုံခြုံရေး အတွက် ကျွန်တော်တို့ ကြိုတင် စီစဉ်ထားပြီးသားပါ" ဟု တပ်မဟာ ၅ မှ ဒီကေဘီအေ အရာရှိက ဆိုသည်။

နိုင်ငံတဝှမ်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ မြန်မာ အစိုးရက DKBA တပ်ဖွဲ့ကို မြန်မာနိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်နှင့် ပေးခဲ့ပြီး အခွန်ကောက်ယူခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများ ပေးခဲ့သည်။

အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အဆိုပြုချက်ကို DKBA ထိပ်ပိုင်း အရာရှိများက လက်ခံခဲ့သော်လည်း လက်နက် ဖြုတ်သိမ်းမည်ကို စိုးရိမ်သော အဖွဲ့များက အဆိုပြုချက်ကို ပယ်ချရန် ကြိုးစားခဲ့ကြပြီး ဗိုလ်မှူးကြီး စောလှဖွေးသည်လည်း အဆိုပြုချက်ကို ပြတ်သားစွာ ပယ်ချခဲ့သူ ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ကြားသိရသော သတင်းတစ်ခု အရ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး ရဲမြင့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆွဲဆောင် စည်းရုံးရန် အတွက် ထိုင်းနယ်စပ် မြဝတီသို့ ထွက်ခွာလာစဉ် KNU တပ်ဖွဲ့၏ ခြုံခို တိုက်ခိုက်မှုကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

ကရင် အုပ်စု တစ်ခု ဖြစ်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့က နယ်ခြားစောင့်တပ်သို့ တနင်္လာနေ့တွင် လည်းကောင်း၊ DKBA တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လည်းကောင်း တရားဝင် အခမ်းအနားဖြင့် ပူးပေါင်းကြရန် နေပြည်တော်က စီစဉ်ထားခြင်း ဖြစ်သည်။

အစိုးရ၏ အစီအစဉ်ကို လက်ခံခြင်းထက် တောထဲသို့ ပြန်ဝင်ရန် DKBA တပ်ဖွဲ့ဝင်များက လိုလားကြသည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ စစ်တပ်နှင့် DKBA တပ်ဖွဲ့အကြား တင်းမာမှုများ လအတန်ကြာ ကြီးထွားခဲ့သည်။

DKBA တပ်ရင်းများသည် ၁၉၉၄ တွင် KNU မှ ခွဲထွက် ခဲ့ပြီးနောက် ယခုအခါ ပြန်လည် ပူးပေါင်းရန် အတွက် ဆက်သွယ်ရန် ကြိုးစားနေကြသည်ဟု ဘားအံခရိုင် KNU ဥက္ကဌ ဖဒိုစောမော်အေးက မဉ္ဇိမ သတင်းဌာနသို့ ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ကရင်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံမှာပါ။ တချို့လည်း ကျွန်တော်တို့ဆီ ဆက်သွယ် လာကြပါတယ်။ KNU မှာ တာဝန် ထမ်းမယ် ဆိုရင်လည်း လက်ခံမှာပါ။ KNU နဲ့ အလုပ် မလုပ်ချင်ဘူး ဆိုရင်တောင် သူတို့ မိသားစုတွေနဲ့ အတူ ဘေးကင်းတဲ့ နေရာမှာ နေထိုင်နိုင်အောင် စီစဉ် ပေးမှာပါ" ဟု ဖဒိုစောမော်အေးက ပြောကြားသည်။

နယ်ခြားစောင့်တပ်သို့ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သော တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ တပ်ရင်းမှူး လိုက်သိမ့်က "KNU နဲ့ သွားပေါင်းကြတဲ့ တပ်ဖွဲ့ဝင်တွေကတော့ သူတို့ ကြမ္မာ သူတို့ သတ်မှတ်တာပါ။ တကယ်လို့ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ကျွန်တော်တို့ မကယ်နိုင်ပါဘူး။ သူတို့လမ်းကို သူတို့ ရွေးတာပါ" ဟု ပြောကြားသည်။

၁၉၉၄ ခုနှစ်က KNU ခရစ်ယာန် ခေါင်းဆောင်ပိုင်းသည် ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်များ အပေါ် ခွဲခြား ဆက်ဆံသည် ဟူသော အကြောင်းပြချက်ဖြင့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်သော အဖွဲ့ဝင်များက KNU မှ ခွဲထွက်ကာ DKBA ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် DKBA က အစိုးရနှင့် အပစ်ရပ် သဘော တူညီချက် လက်မှတ်ထိုးခဲ့သည်။

DKBA တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၇၀၀၀ ကျော် ရှိမည်ဟု စစ်ရေး ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment