Transparency Myanmar

transparency.myanmar@gmail.com

Nation, 17th August 2010

အာဆီယံ၏ စီးပွားရေး ဝန်ကြီးများသည် ၂၀၁၅ တွင် တစ်ခုတည်းသော စီးပွားရေး ဈေးကွက် ထူထောင်ရေး အတွက် ပြင်ဆင်ရာတွင် ကုန်သွယ်ရေး မူဝါဒများနှင့် အညီ ဖြစ်စေရန်၊ ကုန်သွယ်ဖက်များ ဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျား၊ နယူးဇီလန် နိုင်ငံများနှင့် လက်မှတ်ထိုးခဲ့သော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ FTAs အကောင်အထည် ဖော်နေမှုကို အကဲဖြတ်ကြမည် ဖြစ်သည်။

လာမည့် အပတ် ဒါနန်းတွင် ပြုလုပ်မည့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးသည် အာဆီယံ အဖွဲ့ဝင်များ ၂၀၁၀ အတွက် ချမှတ်ထားသော ရည်မှန်းချက်များ ပြီးမြောက်ရေး အတွက် အလွန် အရေးပါလိမ့်မည်ဟု ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး ငုယင်ကမ်တူက ပြောကြားခဲ့သည်။

ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ချောမွေ့ လွယ်ကူစေရန် အတွက် တစ်ခုတည်းသော စီးပွားရေး ဈေးကွက်ကို ၂၀၁၅ နောက်ဆုံးထား၍ ထူထောင်သွားရန် အာဆီယံ အဖွဲ့က ရည်မှန်း ထားသည်။

အာဆီယံကို သန်စွမ်းသော၊ နာလံထူ နိုင်စွမ်းရှိသော ဒေသဆိုင်ရာ အဖွဲ့တစ်ခု အဖြစ် ထူထောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး တည်ဆောက်ပုံကို ပြိုင်ဆိုင်မှု ပုံစံမှ အပြန်အလှန် အကျိုးပြုမှု ပုံစံသို့ ပြောင်းလဲပစ်ရန် အာဆီယံ စီးပွားရေး ကော်မတီက ရည်မှန်းချက် ထားရှိသည်။

သြဂုတ်လ ၂၂ ရက်မှ ၂၇ ရက် အထိ ပြုလုပ်မည့် အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ စီးပွားရေး ဝန်ကြီးများ စုဝေးကြမည် ဖြစ်ပြီး တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျား၊ နယူးဇီလန်၊ အိန္ဒိယ၊ ဥရောပ သမဂ္ဂ၊ ရုရှား စသော ဆွေးနွေးဖက် ၈ နိုင်ငံမှ ဝန်ကြီးများအပြင် စီးပွားရေး လောက ခေါင်းဆောင်များ၊ သုတေသန ပညာရှင် အဖွဲ့များလည်း တက်ရောက်ကြမည် ဖြစ်သည်။

ယခုနှစ် အာဆီယံ အစည်းအဝေးများ အတွက် အိမ်ရှင် တာဝန် ယူထားသော ဗီယက်နမ် နိုင်ငံမှ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဗူဟွိုင်ဟောင်က ဒါနန်း AEM အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

"အင်အားပြည့်၊ အဆက်မပြတ် ကြီးထွားမှု အတွက် အသိုင်းအဝိုင်း တစ်ခု ဖြစ်သည့် AEC" ဟူသော ခေါင်းစဉ် အောက်တွင် စီးပွားရေး၊ ကြီးထွားမှုနှင့် ဟန်ချက်ညီမှု၊ တည်ငြိမ်မှု၊ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ရည်ရွယ်သည့် အာဆီယံ၏ ကတိကဝတ်များကို အာဆီယံ စီးပွားရေး ဝန်ကြီးများက အတည်ပြုကြမည် ဖြစ်သည်။ ယခု ခေါင်းစဉ်သည် ၂၀၁၀ အာဆီယံ ခေါင်းစဉ် ဖြစ်သော "အာဆီယံ အသိုင်းအဝိုင်း ဆီသို့ ဦးတည်သော အမြင်မှသည် လက်တွေ့သို့" ခေါင်းစဉ်နှင့် လည်းကောင်း၊ ဧပြီလ ဟနွိုင်း အာဆီယံ ထိပ်သီး ညီလာခံတွင် အာဆီယံ ခေါင်းဆောင်များ ထုတ်ပြန်ခဲ့သော အဆက်မပြတ် နလံထူ ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက်များ နှင့်လည်းကောင်း လိုက်ဖက်မှု ရှိသည်။

၂၀၁၅ တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရန် ရည်ရွယ်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို အားပေး မြှင့်တင်ရန် သီးသန့် ကိစ္စရပ်များကို ဆွေးနွေးကြမည့် အာဆီယံ စီးပွားရေး ခေါင်းဆောင်များ အတွက် ယခု စီးပွားရေး ဝန်ကြီးများ အစည်းအဝေးက အခွင့်အလမ်းကောင်း ဖြည့်ဆည်း ပေးမည်ဟု ငုယင်ကမ်တူက ဆိုသည်။

ယခု အစည်းအဝေးတွင် အာဆီယံ အပါအဝင် ဆွေးနွေးဖက် နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများက လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် အကောင်အထည် ဖော်မှုကို အကဲဖြတ်ခြင်း၊ ကုန်သွယ်ရေး သဘောတူညီချက် အသစ်များ စေ့စပ် ဆွေးနွေးမှု အရှိန်မြင့်ရန် ကိစ္စများ ဆွေးနွေးခြင်း၊ အာဆီယံနှင့် ကုန်သွယ်ဖက်များ အကြား လာမည့်နှစ်များ အတွင်း အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးကို သတ်မှတ်ခြင်း စသည်တို့ကို ပြုလုပ်ကြမည်ဟု ငုယင်ကမ်တူက ကြေညာချက်တွင် ပြောကြားသည်။

၂၀၁၀ အာဆီယံ အစည်းအဝေးများ၏ အိမ်ရှင် အဖြစ် ဗီယက်နမ်က ဒေသတွင်း မူဝါဒ ချမှတ်ခြင်း လုပ်ငန်းစဉ် အတွင်း စီးပွားရေးဆိုင်ရာ ဒိုင်ယာလော့များ တိုးချဲ့ရေး ကဲ့သို့သော ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ် အချို့ကို အဆိုပြုခဲ့သည်ဟု သိရှိရသည်။ အာဆီယံ အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ အကြား ကွာဟမှု ကျဉ်းမြောင်းစေရန် အတွက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများမှ စီးပွားရေး ဝန်ကြီးများနှင့် ပထမ အကြိမ် တိုင်ပင် ညှိနှိုင်းမှုကို ပြုလုပ်ရန် ကိစ္စကိုလည်း ဗီယက်နမ်က အဆိုပြုခဲ့သည်။

ချမ်းသာသော ဥရောပ ဈေးကွက်များသို့ အာဆီယံ ထုတ်ကုန်များ ပိုမို တင်ပို့ရန် ရည်ရွယ်၍ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသော အဖွဲ့ဝင်များသည် ဥရောပ သမဂ္ဂနှင့် အပြန်အလှန် FTA သဘော တူညီချက်များကို စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

နိုင်ငံတွင်း ရက်စက်သော လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ပြုလုပ်နေသော မြန်မာ စစ်ဖက် အစိုးရကြောင့် ရိုင်းစိုင်းသော အာဆီယံ နိုင်ငံ အဖြစ် အီးယူက သတ်မှတ်ထားသော မြန်မာနိုင်ငံ အရေးကိစ္စများ အပါအဝင် မူဝါဒ ကွဲလွဲမှုများကို ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်း မရှိသောကြောင့် ၂၀၀၇ က စတင်ခဲ့သော Comprehensive FTA အတွက် စေ့စပ် ညှိနှိုင်းမှုများကိုမူ အီးယူနှင့် အာဆီယံတို့ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ထို့အပြင် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ အတွက် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် စေ့စပ် ညှိနှိုင်းမှုများတွင်လည်း အာဆီယံ အဖွဲ့ဝင်များ ပါဝင် ပတ်သက်နေသည်။

ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ အိုမန်၊ ကာရိန်း ကူဝိတ်တို့ အဖွဲ့ဝင် အဖြစ် ပါဝင်သော ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အောက်ရှိ ချမ်းသာသော အာရပ်နိုင်ငံများနှင့် အလားအလာ ရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်များကို လေ့လာ စူးစမ်းရန် လေ့လာရေးအဖွဲ့ တစ်ခုကို အာဆီယံ အဖွဲ့က တာဝန် ပေးထားသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment