Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား နိုင်ငံဖွား အသက် ၁၃ နှစ်အရွယ် အမေရိကန် နိုင်ငံသား ကလေး တစ်ဦးက လာမည့် ရက်သတ္တပတ် (သြဂုတ်လ တတိယပတ်) အတွင်း မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ချက် တစ်ရပ် လုပ်ကိုင်မည် ဖြစ်ကြောင်း Associated Press သတင်းဌာနက ရေးသား ဖော်ပြသည်။ အဆိုပါ ကလေးငယ်၏ အမည်မှာ ဂျော်နသန်လီ ဖြစ်ပြီး ၎င်းသည် စစ်မက် မဖြစ်ပွားရေးဇုန်အတွင်း "ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တော" တစ်ခု ထူထောင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်နှင့် တွေဆုံကောင်း တွေဆုံမည် ဖြစ်သည်ဟု ဆိုသည်။

ဂျော်နသန်လီသည် အမေရိကန် ပြည်ထောင်စု၊ မစ္စစပီပြည်နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း၊ သူသည် မိဘများနှင့်အတူ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှ မြောက်ကိုရီးယား နိုင်ငံ မြို့တော်ပြုံယမ်းသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏ မိသားစုဝင်များက AP သတင်းဌာနသို့ပြောဆိုသည်။ ဘေဂျင်းမြို့ အခြေစိုက် မြောက်ကိုရီးယား အရာရှိကြီးများက ဂျော်နသန်လီတို့ မိသားစုကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ဂျော်နသန်လီက ၎င်းအနေဖြင့် အဆိုပါ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ စစ်မက် မဖြစ်ပွားရေးဇုန်၌ ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တောတစ်ခု ဖန်တီးရန် အဆိုပြုမည် ဖြစ်သည်ဟု ဆိုသည်။

"သစ်သီးဝလံပင်တွေ၊ သစ်အယ်ပင်တွေ စိုက်လို့ ရမယ့် နေရာမျိုးမှာ ငြိမ်းချမ်းရေး တောအုပ်တစ်ခု ထူထောင်ခွင့် ပေးဖို့ တောင်းဆိုပါမယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် နေရာမျိုးပေါ့" ဟု ဂျော်နသန်လီက ပြောသည်။

အဆိုပါ စစ်မက် မဖြစ်ပွားရေးဇုန်သည် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကို ရာစုနှစ်ဝက်ကျော်မျှ ပိုင်းခြားထားသည့် နေရာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစောင့်အကြပ်များ အထူထပ်ဆုံး တင်းကြပ်စွာ ချထားသည့် နယ်မြေလည်း ဖြစ်သည်။ တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော တပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် ရှိနေပြီး မြေမြှုပ်မိုင်းများလည်း ပြန့်ကျဲနေကာ သံစူးကြိုးကြီးများလည်း ခတ်ထားသည်။

"အခုကိစ္စက ရူးကြောင်ကြောင် နိုင်တဲ့အလုပ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဂျော်နသန်က 'သားတို့ မြောက်ကိုရီးယားကို သွားဖို့ လိုတယ်' လို့ ပြောတော့ ကျွန်မအမျိုးသားကို ကြည့်ပြီး 'ဘာလဲဟဲ့' ဆိုပြီး ပြောလိုက်မိတယ်။ ပြောရရင် ဂျော်နသန်ပြောတဲ့ ကိစ္စဟာ ဆန်းသစ်တဲ့ အိုင်ဒီယာ တစ်ခု ဖြစ်ပါတယ်" ဟု ဂျော်နသန်လီ၏ မိခင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန် ဆက်ဆံရေး မရှိပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နျူကလီယာ လက်နက် အစီအစဉ်များ လုပ်ဆောင်နေခြင်းကြောင့် မြောက်ကိုရီးယားအပေါ် တင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်လျက် ရှိသည်။ မြောက်ကိုရီးယားကလည်း တစ်နှစ်အတွင်း လောက်မှာပင် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သူ အမေရိကန်နိုင်ငံသား လေးဦးကို ဖမ်းဆီး အရေးယူခဲ့သည်။
တစ်ဦးမှာမူ ယနေ့အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်သော နိုင်ငံခြားသားများ အနေဖြင့် တရားမဝင် ဘာသာရေး လုပ်ကိုင် ဆောင်ရွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှု၊ ခွင့်ပြုချက် မပါဘဲ ခရီးသွားလာမှု၊ ဒေသခံပြည်သူများနှင့် အပေါင်းအသင်း ပြုလုပ်မှု အစရှိသည် တို့ဖြင့် ဖမ်ဆီးခံရနိုင်သည် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရနိုင်သည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်တာနက် ဝက်ဘ်ဆိုက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ယခု ဂျော်နသန်လီတို့ မိသားစု၏ မြောက်ကိုရီးယား ခရီးစဉ်သည် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့ပြီး အဆိုပါ ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မကြာသေးခင်က ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုရီးယားကမူ သင်္ဘောနစ်သည့် ကိစ္စ မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့သည်။

ဂျော်နသန်လီ၏ မိသားစု အဆိုအရ ၎င်းတို့သည် ယခုနှစ် နွေရာသီတွင် မြောက်ကိုရီးယားသို့ အထူး ကိုယ်စားလှယ် အဖွဲ့အဖြစ် သွားရောက် လည်ပတ်ခွင့် ပြုရန် နယူးယောက် အခြေစိုက် မြောက်ကိုရီးယား ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးထံသို့ လျှောက်ထားခဲ့ရာမှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျော်နသန်လီတို့ မိသားစုခရီးစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ သုံးသပ်ချက် ရရှိရန်မှာ မလွယ်ကူပေ။ မြောက်ကိုရီးယားသည် အစိုးရသဘောထား ကြေညာချက်များကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ပုံမှန် ထုတ်ပြန်လေ့ ရှိသည်။

"ခရီးစဉ် လုံခြုံချောမွေ့မယ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ မြောက်ကိုရီးယားက ကွန်မြူနစ် နိုင်ငံလေ" ဟု ဂျော်နသန်က ပြောကြားသည်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီ အဆိုအရ ဂျော်နသန်လီသည် လွန်ခဲ့သည့် သုံးနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်တွင် သစ်အယ်ပင်များ စိုက်ပျိုးရန် အကြံပြုခဲ့ကြောင်း၊ ထို့နောက် ၂ နှစ်အကြာ (ပြီးခဲ့သည့်နှစ်) တွင် ကျန်းမာရေး ညံ့ဖျင်းနေပြီ ဖြစ်သော ကင်ဒေးဂျုံကို ထပ်မံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျော်နသန်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီးထံသို့ ရေးသားသော စာတွင် ၎င်းအနေဖြင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး သူ၏ "နေခြည်ဖြာသော ပေါ်လစီ" (မြောက်နှင့်တောင် ကိုရီးယား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီ) နှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

"မစ္စတာ ကင်ဒေးဂျုံက သူနောက်တစ်ခေါက် မြောက်ကိုရီးယားကို အလည်အပတ် သွားရင် ကျွန်တော့်ကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ သူ (ကင်ဒေးဂျုံ) မနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်ကို ကျွန်တော် အကောင်အထည် ဖော်ချင်ပါတယ်" ဟု စာထဲတွင် ရေးသားထားသည်။

ဂျော်နသန်လီ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်မည့် အိုင်ဒီယာကြောင့် ဖခင်ဖြစ်သူ ကေယောင်လီမှာ လွန်စွာ ထိတ်လန့်သွားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာ ကေယောင်လီသည် တောင်ကိုရီးယား နိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၊ ရစ်ဒ်ခ်ျလန်းမြို့တွင် နေထိုင်လျက် ရှိသည်။

"ကျွန်တော် အရွယ် ရောက်လာတော့ အမြဲတမ်း စဉ်းစားမိတာ တစ်ခု ရှိတယ်။ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ဘယ်တော့မှ မပတ်သက်ဘူး၊ စကားလည်း မပြောဘူးလို့ တွေးခဲ့တယ်။ အခု ကျွန်တော့်သားက မြောက်ကိုရီးယား နိုင်ငံထဲကို သွားရောက် လည်ပတ်ချင်တယ် ဆိုတော့ ကျွန်တော် တော်တော့်ကို ရှော့ဖြစ်သွားခဲ့ရပါတယ်" ဟု မစ္စတာ ကေယောင်လီက ပြောပြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment